ဘဝဆိုတဲ့ဇာတ်ဆရာ

ဘဝဆိုတဲ့ဇာတ်ဆရာ
“ဘ၀ဇာတ်ဆရာ အလိုကျ ငိုပြရတဲ့ ကျွန်မဘ၀ပါရှင်” ဆိုတဲ့ သီချင်းလိုပါပဲ။ မင်းသမီးးဟာ ဇာတ်ဆရာရဲ့အလိုကျအောင် ကပြကြရပါတယ်။ အခုခေတ်ဆိုရင်တော့ ဒါရိုက်တာပေါ့။
ဇာတ်ဆရာ(သို့)ဒါရိုက်တာက ငိုပြရမယ်ဆိုရင် ငိုကြရတယ်။ ရီပြရမယ်ဆိုရင် ရီကြရတယ်။ လွမ်းပြရမယ်ဆိုရင် လွမ်းကြရပါတယ်။
ထို့အတူပါပဲ ဘ၀သံသရာအတွင်း ကျင်လည်နေကြတဲ့ သုံးဆယ့်တစ်ဘုံ သားများဟာ ဘ၀သံသရာမှာ ကံစီမှန်ရာ၊ ကံရဲ့အလိုကျ ကပြနေကြရ ပါတယ်။
လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတွေဟာ
မိမိပြုထားတဲ့အတိုင်း ကံစီမံရာကို တိတိကျကျ ခံယူနေကြရပါတယ်။
မကောင်းတဲ့ ကံရဲ့ အစီအမံကို ခံရပြီဆိုရင် တရားရုံးမှာလို အယူခံဝင်လို့လည်း ရတဲ့အရာမျိုးမဟုတ်ပါ။ ပြုခဲ့တဲ့မကောင်းကံရဲ့အကျိုးဆက်ကို တိကျပြတ်သားစွာ ခံယူကြရပါတယ်။
ဒါပေမယ့်လို့ လူအများဟာ မကောင်းတဲ့ကံကို ပြုတုန်းက ပြုခဲ့ကြပြီး၊ ခံယူကြရတဲ့အခါမှာကျတော့ ဘယ်အချိန်မှာ အကျိုးခံစားရမလဲဆိုတာကို ဘယ်သူမှ သိအောင်

မကြိုးစားကြဘဲ မသိချင်ယောင်ဆောင်နေတတ်ကြပါတယ်။ ဒါဟာ လူ့သဘာဝပါပဲ။
ဒါပေမယ့် ကောင်းတာလေးလုပ်မိပြီဆိုရင်တော့
ဖြစ်နိုင်ရင် အခုပဲ သူဌေးဖြစ်ချင်တယ် ဆိုတဲ့သူချည်းပါပဲ။
ဒါနဲ့စပ်လို့ ကံရဲ့အကျိုးပေးရာကာလကို ဘုရားရှင်က….
(၁) မျက်မှောက်ခံစားရတဲ့အကျိုးကံ။
(၂) ဒုတိယဘ၀မှာ ခံစားရတဲ့အကျိုးကံ။
(၃) တတိယဘ၀မှ နိဗ္ဗာန်ရတဲ့အထိတိုင် ဘ၀များစွာမှာ ခံစားရတဲ့ အကျိုးကံ။
(၄)လုံးဝအကျိုးမပေးတော့တဲ့ကံ ဆိုပြီး လေးမျိုးဟောပါတယ်။
(၁) ပြုလိုက်တဲ့ကံဟာ ဇော ခုနှစ်ချက်ရှိတဲ့အနက်က ပထမဇောက ထက်သန်တယ်ဆိုရင် အခုမျက်မှောက်ဘ၀မှာပဲ ထင်ထင်ရှားရှား အကျိုးပေးပါတယ်။မျက်မှောက်ဘ၀ အကျိုးပေးတဲ့နေရာမှာ နှစ်မျိုးရှိတယ်။
ပထမတစ်မျိုးက ရင့်ကျက်တဲ့ကံ ဖြစ်တယ်။ ထိုကံကြောင့် ခုနှစ်ရက်အတွင်း အကျိုးပေးတတ် ပါတယ်။
ဒုတိယတစ်မျိုးက (၇)ရက်အတွင်းမှာအကျိုးမပေးပေမယ့် အခုမျက်မှောက်ဘ၀မှာ မသေခင်တော့ သူကအကျိုးပေးပါလိမ့်မယ်။
ပထမရင့်ကျက်တဲ့ကုသိုလ်ကံအကျိုးပေးတဲ့အနေနဲ့ပြောရရင် မဟာဒုတ်ဆိုတဲ့အမျိုးကောင်းသားဟာ ကဿပဘုရားရှင်က ဆွမ်းလှူခဲ့တဲ့ အတွက်ကြောင့် ချက်ခြင်း စီးပွားတိုးတက်ပြီး သူဌေးဖြစ်ခဲ့ပါတယ်။
