ဆိုင်ကယ်ကို စိတ်နာလွန်းလို့

ငယ်စဉ်ကလေးဘ၀ မြစ်ကြီးနားမှာတုန်းက ကြုံခဲ့ရတဲ့ ဟာသလေးတစ်ခုပါ။
၈၈ အရေးအခင်းမတိုင်မီအချိန်ထိတော့ မြစ်ကြီးနားမှာ လူတိုင်း စက်ဘီးပဲ စီးကြပါတယ်။
၈၈ နောက်ပိုင်း စီးပွားရေးတွေ ပွင့်လန်းလာတော့ ငွေကြေးတတ်နိုင်သူတွေက ဆိုင်ကယ်ဝယ်စီးလာကြတယ်။
အဲဒီတုန်းက ဟွန်ဒါဆူပါကပ်ဆိုင်ကယ်တွေ အရမ်းခေတ်စားခဲ့တာပေါ့ဗျာ။

အဲဒီအချိန် ဖားကန့်ရတနာမြေကလည်း အရမ်းခေတ်ထလာပါတယ်။
ဖားကန့်ဟာ ဆင်းရဲသားဘ၀ကနေ သူဌေးဘ၀ နေ့ချင်းညချင်းပြောင်းလဲစေတဲ့ ထွက်ရပ်လမ်းကြီးတစ်ခုပေါ့။
ဒီလိုနဲ့ တစ်နေ့မှာ အရမ်းရိုးအပြီး ဆင်းရဲတဲ့ တောသား ကျောက်တူးသမား ကိုဂွတို (အမည်လွှဲ) တစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကျောက်အောင်ရာကနေ သူဌေးလေးဘ၀ရောက်ရှိသွားပါတယ်။
ဒီတော့ သူလည်း စတိုင်၊ မလိုင်ထုတ်ဖို့ မနှေးအမြန် ဆိုင်ကယ်တစ်စီးသွားဝယ်ပါတော့တယ်။

ကိုဂွတိုဟာ အတန်းပညာ (၃)တန်းသာတတ်ပြီး စိတ်အလွန်မြန်သူတစ်ယောက်ပါ။ ဘာပဲလုပ်လုပ် သိပ်မစဉ်းစားပဲ တဇွတ်ထိုးလုပ်တတ်တယ်။
ဆိုင်ကယ်အသစ်လေးသာ ၀ယ်လာတာ ဘယ်လိုစီးရမယ်ဆိုတာလည်း လုံးဝသိတာမဟုတ်ဘူး။
ဒါနဲ့ သူငယ်ချင်း ၀င်းကြိုင်ကို ဆိုင်ကယ်မောင်းသင်ပေးဖို့ အကူအညီတောင်းတယ်။ ၀င်းကြိုင်က ရှေ့ကမောင်း၊ ကိုဂွတိုက နောက်ကခွစီးပြီး မြို့ပြင်က မြစ်ကြီးနားကောလိပ်ဖက်ကို ထွက်လာခဲ့ကြပါတယ်။

မြစ်ကြီးနားကောလိပ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလိပ်လေတပ်ရဲ့ ယာယီလေယာဉ်ကွင်းဖြစ်ခဲ့တာကြောင့် ကောလိပ်အရှေ့ကလမ်းမကြီးဟာ လေယာဉ် ပြေးလမ်းဟောင်းကြီးပါ။
အရမ်းကျယ်ပြီး ရှည်လျားတဲ့လမ်းမကြီးမို့ ဆိုင်ကယ်စီး စသင်မယ့်သူတွေ လာလေ့ရှိတဲ့နေရာတစ်ခုပေါ့ဗျာ။

ကိုဂွတို နဲ့ ၀င်းကြိုင်တို့ ညနေ ၄နာရီလောက်မှာ အဲဒီ ကောလိပ်လမ်းမကြီးကို ရောက်ပါတယ်။
သူငယ်ချင်း ၀င်းကြိုင်က ကိုဂွတိုကို ဆိုင်ကယ်စီး (၅)မိနစ်လောက်သင်ပြရုံ ရှိတုန်း စိတ်မြန်တဲ့ကိုလှမျိုးဟာ ရပြီ...ရပြီဆိုပြီး ဆိုင်ကယ်ကို လီဗာဟဲကာ ၀ူးကနဲ မောင်းထွက်သွားပါတော့တယ်။
လေယာဉ်ပြေးလမ်းအဆုံးနှစ်ဖက် ဆိုင်ကယ်ကို ခေါက်တုံ့ခေါက်ပြန် တစ်ယောက်တည်း ကျေနပ်စွာ မောင်းနေပါတော့တယ်။
သူ့ကို စောင့်နေတဲ့ ၀င်းကြိုင်က ရပ်စောင့်နေရင်း နည်းနည်းကြာတော့ အိမ်မှာ အရေးကြီးအလုပ်တစ်ခုရှိတာ သတိရလို့ တစ်ခြား ဆိုင်ကယ်စီးလာသင်သူတစ်ယောက်နဲ့ အိမ်ပြန်သွားပါတယ်။
ကိုဂွတိုတစ်ယောက်ကတော့ ၀င်းကြိုင် ပြန်သွားတာလည်း လုံးဝဂရုမစိုက်ပဲ မိုးမမြင်လေမမြင် ဆိုင်ကယ်ကို အစွမ်းကုန်ထင်တိုင်းကြဲနေတာပေါ့လေ။

