မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည်

မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည်


ခမောက်ဆောင်းထားတဲ့ ဗီယက်နမ်မိန်းကလေး၊ ပုသိမ်ထီးနဲ့သနပ်ခါးပါးကွက် မြန်မာမိန်းကလေး .. ဒီ၂ယောက်ရဲ့ ဓါတ်ပုံတွေဟာ မြို့ပေါ်မှာ တမင်ဖန်တီးရိုက်ယူထားတာ မဟုတ်မှန်း ထင်ရှားပါတယ်။ ကျေးလက်ဒေသကို ကင်မရာမင်း ကိုယ်တိုင် သွားပြီး ရိုက်ယူတာကြောင့် သဘာဝကျပါတယ်။ လှပပါတယ်။

ကျွန်တော်ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံ) အလုပ်လုပ်နေပါတယ်။
 မနေ့က အီးမေးမှာ Happy Planet လူမျိုးအဖြစ် ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးအဆင့်ကို တက်လာပါတယ်။ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်အကြာမှာ တင်းတိန်ရောင့်ရဲသော နိုင်ငံအဖြစ် နောင်အမေရိကနိုင်ငံများနဲ့အတူ ပျော်ပျော်နေထိုင်သော နိုင်ငံအဖြစ်ကို တိုးကတ်လာပါတယ်။

ငွေကြေးအားဖြင့်တော့ ဆင်းရဲပါတယ်။ ဗီယက်နမ်မှာ တလကို လစာ အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ အများဆုံး ဒေါ်လာ၅၀၀လောက်ပဲ ရပါတယ်။ ဘွဲ့ရကျောင်းသားတယောက် လစာ ဒေါ်လာ ၂၀၀လောက် စတင်ရပါတယ်။ အလုပ်ကြမ်း ဆောက်လုပ်ရေးအလုပ်သမားလည်း ဒီလောက်လစာတော့ မြို့ကြီးတွေမှာ အလွယ်တကူ ရပါတယ်။ ကျွမ်းကျင်တဲ့ Top Grade Welder တယောက်ကို တနာရီ ၂ဒေါ်လာမှ ၅ဒေါ်လာလောက်အလွန်ဆုံး လုပ်ခရပါတယ်။ တက္ကစီဒရိုင်ဘာတယောက် တနေ့ နာရီ၂၀လောက် မောင်းရင် တလကို ဒေါ်လာ ၅၀၀လောက် ၀င်ငွေရပါတယ်။