မောင်ပုဏတို့ ဇနီးမောင်နှံဟာ အရှင်သာရိပုတ္တရာကို ဒန်ပူနဲ့ ဆွမ်းတို့ကို လှူဒါန်းရတဲ့ အတွက် နေ့ခြင်း သူဌေးကြီးဘ၀ ရောက်ခဲ့ရတယ်။
ကာက၀ဠိယဇနီးမောင်နှံဟာလဲ အရှင်မဟာကဿပကို ဆွမ်းလှူရတဲ့အတွက် ချက်ခြင်း သူဌေး ဖြစ်ခဲ့ရတယ်။
ဒါ့အပြင် မကောင်းတာတွေပြုပြီး မျက်မှောက်ဘ၀မှာပဲ ခံရတဲ့သူများလဲရှိပါသေးတယ်။ ရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်ကို ပြစ်မှားမိတဲ့အတွက် ဒီဘ၀မှာပဲ မြေမျိုခံရပါတယ်။
နန္ဒလုလင်ဟာ ဥပ္ပလ၀ဏ်ထေရီမကို မတရားပြုကျင့်တဲ့အတွက် ဒီဘ၀မှာပဲ မြေမျိုခံရပါတယ်။
နန္ဒ ဆိုတဲ့နွားသတ်သမား ဟာ နွားလျှာကို ဖြတ်ပီး ကင်စားတဲ့အတွက် စားတုန်းခဏမှာ သူ့ရဲ့လျှာလဲ ပြုတ်ကျခဲ့ရတယ်။
မကြာသေးခင်က အင်တာနက်ပေါ်က youtube မှာ သတင်းတစ်ခု ကြည့်လိုက်ရတယ်။ သတင်းဆိုတာထက် ဗီဒီယိုဖိုင်လေး တစ်ဖိုင် ကြည့်လိုက်ရတာပါ။ ထိုဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ပြီး ဗီဒီယိုရိုက်ထားတယ်လို့ဆိုပါတယ်။
ကြည့်လိုက်ရတာလေးကို တင်ပြရရင် ရွာတစ်ရွာမှာ အသက်ကြီးတဲ့လင်မယားနှစ်ယောက်ရှိတယ်။ သူတို့မှာ အရွယ်ရောက်နေတဲ့ သမီးလေးတစ်ယောက်လဲရှိတယ်။
သမီးဖြစ်သူဟာ မိန်းခလေးဆိုပေမယ့် ကြမ်းတမ်းတယ်။ ကြမ်းတမ်းသလောက် အပြောအဆိုလဲ ကြမ်းတယ်။ တစ်နေ့ အမေဖြစ်သူမှာ ကိုယ်ဝန်ရလာပါတယ်။ ကိုယ်ဝန်ရင့်မာနေတဲ့အမေဟာ ကိစ္စတစ်ခုကို မနိုင်မနင်းဖြစ်နေတဲ့အတွက် သမီးဖြစ်သူကို ခိုင်းပါတယ်။
ဒါကို သမီးဖြစ်သူက
“အသက်ကြီးမှ ကမျင်းကြောထတာကိုး၊ မလုပ်ပေးနိုင်ဘူး” လို့ အမေကို မပြောသင့်တာတွေပြောကာ အမေခိုင်းတာ တွေကိုလဲ မလုပ်ပေးဘဲ နေပါတယ်။
သမီးဖြစ်သူက အမေကို အမြင်စောင်းနေပုံရတယ်။ နောက်တော့ အမေကို ပါးရိုက်တဲ့အထိ ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့ပါတယ်။
တစ်နေ့ အမေဖြစ်သူ ဗိုက်နာလို့
ရွာထဲကို လက်သယ်သွားခေါ်ပေးဖို့ အမေက ခိုင်းတယ်၊ အဲဒီမှာလဲ အမေကို မကြားဝံ့မနာသာစကားတွေ ပြောပြီး လက်သယ်ခေါ်ဖို့ ရွာထဲကို ထွက်လာခဲ့ပါတယ်။ လမ်းခုလတ်မှာ အဝေးက ခွေးနက်ကြီးတစ်သိုက် သူမဆီကို ပြေးလာနေကြတာကို တွေ့ရပါတယ်။
