ကျက်သရေရှိတဲ့ Count Down ဖြစ်စေလို


အော် ဘာလိုလိုနဲ့ ခရစ်နှစ်ရဲ့ တစ်နှစ်တောင် ကူးပြန်ပေါ့။
ကူးတော့မပေါ့။ ဒီဇင်ဘာရဲ့ နောက်ဆုံးပတ်ကိုတောင် ရောက်လာပြီကိုး
ဒီတော့ကား တစ်နှစ်ကူးတော့ ဘာဖြစ်လဲ။
ဘာမှမဖြစ်ပေါင်
ထုံးစံအတိုင်း အရှေ့အရပ်က နေထွက်လို့ အနောက်အရပ်က နေ၀င်ခဲ့တာပါပဲလား။
သို့ပေမယ့်ပေါ့လေ အနောက်နိုင်ငံများမှာတော့ နှစ်သစ်ကူးကို ဟိုးချိန်တည်းက ကျင်းပခဲ့ဆိုပဲ။
ဒီလိုဆို သင်းတို့ပဲလား။ “ကျွန်မတို့မလည်း ပြောမဆုံးပေါင် တောသုံးတောင်ပါတော်” လို့ပင် အော်ရမလို။
ကျွန်မတို့ မြန်မာများမှာလည်း မြန်မာနှစ်သစ်ကူးပွဲတော် သမယရှိပါရဲ့။
တန်ခူးလ သင်္ကြန်တ ကူးပြောင်းတဲ့ ပွဲ၊ တစ်နှစ်ကနေ တစ်နှစ်ကို ကူးပြောင်းတဲ့ပွဲပေပေါ့။
သင်းတို့လို တစ်ရက်တည်းတောင် ကျင်းပတာ မဟုတ်။ တစ်ခါတစ်ရံ (၄) ရက်လောက်ကို ပက်ပက်စက်စက် ကျင်းပ ပစ်လိုက်တာ။
ကဲ မှတ်ကရာ။
ရှိစေတော့ ရှိစေတော့။ ပြောရင်လည်း ကြွားရာကျမယ်။ ဒီတော့
သူများနိုင်ငံရဲ့ အစဉ်အလာ နှစ်သစ်ခါသမယမှာ ခုများ ဒို့နိုင်ငံက မြန်မာလူမျိုးစစ်စစ်တွေ ဘာလုပ်လာကြသလဲ။ ဘယ်လို အတုယူလာကြသလဲ။
Count Down တဲ့ နှစ်သစ်စောင့်တယ်ဆိုပဲ။ ကျွန်မ မမမေလည်း စိတ်ဝင်တစားနဲ့ ၀င်ပြီး ဆင်နွှဲဖို့
အနှစ်သာရလေး လေ့လာကြည့်လိုက်မိတဲ့ ၂၀၀၉ ရဲ့ ဒီဇင်ဘာ။

“မေရေ ဒီနှစ် ဒို့ Count Down လေးကြိုဆိုလိုက်ကြရအောင်”
“လုပ်လိုက်လေ မိလဲ့။ ကြာသလားလို့။ ဒါနဲ့ ရှင်တို့ပြောတဲ့ New Year Count Down ဆိုတာဘာလဲ။ ဘယ်လိုလုပ်တာလဲ။ အနှစ်သာရက ဘာလဲ။ ကျုပ်ကိုလည်း ရှင်းအုံးတော်ရေ”
ကျွန်မ မမမေရဲ့ ချစ်စွာသော အဆောင်အတူနေသူငယ်ချင်းမိလဲ့က အဖော်စပ်တိုင်ပင်လိုက်တယ်ဆိုရင်ပဲ။
အငေါ်တူးစကားလေးနဲ့ စူးစမ်းလိုက်မိသူက ကျွန်မ မမမေရယ်ပါ။
“ရှင်ကလည်း တိုက်ဂေါပဲ။ ၂၀၀၈ နှစ်ကုန်လို့ ၂၀၀၉ ကို နှစ်သစ်ကူးတော့မယ်။ ဒီတော့ နှစ်သစ်ကို ကြိုတာပေါ့။ ည ၁၂ နာရီ တိတိမှာ နှစ်သစ်ကြိုတာကွာ။ အားလုံးက အစားအသောက်တွေနဲ့ ပျော်ပျော်ပါးပါး စားသောက်မယ်။ ၁၂ နာရီ တိတိ ထိုးတာနဲ့ ဟက်ပီးနယူးရီးယားဆိုပြီး အော်မယ်”
