မကောင်းမှု အကျိုးပေးချိန် ရောက်လျှင်
ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်မောဂ္ဂလာန် တွေ့မြင်ခဲ့ရသော မြွေပြိတ္တာကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။
အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့သည် ရာဇဂြိုဟ်မြို့တော်သို့ ဆွမ်းခံဝင်ရန် ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာကြရာ အရှင်မောဂ္ဂလာန်သည် မြွေပြိတ္တာတစ်ကောင်ကို မြင်သဖြင့် ပြုံးမိ၏။
မြွေပြိတ္တာ၏ ဦးခေါင်းမှာ လူကဲ့သို့ပင်ဖြစ်၍ ကျန်သမျှကား မြွေကဲ့သို့ဖြစ်၏။
နှစ်ဆယ့်ငါးယူဇနာမျှ ရှည်လျား၏။
ဦးခေါင်းမှာ တောက်လောင်သောမီးသည် အမြီးထိရောက်၏။ အမြီးမှာ တောက်လောင်သောမီးသည် ဦးခေါင်းထိရောက်၏။
အရှင်လက္ခဏသည် ပြုံးရခြင်း၏အကြောင်းကို မေးလေရာ အရှင်မဟာမောဂ္ဂလာန်က ထိုနေရာမှာ
မဖြေသေးဘဲ ဘုရားရှင်ရှေ့တော်မှောက် ရောက်ခါမှ ထိုမြွေပြိတ္တာကို မြင်ရ၍ ပြုံးရပုံကို ဖြေဆို၏။
ဘုရားရှင်ကလည်း အရှင်မဟာမောဂ္ဂလာန်၏ ဖြေဆိုချက်ကို
ထောက်ခံတော်မူလေသည်။
ဤတွင် အရှင်မောဂ္ဂလာန်က မြွေပြိတ္တာ၏ အကုသိုလ်ကံကို
မေးလျှောက်လေရာ ဘုရားရှင်က မြွေပြိတ္တာ၏ အကုသိုလ်ကံကို
ဖြေကြားတော်မူ၏။
ရှေးလွန်လေပြီးသော အခါတုန်းက ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အတွက် ဒါယကာများက သစ်ရွက်မိုးကျောင်းကလေး
ဆောက်ပေးကြ၏။
ဗာရာဏသီ မြို့သူမြို့သားတို့သည် နေ့ရောညပါ အခါမလပ် ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဆည်းကပ်ပူဇော်ရန် သွားကြလေရာ လမ်းမှာရှိသော လယ်ကွက်တစ်ခုကို ဖြတ်သန်း၍ သွားကြ၏။
လယ်သမားက ဖြတ်မသွားရန် တားမြစ်သော်လည်း မရပေ။
သို့ဖြစ်၍ လယ်သမားသည် မိမိလယ် အနင်းအဖြတ်မခံရစေရန် ပစ္စေကဗုဒ္ဓါအရှင်မြတ် ဆွမ်းခံကြွတော်မူခိုက်တွင် အသုံးအဆောင်တို့ကို ရိုက်ခွဲပြီးလျှင် သစ်ရွက်မိုး ကျောင်းကလေးကို မီးရှို့လိုက်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ကျောင်းမီးလောင်နေသည်ကို တွေ့ရသဖြင့် အရပ်တစ်ပါးသို့ ကြွသွားတော်မူ၏။
ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်သူတို့က ရိုက်ကြသဖြင့် ထိုလယ်သမား သေဆုံးကာ မဟာအ၀ီစိငရဲ၌ ကျခံရပြီးလျှင် အကျိုးအကြွင်းအကျန်ဖြင့် ဂိဇ္ဈကုဋ်တောင်မှ မြွေပြိတ္တာကြီး ဖြစ်နေရ
လေသည်။
ဘုရားရှင်သည် မြွေပြိတ္တာ၏ အကုသိုလ်ကံကို ဟောကြားတော်မူပြီးလျှင် ထိုအကုသိုလ်ကံနှင့် အနုသန္ဓေဆက်စပ်၍ စည်းဝေးလာကြသော ရဟန်းများအား တရားစကား ဟောကြားတော်မူလိုသဖြင့်
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
ညှစ်ပြီးစ နို့ရည်သည် အချဉ်မပေါက်သေး သကဲ့သို့
ပြုပြီးစဖြစ်သော မကောင်းမှုသည် ရုတ်တရက် အကျိုးမပေးသေးပေ။
အကျိုးပေးသော အခါတွင်မူ ပြာဖုံးသော မီးကျီးခဲကဲ့သို့ ထိုသူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။
( ဓမ္မပဒ။ ဗာလ၀ဂ် )
Comments
Post a Comment