သူလဲ ကြောက်လန့်ပြီး လာရာလမ်းကို ပြန်ပြေးခဲ့ပါတယ်။ ပြေးရင်းနဲ့ တစ်နေရာအရောက် ခလုတ်တိုက်ပြီး မြေကြီးပေါ်လဲကျခဲ့ပါတယ်။ အဲဒီအခါ သူမရဲ့ခြေလက်တွေလဲ လုပ်လို့မရတော့ဘဲ တဖြည်းဖြည်းနဲ့ မြေကြီးထဲမြုပ်ဝင်သွားပါတော့တယ်။
သူမအနီးတစ်ဝိုက် မြေကြီးထဲက မီးတောက်မီးလျံတွေ ထွက်လာပြီး သူမခန္ဓာကိုယ်ကို လောင်ကျွမ်းခံခဲ့ရကာ နောက်ဆုံး မြေကြီးထဲ စုန်းစုန်းမြုပ်ကာ မြေမျိုခံခဲ့ရပါတယ်။ ဒါဟာ ယခုလက်ရှိမျက်မှောက်ဘ၀မှာ မကောင်းတဲ့ကံရဲ့အကျိုးကို ခံစားရတာပါ။
ပြီးတော့ မျက်မှောက်ဘ၀ မထင်မရှား မသိမသာအကျိုးပေးတာလဲရှိသေးတယ်။ အခုဘ၀မှာကုသိုလ်ကောင်းမှုပြုတဲ့အတွက် ဂုဏ်သတင်းထွက်ခြင်း၊ ဘုန်းကံကြီးမားခြင်း။ရောင်းလို့ဝယ်လို့ကောင်းခြင်းစတာတွေဟာ ကုသိုလ်နဲ့စပ်လို့ မျက်မှောက်ဘ၀မှာ မထင်မရှားမသိမသာ အကျိုးပေးပုံလေးပါ။
တစ်ခါ လက်ရှိဘ၀မှာ မကောင်းတာတွေ ပြုလုပ်မိတဲ့အတွက် မင်းပြစ်မင်းဒဏ်ခံရခြင်း၊ ဥစ္စာပစ္စည်းဆုတ်ယုတ်ခြင်းစတာတွေဟာ အကုသိုလ်နဲ့စပ်လို့ မျက်မှောက်ဘ၀ မထင်မရှားမသိမသာ အကျိုးပေးတာလေးတွေ ဖြစ်တယ်ဆိုတာ သိမှတ်ထားရပါမယ်။
(၂) ပြုလိုက်တဲ့ကံဟာ ဇော ခုနှစ်ချက်ထဲက နောက်ဆုံး ခုနှစ်ခုမြောက်ဇော ထက်သန်တယ်ဆိုရင် သေပြီး ဒုတိယဘ၀မှာ အကျိုးပေးပါတယ်။
ကုသိုလ်ကံအကျိုးပေး အနေနဲ့ပြောရရင် ဓမ္မပဒအဋ္ဌကထာ၊ ၀ိမာန၀တ္ထုစတာတွေမှာ လာတဲ့ မဋ္ဌကုဏ္ဍလီ ၊ ဆတ္တမာဏ၀ ၊လာဇာနတ်သမီးတို့ဟာ ဒုတိယဘ၀ နတ်ပြည်ရောက်ရပါတယ်။
မကောင်းတာနဲ့စပ်လို နန္ဒလုလင်၊ အဇာတသတ်တို့ဟာ မကောင်းကံကြောင့် ဒုတိယဘ၀မှာ မလွဲမသွေ ငရဲကျခံ ကြရပါတယ်။ ဒါ့ပြင် ပါဠိတော်များမှာ အလားတူအကြောင်းအရာများ အများကြီး ရှိပါသေးတယ်။

ရှိစေတော့…တစ်နေ့ ဇနီးမောင်နှံနှစ်ယောက် စာရေးသူထံ ရောက်လာပြီး၊ ယောင်္ကျားဖြစ်သူရဲ့ ၃၉-နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အတွက် ဆွမ်းလာ ကပ်ကြပါတယ်။
စာရေးသူက
“အခုခေတ်မှာလဲ အဖေအမေကို စော်ကား၊ ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက် ဒီဘ၀မှာပဲ မြေမျိုခံခဲ့ရတယ်”လို့ အင်တာနက်သတင်မှာပါလာတဲ့အကြောင်းအရာကို စကားစပ်မိလို့ ပြောပြပါတယ်။
