မေတ္တာတရားဟူသည်
( က )နေရောင်ခြည်ဖျော့ဖျော့အောက်ရှိ တစ်ညနေတွင် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ပြီးသစ်ပင်ရိပ်မှာ စာဖတ်နေသော ဖေဖေ့ကို ငေးကြည့်ရင်း ကျွန်မ၏ အတွေးများအတိတ်ဆီသို့ ပြန်ရောက်သွားကြသည်။ ထိုစဉ်တုန်းက ဖေဖေ သည် အခုလို ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာထိုင်နေနိုင်သည့် အခြေအနေမျိုး မဟုတ်။ အိပ်ရာပြင်ပေါ်တွင် ညည်းညူအော်ဟစ်ရင်း ရောဂါဝေဒနာကို ခံစားနေရသည့် ရောဂါသည် ပုံစံမျိုး။ ထိုစဉ်တုန်းက ကျွန်မ တို့ မောင်နှမများသည်လည်း အခုလို ပူပင်သောကလျော့ပါးနေသည့် အနေ အထားမျိုး မဟုတ်ပြန်။ ဖေဖေ့ကိုလည်း အခုလို ခပ်လှမ်းလှမ်းမှ ချစ်ခင်ကြည်ညို စွာငေးမော ကြည့်နေနိုင်သည့် အခြေအနေမျိုးမှာမရှိ။ အခုတော့ ကျွန်မတို့ ဘယ်လောက် စိတ်အေးချမ်းရသလဲ။ လမ်းမလျှောက်နိုင်သေးသော်လည်းရောဂါဝေဒနာ ကင်းစင်ပြီး ငြိမ်ငြိမ်သက်သက်နှင့်ငြိမ်းအေးစွာ နေနိုင်သောဖခင်ရယ်၊ကျန်းမာဖျတ်လတ်ပြီးချစ်ခင်ရသောမိခင်ရယ်၊ပြီးတော့ ကျွန်မတို့ မောင်နှမများ နှင့် အရာရာကို ရောင့်ရဲစွာနေတတ်သော မိသားစုတို့၏ထုံးစံအတိုင်း အေးအေးဆေးဆေးရှိလှသည်။ ကျွန်မတို့ကို လွှမ်းခြုံထွေး ပိုက်ထားသော အိမ်ငယ်လေးသည်လည်း သစ်ပင်၊ပန်းပင်များ၏ အလယ်တွင် တိတ်ဆိတ်ငြိမ် သက်လျက်။