တက္ကစီဒရိုက်ဘာတဦးအကြောင်း

အမျိုးသမီး ကားမောင်းသူတယောက်နဲ့ တက္ကစီကားငှားစီးရင်း၊ ကြုံလို့ မေးမြန်းအင်တာဗျူးခဲ့ပါတယ်။ .. တက္ကစီကုမဏီ VINASUN  ဆိုတဲ့ ကုမဏီမှာ တက္ကစီ အစင်း ၆၀၀၀ ခြောက်ထောင် နဲ့ ဒရိုင်ဘာ တစ်သောင်းနှစ်ထောင်လောက် ရှိပါတယ်။ တက္ကစီကုမဏီကို နေ့တွက်နဲ့ပေးရတယ်။ ဓါတ်ဆီကိုယ့်ဖာသာ ၀ယ်ထည့်၊ Accident ဖြစ်ရင် တ၀က်စီခံရတယ်။ Car maintenance ကိုတော့ ကုမဏီက လုပ်ပေးတယ်။ သူတို့ လင်မယား၂ယောက် အလှည့်ကျ မောင်းကြတယ်။ လူသာနားတယ် ကားကမနားဘူး .. ။ တလကို ၀င်ငွေ US$500 လောက်ရပါတယ်။ ဒါပေမဲ့ သူတို့ ကလေးတွေကို အင်္ဂလိပ်စာ မသင်ပေးနိုင်ပါဘူး။ စင်ကာပူ International School ဆိုရင် တလကို ဗီယက်နမ်ငွေ ၁၀သန်းအထက် (> US$600) လောက်ပေးရတော့ သာမန်အစိုးရကျောင်းပဲထားရတယ်။ အင်္ဂလိပ်စာ သင်ပေးပေမဲ့ ကလေးက အဂီလိပ်စာ မတတ်ဘူး ..လို့ ပြောပါတယ်။ သူတို့ဟာ Poor အဆင့်အတန်းမှာရှိကြောင်း၊ Very Poor တော့မဟုတ်ကြောင်း၊  ကလေးကျောင်းပို့၊ ဈေးဝယ်ဆိုရင် ကိုယ်ပိုင် ဆိုင်ကယ်တစင်းနဲ့ သွားကြောင်း၊ သား၊သမီး ၂ယောက်နဲ့ မိဘ အားလုံး ၄ယောက် ဆိုင်ကယ်တစင်းစီးပြီး လျှောက်သွားရကြောင်း၊ ကုမဏီတက္ကစီနဲ့ သွားလို့ရပေမဲ့ တက္ကစီက Millage နဲ့ ကုမဏီက ပိုက်ဆံရှင်းရတော့ ကုမဏီတက္ကစီကို ကိုယ်ရေးကိစ္စတွေမှာ မသုံးကြောင်း၊ ဓါတ်ဆီလည်း အင်မတန်ဈေးကြီးကြောင်း၊ 7 seater Toyota ကားအသစ်ဆိုရင် US$40,000 လောက်ပေးရပြီး၊ ထိုင်းနိုင်ငံမှာဝယ်ရင် တစ်သောင်းလောက်ပဲ ပေးရကြောင်း၊ ဓါတ်ဆီဈေးနှုန်းကလည်း တဂါလန်ကို အမေရိကန် ၄ဒေါ်လာလောက်ဈေးရှိကြောင်း၊ ..စသဖြင့် ပြောပြပါတယ်။

အမျိုးသမီး တက္ကစီမောင်းသမားက ဒရိုင်ဘာတစ်သောင်းကျော်မှာ တစ်ရာထဲရှိတယ်ဆိုပြီး၊ သူမက ဂုဏ်ယူစွာပြောပါတယ်။ ကားမောင်းသက်တမ်း ၁၀နှစ်အတွင်း တခါမှ ဒါထောက်လုယူတာမျိုး၊ ပိုက်ဆံမပေးပဲ ဆင်းပြေးတာမျိုး မရှိခဲ့ကြောင်း ပြောပြတော့ အံ့သြစရာကောင်းလှပါတယ်။ ဒါကြောင့် Happy Planet Index ထိပ်ဆုံးအဆင့်ကို ဗီယက်နမ်လူမျိုးများ ရောက်လာခြင်းဖြစ်ပါတယ်။ ဆင်းရဲပေမဲ့ ပျော်ပျော်၊ ရောင့်ရဲတင်းတိန်နေတတ်အောင် အစိုးရက ဦးဆောင်နေပါတယ်။ စင်ကာပူမှ တက္ကစီမောင်းသမားမှာ လျှိုဝှက်ခလုပ်တွေရှိပါတယ်။ လုယက်သူ၊ လူဆိုးများနဲ့တွေ့ရင် အဲဒီလျှိုဝှက်ခလုပ်ကို နှိပ်လိုက်၊ မိနစ်ပိုင်းအတွင်း ရဲကားရောက်လာပြီး ကာကွယ်တဲ့နည်းလမ်း လုပ်ထားရပါတယ်။ တက္ကဆီသမားရဲ့ ၀င်ငွေများကို အနုကြမ်းဓပြတိုက်သူများတော့ ကာကွယ်ထားရတယ်။ အမေရိကန်နိုင်ငံက တက္ကစီဒရိုင်ဘာများဆို ပိုလို့ ဆိုးသေးတယ်။ ခဏခဏ လုယူခံရတယ်။ အမေရိကန်နိုင်ငံသား မြန်မာမိတ်ဆွေ တက္ကစီဒရိုင်ဘာတဦးပြောတာတော့ နှစ်တိုင်း လုခံရတယ်။ အထူးသဖြင့် လူမဲတွေဆို လုံးဝမတင်ဘူး၊ မလွယ်ဘူး၊ လုရင်တော့ အသာတကြည် အကုန်ထုတ်ပေးလိုက်ပေတော့။ အဲ .. တက္ကစီခမပေးပဲ ဆင်းသွားတာမျိုးတော့ ခဏခဏဖြစ်တယ် ဆိုပဲ။  ချမ်းသာလှတဲ့ အမေရိကန် နဲ့ စင်ကာပူ တက္ကစီဒရိုင်ဘာ ဘ၀ကို ဗီယက်နမ်တက္ကစီဒရိုင်ဘာဘ၀နဲ့ နှိုင်းယှဉ်တာပါ။