အလှူ့ဒကာက “အရှင်ဘုရား…ကံတရားဟာ ကောင်းတာလုပ်သူဖို့ အဆင်ပြေစေပေမယ့် မကောင်းတာလုပ်သူအဖို့ ကြောက်စရာ အလွန်ကောင်းပါတယ်ဘုရား၊ တပည့်တော် သိတာလေး ပြောချင်ပါသေးတယ်။ အရှင်ဘုရားလဲ စာရေးပြီး စာဖတ်သူများအတွက် အသိတရား ရစေတာပေါ့ဘုရား” လို့ လျှောက်ထားလာတဲ့အတွက် ထိုဒကာပြောတဲ့ အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။
တစ်ခါတုန်းက မင်းဘူးနယ်ဘက်မှာ မိသားစုတစ်စု ရှိတယ်၊ တစ်နေ့တော့
ကလေးတစ်ဦး မွေးဖွားလာတယ်။ ကလေးက ယောင်္ကျားလေးပါ။ မွေးပြီးတဲ့နောက် ကလေးကို အနှီးပိုင်းလေး ပတ်ပေးလိုက်တဲ့အခါမှာ ကလေးဟာ ငိုတော့တာပဲ။
နောက်တော့ အနှီးမပတ်ပေးတော့ဘဲ ကိုယ်တုန်းလုံးပဲ သိပ်ခဲ့ရတယ်။ ဒီလိုနဲ့ ရက်ကိုလ၊ လကိုနှစ် အချိန်တွေ ကြာလာတာနဲ့အမျှ လူကြားထဲ အရှက်လုံအောင် အင်္ကျီ၊ဘောင်းဘီ လေးတွေ ၀ယ်ပြီး၊ ၀တ်ပေးပြန်တော့လဲ မ၀တ်ချင်ဘူးဆိုတဲ့ အမူအယာပြပြီး ငိုတော့တာပါပဲ။
စကားကောင်းကောင်း ပြောတတ်တဲ့ အရွယ်ရောက်လာတဲ့အခါ အဖေလုပ်သူက
“သားရယ်…အ၀တ်မ၀တ်ချင်တာ ဘာပြုလို့လဲ၊ အဖေတို့ အမေတို့လဲ ၀တ်တာပဲဥစ္စာ၊သားလေးလဲ ၀တ်ရမှာပေါ့၊ တကယ်လို့ မ၀တ်ရင် လူတောထဲကို ဘယ်လိုသွားမှာလဲ သား..”
ပြောတော့ သားဖြစ်သူက
“အဖေရယ်….သား အ၀တ်တွေ ၀တ်ချင်တာပေါ့၊ တခြားသူတွေ ၀တ်ကောင်းစားလှဝတ်လာရင် သားလဲ တအားဝတ်ချင်တာပါတယ်….၊ ဒါပေမယ့် အဖေရယ်…သားလေ.. ဒီအ၀တ်တွေကို ၀တ်လိုက်တာနဲ့ မီးစနဲ့အတို့ခံရသလို သားခန္ဓာကိုယ် ပူလောင်လွန်းလှ ပါတယ်” လို့ပြန်ပြောပါတယ်။
ဆက်လက်ပြီး
“အဖေ…..သားလေ ပီးခဲ့တဲ့အရင်ဘ၀က အကြောင်းတွေ တစ်ခါတစ်ခါ ပြန်သတိရပါတယ်၊ သား အရင်ဘ၀တုန်းက ယောင်္ကျားလေး ဖြစ်ခဲ့ပါတယ်။ လူငယ်တို့သဘာဝ လူပေါင်းမှားပီး မလုပ်သင့်တာ လုပ်ခဲ့မိပါတယ်။ တစ်နေ့ သုံးစရာ၊သောက်စရာ ပိုက်ဆံမရှိတာနဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းကိုသွားပြီး လုံးဝမ၀တ်ရသေးတဲ့ သင်္ကန်းတွေကို ခိုးယူပြီး ရောင်းခဲ့ပါတယ်။ ဒီသင်္ကန်းခိုးခဲ့တဲ့အတွက် အခုဒီဘ၀မှာ ခန္ဓာကိုယ်ပေါ် အ၀တ်မကပ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်အဖေ…” လို့ သားဖြစ်သူက မမျှော်လင့်တဲ့စကားများကို ပြောဆိုလာပါတယ်။