“ဟယ်။ ရှင်တို့က ဟက်ပီးနယူးရီးယား လို့ ထအော်မှ နှစ်သစ်က ရောက်မှာလားအေ။ မအော်လည်း အချိန်က သူ့ဘာသာ ရွေ့နေပြီး ၃၆၅ ရက်နဲ့ နာရီနည်းနည်းကျော်သွားတာနဲ့ သူ့အလိုလို တစ်နှစ်ကူးမှာကိုများ။ ငပေါမ။ ကျုပ်တော့ ရယ်ချင်သား။ တံတားဆောက်ပြီး လူထုတွေက သွားဖို့ စောင့်နေပြီ။ ဟိုဥက္ကဌ ကြီး လမ်းမဖွင့်ပေးသေးလို့ မသွားနဲ့အုံးလို့ တားထားသလို တားလို့ရတာမှ မဟုတ်တာအေ”
“မေ ရှင်တော့နော်။ ဘုကန့်လန့်မတိုက်နဲ့။ အဲ့လိုသဘောမျိုးမဟုတ်ဘူးလေ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ပါစေ ဆိုတဲ့သဘော။ မေတို့ကတော့ ဂွစာမေ လို့ခေါ်ကြတာ မလွန်ဘူး”
“ဟုတ်ပါပြီ။ ကျုပ်က ဒီလိုပဲ အကျင့်ပါနေလို့ ။ ဒါနဲ့ ပြောပါအုံး လဲ့တို့ရဲ့ အစီအစဉ်”
“ဒီလိုလေ။ အစောပိုင်း အစားအသောက်တွေနဲ့ ပျော်ပျော်ပါးပါးစားသောက်ကြမယ်။ ပြီးရင် သီချင်းတွေဆိုမယ်။ နောက်ပြီး အင်း နောက်ပြီး ပါဆယ်ဂိမ်းဆော့မယ်။ ပြီးတော့ ပြီးတော့ ကကြမယ်။ မီးရှူး မီးပန်းတွေ ဖောက်မယ်။  ၁၂ နာရီထိုးတော့မှ ပြိုင်တူ နှစ်သစ်ကြိုဆိုမယ်။ အဲ့ဒါပဲ။ မေ လုပ်ချင်တဲ့အစီအစဉ်ရှိရင်ပြောလေ။”
“အစောပိုင်း အစားအသောက်တွေ ပျော်ပျော်ပါးပါးစားသောက်မယ်ဆိုတော့…..”
“အာ လုပ်လာပြီ မေရာ။ ခုခေတ်က ဘာခေတ်လဲ။ ဒုံးပျံခေတ်၊ ခေတ်ကြီးကို အမှီလိုက်နေတုန်း မပိန်းပါနဲ့ကွာ။ ဘီဘီလေး နည်းနည်းပါးပါးချ။ အပြင်းမော့နိုင်တဲ့ မမတွေ ၀ီလေးဘာလေးပေါ့။ အကင်တွေလုပ်မယ်။ ၀က်သားသုပ်မယ်။”
ကျွန်မ မမမေ ဒင်းတို့အစီအစဉ်ကို သိတာပေါ့။ မသိနေမလား။ ပထမနှစ်ဝက် ပညာသင်နှစ်ဝက်တစ်ခုလုံးလုံး အတူတူ ကျောင်းတက်လာခဲ့တာ။ ဒီလောက်ကတော့။ မမမေက တမင် စကားကို အစဆွဲထုတ်ခြင်းရယ်ပါ။
“ဒါဆို  ရှင်တို့ Count Down က အရက်သမားပွဲတော်ပေါ့နော်။ နှစ်သစ်ကို အရက်နဲ့ကြိုတာပေါ့။”
သူမ နည်းနည်းတော့ ကျွန်မရဲ့ လေသံကို ရိပ်မိလာပါပြီ။
“လဲ့ရေ တိုးတက်တယ်ဆိုတာ မှန်ပါတယ်။ ရှင်ပြောတဲ့ ဒုံးပျံဆိုတာလည်း မစီးဖူးပေမယ့် ဒို့များကြားဖူးပါတယ်။ နှစ်သစ်ကို မင်္ဂလာရှိရှိဖြတ်သန်းတော့ မကောင်းဘူးလား။ မင်္ဂလာနဲ့ ကြိုဆိုတော့ မင်္ဂလာမရှိဘူးလား။ ဒုံးပျံခေတ်မို့ အရက်မသောက်ရင် ခေတ်မမှီသလိုတော့ မဖြတ်သန်းသင့်ဘူးလားလို့။ ဒါကတော့ မေထင်တာပါ။ အရက်သောက်တော့ အရက်မူးမယ်။ မြတ်စွာဘုရားမကြိုက်တဲ့ သေရည်သေရက်…..”