ကြုံလို့ ရေးရမယ်ဆိုရင်၊ ဗီယက်နမ်မှာ စီးပွားလုပ်ငန်းများ ဥပမာ တက္ကစီကုမဏီ၊ မိုဘိုင်းဖုန်းကုမဏီ၊ လောင်စာဆီကုမဏီ၊ စတဲ့လုပ်ငန်းကြီးများဟာ စစ်တပ်၊ အစိုးရ၊ ၀န်ကြီးဌာန စတဲ့ ဆိုရှယ်လစ်ပါတီများကပဲ လက်ဝါးကြီးအုပ်ထားကြတာကို မြင်ရတော့ မြန်မာပြည် နောက်၁၀နှစ်ကြာလို့ စီးပွားလုပ်ငန်းကြီးများကို စစ်တပ်ဆွေမျိုးတွေပဲ ဆက်လက်မကိုင်တွယ်တော့ဘူးဆိုရင် (အာဏာကို လက်လွှတ်၊ခွဲဝေပေးနိုင်ရင်)၊ ဗီယက်နမ် ၁၈နှစ် ပြုပြင်ပြောင်းလဲမှုရလဒ် - ၂၀၁၂ အခြေအနေမျိုးကို  မြန်မာပြည်ဟာ ၁၀နှစ်အတွင်း ခံစားရမယ်၊ ခံစားရပါစေလို့ မျှော်လင့်မိပါတယ်။
အလုပ်သမား၊ ၀န်ထမ်းဘဝ
ဘွဲ့ရ လူငယ် အသက်၃၀ အမျိုးသမီးတဦး၊ အမျိုးသား တဦး တို့ကို အင်တာဗျူးတဲ့အခါ ၊ သူတို့ အင်္ဂလိပ်စကား အသင့်တင့် ပြောနိုင်တဲ့အတွက် နိုင်ငံခြားကုမဏီရဲ့ Sub-Company မှာ အလုပ်လုပ်ခွင့်ရကြောင်း၊ လစာငွေ ဒေါ်လာ ၃၀၀ လောက်ရကြောင်း၊ အင်္ဂလိပ်စကား ပိုပြောနိုင်ရင် နိုင်ငံခြားကုမဏီမှာ တိုက်ရိုက်အလုပ်ရနိုင်ကြောင်း၊ လိုကယ် Local Staffs တွေဆိုရင် ဘယ်လောက် စကားပြောနိုင်နိုင် လစာမပေးကြောင်း၊ သြစတြေးလျှား၊ အမေရိကား၊ ဥရောပနိုင်ငံများက ဗီယက်နမ်များစွာ နိုင်ငံခြားကုမဏီများမှာ Expat Salary နဲ့ လုပ်ကိုင်နေကြကြောင်း၊ နိုင်ငံခြားသားများ ရတဲ့ လစာနဲ့ သူတို့ ဒေသခံ၊ ပညာတတ်များရတဲ့လစာ အလွန်ကွာခြားကြောင်း၊ ဗီယက်နမ်မှာ အေးအေးနေလို့ကောင်းပေမဲ့ ငွေများများရတဲ့သူများကတော့ နိုင်ငံခြားသားများ၊ ဗီယက်နမ်ဒေသခံ သူဌေး၊ကုမဏီပိုင်ရှင်များ ဖြစ်ကြောင်း၊ ချမ်းသာသူများက အရမ်းချမ်းသာကြောင်း၊ လူလတ်တန်းစား နည်းကြောင်း .. စသဖြင့် ပြောပြသွားပါတယ်။