အရွယ်ရောက်လို့ လူပျိုအရွယ်ရောက်တဲ့အချိန်ကစပြီး ခန္ဓာကိုယ်ပေါ် အ၀တ်မ၀တ်နိုင်တာကြောင့် ထိုကလေးဟာ လူသူမနီးတဲ့ တောထဲမှာပဲ သွားနေပါတော့တယ်။
တကယ်လို့ ထမင်းစားချင်တယ်ဆိုရင်တော့ သူ့ရဲ့အမေအဖေအိမ်ကို လူတွေမသိအောင် တိတ်တဆိတ် ပြန်လာပြီး စားတတ်ပါတယ်။ စားပြီးတဲ့အခါ တောထဲပြန်သွားတာ့တာပါပဲ။ တကယ်တော့ ထိုကလေးဟာ တောထဲနေရတာပျော်လို့မဟုတ်ပါဘူး။
အချိန်ရှိသ၍ ကိုယ်တုန်း လုံးချည်း နေရတာဆိုတော့ အရွယ်ကြီးလာလေလေ ပိုပြီး ရှက်လာလေလေပါပဲ၊ ဒါနဲ့ ပတ်ဝန်းကျင်ကို ရင်မဆိုင်ချင်တာနဲ့ တောထဲမှာ ပဲ နေခဲ့ရရှာပါတယ်။ ဒါဟာ“ အရင်ဘ၀က ပြုခဲ့တဲ့မကောင်းမှုကံဟာ ဒုတိယဘ၀မှာ ခံစားရတာပဲ ”လို့ ယူဆရပါတယ်။
(၃) ဇောခုနှစ်ချက်အနက် အလယ်ဇောငါးချက်က ထက်သန်တယ်ဆိုရင် တတိယဘ၀ကနေ နိဗ္ဗာန်ရောက်တဲ့
ဘ၀တိုင်အောင် ကြားကာလ ဘ၀များစွာမှာ အကျိုးပေးပါတယ်။
ကုသိုလ်ကံအကျိုးပေးအနေနဲ့ပြောရရင်…သုမနသုတ္တံမှာ..ကဿပဘုရားရှင်လက်ထက်က ရဟန်းတော်နှစ်ပါးအနက် တစ်ပါးဟာ ၀ိပဿနာတရားအား ထုတ်တဲ့အပြင် အလှူဒါနကိုလဲ စွမ်းနိုင်သလောက် ပြုလုပ်ခဲ့ပါတယ်။ ရဟန်းဘ၀ကနေ ပျံလွန်တော်မူပြီးတဲ့နောက် အပါယ်လေးပါး မလားရောက်ရဘဲ ဘ၀ပေါင်းများစွာ လူချမ်းသာ၊နတ်ချမ်းသာ ကို ခံစားခဲ့ရပါတယ်။
မကောင်းတာနဲ့စပ်လို့ ပြောရရင်…ဗာရာဏသီပြည် ဒိသာပါမောက္ခဆရာကြီးဟာ တစ်နေ့ သေသူကို ရည်မှန်းပြီး လှူမယ် လို့ဆိုကာ ဆိတ်ကုလားတစ်ကောင်ကို ရေချိုးပြီး၊ ပန်းနံ့သာတွေနဲ့ လိမ်းခြယ်ပေးဖို့၊ ပန်ကုန်းစွပ်ပေးဖို့ တပည့်များအား ပြောပါတယ်။ တပည့်များကလည်း ဆိတ်ကို ရေချိုးပေးကာ ပန်းကုန်းစွပ်ပေးပြီး ကမ်းနားတစ်ခုမှာ ထားထားပါတယ်။
ဒီအချိန်မှာ ဆိတ်က ရယ်လည်း ရယ်တယ်၊ ငိုလည်း ငိုတယ်။ ဒီအကြောင်းကို တပည့်များက
“ဘာကြောင့် ရယ်ပြီး ဘာ့ကြောင့် ငိုရတာလဲ” ဆိတ်ကို မေးပါတယ်။
“ အခုမမေးပါနဲ့ ၊ သင်တို့ဆရာ ထံရောက်မှ မေးပါ” လို့ ဆိတ်ကပြန်ပြောပါတယ်။
ဒိသာပါမောက္ခဆရာထံရောက်တော့ တပည့်များရဲ့ ပြောဆိုချက်နဲ့ ငို ၊ ရယ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဆိတ်ကို မေးပါတယ်။