“တော်ပါတော့ မရွှေချောရယ်။ ရှင့်ကို စည်းရုံးမိတဲ့ ကျွန်မကိုက မဟာအမှားပါ။ ရှင်ဖြစ်ချင်တာပဲ ပြောပါတော့ … တကတည်း”
ဟုတ်ပါသည်။ ကျွန်မကို အဲ့သည်လောက် ချစ်တဲ့ သူငယ်ချင်းရယ်ပါ။ သူ့ဆန္ဒကို မြိုသိပ် ကျွန်မ သဘောထားကို ညှိနှိုင်းတတ်တဲ့ သူမပါ။ (သူမလို လူမျိုးသာ မြန်မာပြည်မှာ များများရှိပါက ရှေ့ဆက်မယ့် ဒီမိုကရေစီလမ်းကြောင်းကြီး အောင်မြင်ဖို့ ရာနှုန်းတော်တော်များပါသည်။ အတ္တကို ရှေ့တန်းမတင်တတ်တဲ့သူမပါ)
“နှစ်သစ်ကို မကြိုဆိုဘူး မဟုတ်ဘူး။ ကြိုဆိုမယ်။ အသေအချာကို ကြိုဆိုမယ်။ ဒါပေမယ့် ယမကာအိုးဖက်ပြီး အမင်္ဂလာနဲ့ မကြိုဆိုဘူး။ မင်္ဂလာရှိရှိကြိုဆိုမယ်”
ကျွန်မ မမမေ စကားကြီးစကားကျယ်များဖြင့် အစပျိုးလိုက်တယ်ဆိုရင်ပဲ။

ကနေဦးတည်းက ငြိမ်သက်စွာ နားစွင့်နေတဲ့ ကျွန်မတို့ရဲ့ Hall Tutor (အဆောင်နည်းပြအုပ်ချုပ်သူမမ)က
“ကဲ ဆိုစမ်းပါအုံး။ ဒေါ်ဂွစာမေရဲ့”
“အော် မမရယ်။ ဒီလို ဒီလို။ မေ့အစီအစဉ်က ပျော်လည်းပျော်ရမယ်။ တွေးလိုက်တိုင်းလည်း ပီတတွေ စားသုံးရမယ်။ ပြီးတော့ ကုသိုလ်လည်းရမယ်။ အကုသိုလ်လည်းကင်းမယ်။ တရားတော်နဲ့လည်းညီမယ်။ မင်္ဂလာလည်းရှိမယ် ပြီးတော့ ဟို ဟို…”
“ညွှန်းလိုက်တာအေ။ ထားပါတော့ သူ့အကြံကို ချီးမွမ်းနေလိုက်တာ လိုရင်းကိုမရောက်တော့”
“ဒီလို လေ မမနဲ့ မိလဲ့ရဲ့….