တိုင်းပြည်နဲ့ Official Name ကတော့ ဆိုရှယ်လစ်ဗီယက်နမ် ဆိုတော့ မြန်မာဆိုရှယ်လစ်သမ္မတနိုင်ငံ လို့ခေါ်ခဲ့တဲ့ ဦးနေ၀င်း စစ်အာဏရှင်စနစ်ကို ပြန်လည်သတိရမိပါတယ်။ ဆိုရှယ်လစ်စနစ်ရဲ့ အသက်ငွေ့တွေ ဗီယက်နမ်မှာ အများကြီး တွေ့နိုင်ပါတယ်။ တပါတီ အာဏာရှင်စနစ်ကို တရုပ်ပြည်လို One Counry - two System ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ပါ။
 





လှပသောဗီယက်နမ်အမျိုးသမီးများ
ဗီယက်နမ်အမျိုးသမီးများ ထမီမ၀တ်ကြပါ။ သူတို့ဟာ ပိတ် ဘောင်းဘီရှည်ဝတ်ကြပါတယ်။ ဟိုးတုန်းက လယ်သူမတွေ ဗီယက်နမ်ခမောက်ဆောင်းပြီး လယ်လုပ်၊ စစ်တိုက်ကြတယ်။ အခုတော့ ဗီယက်နမ်အမျိုးသမီးများ စက်ရုံအလုပ်သမတွေ မြို့ပေါ်တက်လာပြီး အလုပ်လုပ်ကြတယ်။ ကျွန်တော်အလုပ်လုပ်တဲ့ ဗီယက်နမ်-စင်ကာပူ စက်မှုဇုံမှာ ဗီယက်နမ်အလုပ်သမတွေ သိန်းနဲ့ချီပြီး တွေ့ရတယ်။ မနက် ၇နာရီဆိုရင် အနီးနားက ရပ်ကွက်တွေမှာ နေတဲ့ ဗီယက်နမ်အမျိုးသမီးများစွာ မော်တော်ဆိုင်ကယ်စီး၊ စက်ဘီးစီး၊ တချို့လည်း လမ်းလျှောက်ထွက်လာကြတယ်။ အထည်ချုပ်စက်ရုံ၊ ဘိနပ်စက်ရုံ၊ အစားသောက်စက်ရုံ စသဖြင့် စက်ရုံအလုပ်သမတွေဖြစ်ပါတယ်။ ဟိုချီမင်းမြိျု့မှာ အနိမ့်ဆုံးလစာကို Us$130 သတ်မှတ်ထားပါတယ်။ ဆောက်လုပ်ရေး၊ ရေနံဓါတုစက်ရုံအလုပ်သမားများစွာကတော့ အမျိုးသားများဖြစ်ပါတယ်။ အားလုံး မော်တော်ဆိုင်ကယ်စီးပြီး အလုပ်လာကြတယ်။ ကားလမ်း တခုလုံးလည်း မော်တော်ဆိုင်ကယ်တွေနဲ့ အပြည့်ပါပဲ။ ဆိုင်ကယ်အဟောင်းတစင်းကို US$200-1000 လောက်ပေးရပြီး၊ အကောင်းစားဆိုင်ကယ်ဆို US$5000 လောက်ပေးရတဲ့ ဟွန်ဒါ၊ ဂျပန်ဆိုင်ကယ်များစွာ ဗီယက်နမ်မှာပဲ ထုတ်လုပ်ပါတယ်။ ရောင်းချပါတယ်။ ကလေး၊လူကြီးကအစ ဆိုင်ကယ်ကို တနာရီ ၁၅မိုင်နှုန်းလောက်နဲ့ စည်းကမ်းရှိစွာ မြို့ထဲမှာ မောင်းကြတော့ ယဉ်တိုက်မှုနည်းပါတယ်။