ဒီလိုနဲ့ ညနေ (၅)နာရီရောက်လာတော့ ကိုဂွတို တစ်ယောက် ဆိုင်ကယ်မောင်းရင်း ဆီးသွားချင်သလိုဖြစ်လာလို့ ဆိုင်ကယ်ကို ရပ်မယ်ကြံတော့မှ ရှိသမျှ ဆံပင်မွေးအကုန်ထောင်သွားပါတော့တယ်။
ဘာလို့လဲဆိုတော့ သူငယ်ချင်းဆီက ဆိုင်ကယ်ထွက်ပုံထွက်နည်းသာသင်ခဲ့မိပြီး ဆိုင်ကယ်ကို ဘယ်လို ဘရိတ်အုပ်သလဲ၊ ဘယ်လိုစက်သတ်ရသလဲဆိုတာ လုံးဝမသင်မိခဲ့လိုက်လို့ပါ။

ဒါပေမယ့် ငါလိုသူဌေးလေးတစ်ယောက်က ဆိုင်ကယ်မရပ်တတ်ဘူးဆိုရင် သိက္ခာကျရချည်ရဲ့ဆိုပြီး လေယာဉ်ပြေးလမ်းရှည်ကြီးမှာ ဟန်မပျက် ဆိုင်ကယ်ဆက်မောင်းနေပါတယ်။
မောင်းရင်း ညနေ (၆)နာရီထိုးပြီမို့ မှောင်စ ပြုပြီ။
တစ်ခြားဆိုင်ကယ်မောင်းသင်သူတွေ အားလုံး ပြန်သွားကြပြီ။
ကိုဂွတိုခမျာ လက်အံသေလို့ သေတော့မယ်။ ခေါင်းမူးတာလည်း ချာချာလည်နေပြီ။ ရေလည်းဆာလိုက်တာ။ ဆီးလည်း သွားချင်လိုက်တာမှ ဗိုက်ကို ပေါက်မတတ်ပဲ။ ကောလိပ်ကျောင်းနားမှာ ရှိတဲ့ တဲအိမ်ကလူတွေကလည်း ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပြီ။

တောင့်ထား......ငါဟဲ့ သူဌေးသား.....ဟန်ကိုယ့်ဖို့ကွ.....
ကျောက်တူးလာတဲ့ကောင်........ဒါလောက်ပင်ပန်းတာတော့အပျော့ပေါ့.... တောင့်ထား...

ည(၇)နာရီ....
လက်အံသေ..သေ.... ခေါင်း အရမ်းမူး.....မူး.....
ဗိုက်အရမ်းဆာ၊ ရေအရမ်းငတ်၊ သေးအရမ်းပေါက်ချင်....ချင်....
ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်အတိ...
ဘာမှလည်း မမြင်ရတော့ဘူး...
ဆိုင်ကယ်မီးကို ဘယ်လိုဖွင့်ရသလဲ ငါမသိဘူး....
ဟိုခွေးမသား.....၀င်းကြိုင် ဘယ်သွားသေနေလဲ လဲ လဲ.......
မရတော့ဘူး....ဟိုက် ...သွားပြီ...မွေးမေလေ့...
ဖွတ်....ဖွတ်.......၀ုန်း....ဒိုင်း....

ဆိုင်ကယ် ဆီကုန်သွားပြီး သူ့အလိုလို ထိုးရပ်၊ လဲသွားတာပါ။
ကိုဂွတိုလည်း ဆိုင်ကယ်ပေါ်က ခွေးကျ ကျသွားပါတော့တယ်။
ဒလိမ့်ခေါက်ကွေးလိမ့်ကျတော့ နဂိုကတည်းက ဗိုက်ကွဲမတတ် သွားချင်နေတဲ့ ဆီးကလည်း ဘယ်လိုမှ မအောင့်နိုင်တော့ပဲ ရုတ်တရက် ဒလဟော ထွက်သွားတော့ တကိုယ်လုံးကိုရွှဲရော......

နောက်ဆုံးမတော့... နံဘေးက အရိပ်အခြေကြည့်နေကြတဲ့ ဒေသခံများက လာရောက်ပြီး ကိုဂွတိုကို သူတို့အိမ် ပွေ့ခေါ်သွားပေးကြပါတော့တယ်။
တစ်ကိုယ်လုံးသေးစိုနေတဲ့ ကိုဂွတိုတစ်ယောက် ဒေသခံတွေအိမ်မှာပဲ ရေချိုး၊ အ၀တ်လဲ၊ အနာတွေဆေးထည့်၊ ထမင်းစား၊ ညအိပ်ပြီး မနက်ကျမှ ၀င်းကြိုင်ကို လာကြိုခိုင်းပြီး ကုပ်ချောင်း၊ ကုပ်ချောင်းနဲ့ ပြန်ရပါတော့တယ်။
အဲဒီကတည်းက ကိုဂွတိုတစ်ယောက် ဆိုင်ကယ်ကို စိတ်နာလွန်းလို့ အရှုံးခံရောင်းပစ်လိုက်ပါလေရောဗျာ။ 
                                                                  Kyaw Hlaing Win

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)