“ဆရာကြီး ကျူပ်ဟာ တစ်ခုသောဘ၀တုံးက သင်လိုပဲ ဆရာကြီးဖြစ်ခဲ့ဖူးပါတယ်။ အခုလိုမျိုး သေသူကိုရည်မှန်း အလှူလုပ်ဖို့အတွက် ဆိတ်တစ်ကောင်ကို သတ်ခဲ့ဖူးပါတယ်။ ဒီမကောင်းမှုကံကြောင့် ဘ၀ပေါင်း ၄၉၉ ဘ၀တိုင်အောင် လည်ပင်းပြတ်ကာ သေပွဲဝင်ခဲ့ရပါတယ်။ အခုအခါမှာ ငါ့အတွက် နောက်ဆုံးတစ်ဘ၀ပဲ ခံရတော့မှာပါ။ ဒါပြီးရင် လည်ပင်းပြတ်သေရတဲ့ ဘ၀က လွတ်ပါပြီဆိုပြီး တွေးမိလို့ ရယ်မိပါတယ်။ နောက်တစ်ခုက ဆရာကြီးလဲ ငါ့ကိုသတ်ပြီး ဘ၀ငါးရာခံရအုံးမှာကို တွေးမိပြီး ဆရာကြီးကို သနားလို့ ငိုမိတာပါ” လို့ ဆိတ်ကပြောတော့ ဒိသာပါမောက္ခဆရာကြီးလဲ ဆိတ်ကို မသတ်တော့ဘဲ ချမ်းသာပေးလိုက်ပါတယ်။
ဒါပေမဲ့ ကံက မျက်နှာမလိုက်ပါဘူး။ တစ်နေ့ ဆိတ်ဟာ မြက်စားနေခိုက် အနီးရှိ ကျောက်ဖြာပေါ်ကို မိုးကြိုးထိမှန်ကာ ကျောက်ချပ်တစ်ခုလွင့်ထွက်လာပြီး ဆိတ်ရဲ့ လည်ပင်းကို ဖြတ်မိရက်သား ဖြစ်သွားပါတယ်။
ဒီအကြောင်းအရာမှာ ပြုခဲ့တဲ့အကုသိုလ်ကံကြောင့် ဒုတိယဘ၀မှာလဲ ခံရသလို တတိယကနေ ဘ၀များစွာမှာလဲ မကောင်းကျိုးခံစားရတယ်ဆိုတာပါ (မတကဘတ္တဇာတက)။
(၄) ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်း၊ မကောင်း ဆိုတဲ့ဇော စေတနာတွေဟာ အကြောင်းမသင့် အခွင့်မသာတော့ဘဲ ဆိုင်ရာကာလတွေမှာ အကျိုးမပေး တော့ဘဲ အလိုလို ကွယ်ပျောက်သွားတဲ့ကံ ဖြစ်တယ်။
“သဲထဲရေသွန်”ဆိုတဲ့စကားပုံလိုပဲ ကိုယ်လုပ်လိုက်တာတွေဟာ အကျိုးခံစားခွင့် မရတော့တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကံ နဲ့စပ်လို့ ဆန်းကြယ်လှတဲ့အတွက် ပြောလို့ ကုန်နိုင်ဘွယ် မရှိပါ။အချုပ်ပြောလိုတာကတော့ ကံဆိုတဲ့ဒါရိုက်တာကြီးရဲ့အလိုကျအတိုင်း ဘ၀မင်းသားမင်းသမီးများဖြစ်ကြတဲ့ စာချစ်သူများ ကိုယ်တိုင် ကပြ အသုံးတော်
ခံနေကြရပါတယ်။
အဲဒီအခါမှာ မကောင်းတဲ့ဒါရိုက်တာထက် ကောင်းတဲ့ဒါရိုက်တာရဲ့လမ်းညွန်မှုကို ယူရမှာဖြစ်တယ်။ ဒါမှလဲ ချမ်းသာပြီး အဆင့်မြင့်တဲ့ ဘ၀မင်းသားမင်းသမီးများဖြစ်လာကြမှာပါ။ ကောင်းတဲ့ဒါရိုက်တာဆိုတာ အခြားမဟုတ်၊ ကောင်းတဲ့ကံတရား များသာ ဖြစ်ပါကြောင်း ….။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
                                                  ဦးကောဝိဒ(မြိတ်)

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်