တနင်္ဂနွေနေ့ ဟိုချီမင်းမြို့ကို သွားလည်တော့ လမ်းမှာ ဗီယက်နမ်မင်္ဂလာဆောင်ပွဲ များစွာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုးသမီးများ လှပစွာဝတ်ဆင်ထားပြီး၊ မင်္ဂလာပွဲ အ၀င်တံခါးဝမှာ တန်းစီ၊ ပန်းစည်းများနဲ့ ဖက်ရှင်ဒီဇိုင်းများဝတ်ဆင်ပြီး စောင့်ကြိုကြပါတယ်။ တချို့မင်္ဂလာဆောင်တွေမှာ ဥရောပ၀တ်စုံကို ဆင်တူဝတ်ထားတဲ့ လူငယ်သတိုးသား အရံများစွာ အ၀င်ဝမှာ တန်းစီစောင့်ကြိုနေတဲ့ မြင်ကွင်းများစွာ တွေ့ရပါတယ်။ မင်္ဂလာဆောင်မှာ အကောင်းဆုံး၊ အလှပဆုံး ဗီယက်နမ် အမျိုးသမီး အ၀တ်ဒီဇိုင်းများ တွေ့နိုင်ပါတယ်။



ဗီယက်နမ်အမျိုးသမီးများဟာ မြန်မာပြည်က ရှမ်းမကလေးများလိုပဲ အသားရည်ဖြူဖွေးပြီး၊ စကားပြောလည်း ညင်သာပါတယ်။ ထိုင်းအမျိုးသမီးများ စကားပြောသလို ယဉ်ကျေးပါတယ်။ တရုပ်ပြည်ယဉ်ကျေးမှုလွှမ်းမိုးတော့ တရုပ်အ၀တ်အစားများ၊ အမျိုးသမီး အကြီးအငယ်မရွေး ပိတ်ဘောင်းဘီရှည် ၀တ်ဆင်ကြပါတယ်။ ဘောင်ဘီတို၊ ခြေပေါ်၊ လက်မောင်းပေါ် အ၀တ်အစားများ သိပ်မ၀တ်ဆင်ကြပါ။ စင်ကာပူမှတော့ ပိုက်ဆံမတတ်နိုင်လို့၊ မိန်းမယူဖို့ ခက်နေတဲ့ လူပျိုကြီးများကို ဗီယက်နမ်အမျိုးသမီးနဲ့ ထိမ်မြားပေးတဲ့ Match Maker ကုမဏီများစွာ ရှိပါတယ်။ ဗီယက်နမ်သတိုးသမီးများဟာ တရုပ်အမျိုးသမီးများထက် သစ္စာပိုရှိတယ်လို့ ကြော်ငြာကြပါတယ်။ ကျွန်တော့အမြင်တော့ မထူးပါလေ... မိန်းမသည်၊ မိန်းမပင်ဖြစ်ပါတယ်။ အလှအပကြိုက်သည်။ စကားပြောကောင်းသည်။ ဖိနပ်နှင့်အိတ် ခဏခဏ ၀ယ်သည်၊ မိဘဆွေမျိုးများကို ခင်တွယ်သည်.. ။



လှပသောမြန်မာအမျိုးသမီးများ၏ ထမီ

စင်ကာပူ၊ မြန်မာသံရုံးဧည့်ခံ၊ ထမင်းစားပွဲတခုကို မြန်မာမိန်မငယ်လေးများ ဂျင်းဘောင်းဘီရှည်တယောက်၊ စကပ်တို တယောက် ၀တ်ပြီး သွားတဲ့အခါ၊ ဧည့်ကြိုအမျိုးသမီးက ... မောင်းမထုတ်ပေမဲ၊ မကြေနပ်တဲ့ စကားတခုကို ပြောပါတယ်။ အန်တီတို့ ထမင်းစားပွဲမှာ မြန်မာချိန်ထမီပဲ အမျိုးသမီးတွေ ၀တ်ရတယ်။ နောက်ဆို ထမီဝတ်လာဖို့ .. မကြိုက်တဲ့လေသံနဲ့ ပြောခံရတယ်။ စကပ်တိုတို စိတ်ဆပ်တဲ့ မိန်းကလေးက ဧည့်ခံပွဲမတတ်တော့ပဲ၊ ပြန်ပြေးချင်စိတ်၊ ပြန်ပြောချင်စိတ်ကို မနည်းထိန်းချုပ်ပြီး အခန်းအနားတက်ခဲ့ရကြောင်း ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အခုတလော နိုင်ငံတကာမှာ အရမ်းခေတ်စားနေပါတယ်။ ချိတ်ထမီနဲ့ရင်ဖုံးအင်္ကျီဝတ်ဆင်ပြီး ကျက်သရေရှိလိုက်တာလို့ မြန်မာတွေ၊ နိုင်ငံခြားသားတွေက ပြောကြတယ်။