မေတို့ အဆောင်ကလူတွေဆီက ပိုက်ဆံ စုမယ်။ တစ်ယောက်ကို ၅၀၀၀ ဒါမှမဟုတ် တတ်နိုင်သလောက်ပေါ့။
အဆောင်မှာ လူ အယောက် ၅၀ လောက်ဆို ၂ သိန်း ခွဲ လောက်ရမယ်။
အဲ့အထဲက ၁ သိန်းလောက်ကို မိဘမဲ့ဂေဟာဖြစ်ဖြစ် နွမ်းပါးတဲ့ မူလတန်းကျောင်းဖြစ်ဖြစ် ဗလာစာအုပ် ၁ သိန်းဖိုးလောက် နှစ်သစ်အလှူလေး မနက်ပိုင်းလုပ်
ကျန်တဲ့ ပိုက်ဆံကို အဆောင်က ဘုရားခန်းအတွက် သစ်သီး၊ ပန်း၊ နဲ့ ဆီမီးတွေဝယ်။
ဝဋ်ရွတ်စဉ် သီရိမင်္ဂလာဝဋ်ရွတ်စဉ် စာအုပ်လေးတွေ အုပ် (၅၀) လောက်ဝယ်။ ဒါက ညအတွက် အစီအစဉ်။
ပိုအုံးမှာပဲ။ အဲ့ဒီပိုက်ဆံကိုမှ တစ်ဆောင်လုံး ပျော်ပျော်ပါးပါးမုန့်လုပ်စားဖို့၊ အကင်တွေဘာတွေ။ အသုပ်တွေလုပ်စားဖို့ နည်းနည်းချန်။
ဘယ်လောက်မင်္ဂလာရှိလိုက်လဲ။ အတ္တဟိတ တစ်ခုမှ မပါဘူး။
ဒါက နှစ်သစ်အကြိုရဲ့ နေ့လည်ပိုင်းအစီအစဉ်
ညပိုင်းရောက်ရင် Count Down အစီအစဉ်လာမယ်။
အဆောင်မှာရှိတဲ့ CD စက်လေးနဲ့ သီချင်းဆိုချင်တဲ့လူ ဆို။ က ချင်တဲ့လူက။ ပါဆယ်ဂိမ်းလည်းကစား။
ဒါတွေကစားဖို့ ဘာမှ သောက်စားမူးယစ်နေစရာမလိုဘူး။
“ဒါတော့ မှန်တယ်။” Hall Tutor မမရဲ့ ထောက်ခံသံရယ်ပါ။
ဂစ်တာတီးချင်တဲ့လူရှိရင် တီးတတ်တဲ့လူ ရှိရင် တီးအုံး။
နောက်ပြောင်ချင်သလောက် နောက်ပြောင်။ ကဲ ဘယ်လောက် ပျော်စရာကောင်းလဲ။
ပြီးရင် မျှော်လင့်နေတဲ့ Count Down ကြီးစမယ်။
၁၂ နာရီ တိတိ ရောက်တာနဲ့ Happy New Year လို့ အဆောင်ရဲ့ အပေါ်ဆုံးထပ်တက်ပြီး အကျယ်ကြီးအော်လိုက် ကြစမ်း။ အကုသိုလ် နှမ်းတစ်စေ့တောင်မပါစေရဘူး။

ကလပ်သွားပြီး သောက်စား။ အင်းလျားကန်ဘောင်မှာ မူးပြီး အော်မယ့်အစား အိနြေ္ဒရရလေး အော်လိုက်စမ်းပါ။
ကျက်သရေရှိရှိလေး ပျော်လိုက်စမ်းပါ။
ပြီးရင်တော့
အဆောင်ရဲ့ ကျက်သရေဆောင် ဘုရားခန်းထဲ အပြေးသွားပြီး နှစ်သစ်ကို မြတ်စွာဘုရားထံတော်ပါးမှာ
နမောတသ အစချီလို့ ရှိခိုးပြီး ဓမ္မစင်္ကြာလေး ရွတ်၊ မေတ္တာသုတ်လေး ပွား။ အမျှလေးဝေ။ မေတ္တာလေးပို့။
နှစ်သစ်ကြီး ဘယ်လောက် အနှစ်အရသာ ပြည့်ဝသွားမလဲ။
“ဖြောင်း …ဖြောင်း….ဖြောင်း”
လက်ခုပ်သံ ကြားလိုက်ရပါတယ်။
ထိုအဆိုကို တင်ပြသူ ကျွန်မ မမမေ နှင့် လက်ခံသူ အဆောင်သူများ Hall Tutor မမများနှင့် လက်မခံချင်သော်လည်း ကျွန်မရဲ့ ပွစိပွစိနိုင်သော လေသံများကို မကြားချင်သည့် ချစ်စွာသော သူငယ်ချင်းများက လက်ခံလိုက်ပါတော့တယ်။
မှန်ပါသည် ။ ထိုနှစ် အဆိုပါနှစ်မှာ ကျွန်မတို့ ကျက်သရေရှိလှသော မြန်မာအမျိုးသမီးလေးများ စုဝေးနေထိုင်ရင်း ပညာသင်နေသော သီရိဆောင် ဆိုတဲ့အဆောင်ကြီးတစ်ခုလုံးမှာ ပျော်ရွှင်စရာပွဲလေးတစ်ခု အထမြောက်သွားပါတယ်။
လုံးဝ ပျင်းစရာမကောင်းသလို။ ကျက်သရေအပေါင်းနှင့်လည်း ပြည့်စုံခဲ့ပါတယ်။
မူးမူးနှင့် အဆောင်ရှေ့မှာ လာရောက် အော်ဟစ်ရန်စောင့်ဆိုင်းနေသော ယမကာလုလင်များပင် အသံတိတ် သာဓု ခေါ်ကာ တပ်ဆုတ်သွားခဲ့လေတော့သည်…..