အခုခေတ်မှာတော့ နိုင်ငံခေါင်းဆောင် ဦးသိန်းစိန်ဇနီး၊ ဦးရွှေမန်းဇနီးသည်တွေ ထမီလှလှလေးတွေ ၀တ်ဆင်တာပဲ တွေ့ရတယ်။ ဒီတော့ အစိုးရအရာရှိကြီးငယ်အားလုံး အမျိုးသမီး (သို့မဟုတ်) ဇနီးသည်များ   ထမီဝတ်ရသည် ဆိုတာ မြန်မာ့ယဉ်ကျေးမှုတခုလို ဖြစ်နေပါတယ်။ မ၀တ်ရင် .. အစိုးရလူကြီးကတော်နဲ့ မထိုက်တန်သကဲ့သို့ ယူဆနေကြပါတယ်။  အုပ်ချုပ်သူမဟုတ်ရင်တော့ ကြိုက်သလို ၀တ်ဆင်လို့ရတယ် ဆိုပါတော့။

ကြုံလို့ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးကာစ ထိုင်းနိုင်ငံ အမျိုးသမီး၊ အမျိုးသား တိုင်းပြည်လူထု ၀တ်စားဆင်ယင်မှု ဓါတ်ပုံများကို ပြန်ကြည့်မိပါတယ်။ လက်ရှိ မြန်မာကျေးလက်ဝတ်ဆင်မှုအတိုင်း မိန်းမထမီရင်လျှား၊ ယေကျှင်္ား ပုဆိုး၊ မိန်းမထမီနဲ့ရင်ဖုံးအင်္ကျီ  ..အခုခေတ် ကျေးလက် မြန်မာတွေအတိုင်းပဲ ၀တ်စားဆင်ယင်ကြတာတွေ့ရပါတယ်။ နောက်ပိုင်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထိုင်းပြုပြင်ပြောင်းလဲမှုတွေကြောင့် ထပ်ပိုင်းခေါင်းဆောင်၊ ဘုရင်၊ မိဘုရားကအစ အနောက်တိုင်းဝတ်စုံတွေတလှည့်၊ ရိုရာယဉ်ကျေးမှုဝတ်စုံတလှည့် ၀တ်ဆင်နေကြပါတယ်။ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တရုပ် အစိုးရခေါင်းဆောင်ရဲ့ ဇနီးသည်များမှာ စကပ်၊ ဂါဝန် ၀တ်ထားရင်လည်း သူတို့တိုင်းပြည်သားများက လက်ခံပါတယ်။ မြန်မာအစိုးရခေါင်းဆောင်များရဲ့ ကတော်ကြီးများ ထမီလှလှ ၀တ်တဲ့ယဉ်ကျေးမှုကို စစ်အာဏာရှင်စတိုင် ထိန်းသိမ်းထားပါတယ်။ ထိုင်းနိုင်ငံ အစိုးရလူကြီးများရဲ့ ဇနီးသည် ထမီမ၀တ်လို့တော့ ခင်ပွန်းသည်ရာထူး မထိခိုက်ပေမဲ၊ မြန်မာနိုင်ငံ စစ်ဗီုလ်ချုပ် (သို့မဟုတ်) အဆင့်မြင့် အစိုးရရာထူးတယောက်ရဲ့ ဇနီးသည် ထမီမ၀တ်ပဲ၊ ဂါဝန်ဝတ်ပြီး ပွဲထွက်လို့ကတော့ ခင်ပွန်းသည်ရဲ့ ရာထူးကို ထိခိုက်သွားနိုင်ပါတယ်။

ဒါဟာ မြန်မာအမျိုးသမီး၊ထမီဝတ်သည် ဆိုစကားရဲ့ ပထမ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ နောက်အခွင့်သာရင် မြန်မာများ ပုဂ္ဂိုလ်ခင်မင်မှုများ၊ လောကွတ်ပြုမှုများ၊ မြန်မာသွေးအပြည့်ပါမှ ခင်မင်မှုများ .. စတဲ့အကြောင်းများကို စဉ်းစားနေမိပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)