ယနေ့ထိတိုင်လည်း ထိုပညာသင်နှစ်က သူငယ်ချင်းများ နှစ်သစ်တစ်ခါကူးလေတိုင်း ဖုန်းဆက်ပြီး ထိုနှစ်က အဆောင် Count Down လေးအကြောင်းပြောရင်း ပီတိများကို သုံးဆောင်နေကြဆဲပါ။
ထိုနှစ်က နေရာတော့ မပြောတော့ပါ။ Count Down ကို ကြိုဆိုရင်း မူးမူးရူးရူးပျော်ပါးလိုက်တာ လူနင်းလို့ သေကြ ကျေကြ။ အရိုးကြိုးကျတဲ့ သတင်းကတော့ အနိဌာရုံဆန်ဆန်ကြားလိုက်ရပါတော့တယ်။

ယခုရော ဒီဇင်ဘာရဲ့ နောက်ဆုံးပတ်ကိုပင် ရောက်ရှိလာပါပြီ။
Count Down ကြီးလည်း နီးကပ်လာပေပြီ။
မြန်မာအမျိုးကောင်းသားများ၊ သမီးများ မည်သို့မည်ပုံကြိုဆိုကြမည်နည်း။
ယဉ်ကျေးစွာကြိုဆိုကြမည်လော။ သို့တည်းမဟုတ်။ သောက်စားမူးယစ်ရင်း ကြိုဆိုကြမည်လော။
ကျွန်မတို့ မြန်မာမိန်းကလေးတွေဟာ အရှက်မရှိတဲ့ဟာတွေလို့ အပြောခံရမှာ သေမလောက်ကြောက်ပါတယ်။
အရှက်မရှိတဲ့ မိန်းကလေးဖြစ်ဖို့ များများမလိုအပ်ပါဘူး။
အရက်သေစာ သောက်စားလိုက်ပါ။
မူးမူးနှင့် ပြောချင်ရာပြောလိုက်ပါ။
ဒီထက်များများသောက်လိုက်ပါ။
လုံခြုံပြီးသား အ၀တ်အစားများကို ဖယ်ခွာမိသည်ထိ သောက်လိုက်ပါ။
ဒီလိုဆိုရင်ဖြင့် အရှက်မရှိသူ အမိငယ်အဖြစ် တမဟုတ်ချင်းဖြစ်လာမှာ ဧကန်ပါပဲ။
ဒါများကွာ ရေးနေစရာ သိပြီးသားလို့တွေးနေကောင်းတွေးနေပါလိမ့်မည်။
တွေးနေရုံနှင့်မရ ။ မိမိကိုယ်တိုင်အတွက်ပါ ဆင်ခြင်ကြည့်လိုက်ပါ။
မိမိကရော အရှက်မရှိသူများ။
အမျိုးကောင်းသမီးလား။
ချစ်စွာသော မြန်မာအမျိုးကောင်းသမီးလေးတို့ရေ သူများနိုင်ငံရဲ့အတုကိုခိုး။ နှစ်သစ်ကို ကြိုဆိုမယ်ဆိုရင်လည်း ကြိုဆိုကြပါ။ သို့သော် အနို့သော်ပေါ့ ကျက်သရေရှိရှိ မင်္ဂလာရှိရှိကြိုဆိုကြပါလို့
ဒုံးပျံစီးတဲ့ခေတ်မှာ ကျက်သရေတုံးတဲ့ သေရည်သေရက်ကို သောက်သုံးရင်း ဘ၀ရဲ့ အချိန်ခဏလေး နှစ်သစ်ကူးချိန် စက္ကန့်ပိုင်းလေးကို ဖြုန်းတီးပစ်မယ့်အစား သံသရာထိအောင် ကျက်သရေတိုးမယ့် ပရဟိတလေးနဲ့ ကုသိုလ်တရားလေးတွေ တွဲဖက် လုပ်ဆောင်ရင်း Count Down လိုက်မယ်ဆိုရင်ဖြင့်
ကျွန်မတို့ လောကကြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ မေတ္တာပို့သရင်း
စိတ်ကြိုက်ဝေဖန် ဆဲဆို ကြမ်းမောင်းနိုင်ပါသည်။
ဘာကိုမှ ပိုင်ဆိုင်မထားသူ မမမေ
တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)