ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ

ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ

အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင် သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ် သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပါယ် ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု
တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို
အကဲဖြတ်၍ မရနိုင်သည်ကို လူသားတိုင်း အလေးဂရုပြုအပ်ပေသည် ။

ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထု တစ်ရပ်လုံး ကိုးကွယ်အားထားရာ ဘာသာကြီး လေးခုအနက်မှ တစ်ခုအပါအ၀င် ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြရာ အချို့ မှာအပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ၏ တန်ဖိုးကို အကဲဖြတ်ကြ ၊ စာအုပ်စာတမ်းများ ရေးသားပြုစု ကြသည်များလည်း ရှိသည် ။
ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်း မရှိသူအချို့ က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုးပူဇော်သည့် အလေ့ အထကို ရုပ်ထုကိုးကွယ်မှု အဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည် ။ ယင်းအလေ့အထသည် သူတို့ အမြင်တွင် အဓိပ္ပါယ်မဲ့ကောင်း မဲ့နေပေလိမ့်မည် ။

သို့ရာတွင် ဘာသာတရား အဆုံးအမနှင့် အညီ မြင့်မြတ်သော ဘ၀တစ်ခုအား မည်သို့ ဆောက်တည် ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင် ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ ။ ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့ အထသည် ဗုဒ္ဓ၏ သစ္စာဥာဏ် ၊ ပါရမီ ၊ အသိပညာ ၊ ဂုဏ်ကျေးဇူး များနှင့် လူသားတို့ ကောင်းကျိုးအတွက် မြင့်မြတ်သော စွန့်လွှတ်မှုတို့အား အသိ အမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ်သည် ။ အဆိုပါ အကြောင်းတရားတို့အား သိနားလည်မှုမရှိသည့်အတွက် ဗုဒ္ဓ ရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။

ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား ပူဇော် ဂါရ၀ပြုခြင်းသည် မဖြစ်မနေလုပ်ဆောင် ရမည့် ကိစ္စပေလောဟုပြန်လည် သုံးသပ်ကြည့်သင့် ပေသည် ။ ဆင်းတု ၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း ဗုဒ္ဓရုပ်ပွား တော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပါယ်ရှိပြီး အကျိုးယုတ်စရာ မရှိသည့် ယုံကြည် ကိုးကွယ်မှုဆိုင်ရာ အလေ့အထတစ်ရပ်သာ ဖြစ်ပေသည် ။ မြင့်မြတ် စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန် အလို့ငှာ အဘယ့်ကြောင့် ဤကိစ္စကို ရှေ့တန်းတင် အသုံးချနေကြသည် ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များ အဖို့ နားလည်ရန် ခက်ခဲလှပေသည် ။

ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ ဆရာသခင်အား ပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင် အဖွဲ့အစည်း၏ ကိုယ့်ကျင့် တရား ဆိုင်ရာမူဝါဒ တစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏ လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာ ရောက်နေပါသလော ။ အကယ်စစ်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေး အခမ်းအနားများ ကျင်းပရန် မည်သည့် အခါကမျှ အဆိုမပြုခဲ့ပဲ ဓမ္မကိုဖြန်ဖြူးရန်နှင့် မှန်ကန် မြင့်မြတ်သော ဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည် ။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်အခါက ဗုဒ္ဓ၏ နောက်လိုက် သံဃာတော်များအား ဗုဒ္ဓ ကိုယ်စား ရုပ်ပွားဆင်းတုများ ထုလုပ် ကိုးကွယ်ကြရန်လည်း မည့်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ ။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံး ရာစု သုံးစုခန့်ကြာမှ ဗုဒ္ဓ၏ နောက်လိုက် သံဃာတော်များက အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည် ။ ရုပ်ပွား တော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု ၊ ဂရုဏာတရား ၊ ပညာဥာဏ် နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည် အသွေးများအား ကိုယ်စားပြုလျက်ရှိသည် ။ မည်သို့ပင်ဆိုစေ ဗုဒ္ဓ ရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး ၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည် ။

ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေး အစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသော တည်ငြိမ် အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည် ။ သို့ဖြစ်ရာ သူတို့၏ နေအိမ် ၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုး ထားလေ့ ရှိကြသည် ။ ထိုသို့ လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့် ရုပ်ပွားတော် များအား မိမိတို့ အနီးဝန်းကျင်တွင် ထားရှိဖူးမြှော် အာရုံပြုခြင်းသည် ကျန်းမာရေး အတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။
အခြား တစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင် အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ် ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏ အရေးကြိးဆုံး အနှစ်သာရ အဖြစ် သဘော ထားကာ သူတို့၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညို ကိုင်းရှိုင်းမှုဆိုင်ရာ အသွင် သဏ္ဌာန်၌သာ အဓိကဗဟိုပြု အားထားနေကြ သည်ကိုလည်း တွေ့ရပေသည် ။ ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများ မဟုတ်ပါဟု ငြင်းဆို ပြောကြားရန်ခက်လှပေသည် ။

ထိုသူတို့သည် ဒဏ္ဏာရီဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည် ။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင် ၊ လက်ဟန် ခြေဟန် ၊ မျက်လုံးနှင့် ဦးဆောင်းတော်တို့ကို ပုံစံအမျိုးမျိုးဖြင့် ထုလုပ်ကြသည် ။ မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင် ဆန်စေခဲ့သည် ။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင် နတ်ဘုရားအသွင် သို့ပြောင်းစေခဲ့ကြသည် ။ ယင်းရုပ်ပွား တော်များထံတွင် ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏ လောကီရေးရာ လိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ် နေကြသည် ။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ် သူတို့၏ အသိဥာဏ်ခေါင်းပါးမှု နှင့် ကစဉ့်ကလျား ဖြစ်နေသည့် စိတ်နေ သဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှသာဖြစ်ပေသည် ။

ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကို အလေးအနက်ထား အာရုံပြုလျက် အဆိုပါ ရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလ ဖြစ်ပေသည် ။ ကိုးကွယ် ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည် ။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်း သွားနိုင်ပေ လိမ့်မည် ။ ကျွန်ုပ်တို့သည် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံး သွားနိုင်ပါသည် ။ သို့သော်မိမိတို့၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒ အတွင်း သွပ်သွင်းခြင်းဖြင့် အရိုးကို အရွက် ဖုံးစေရန်ကား မပြုအပ်ပေ ။ အဘယ့်ကြောင့်ဆိုသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များက သူတို့၏ လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများအား သားစဉ်မြေးဆက် ခံယူကျင်းပကြသည်ကို ဘာသာခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာ မှတ်ယူတတ်ကြသော ကြောင့်ဖြစ်သည် ။

ဘာသာရေး အယူသီးသည့် အစွန်းရောက် ဘာသာခြားအဖွဲ့အစည်း အချို့ ကလည်း ဗုဒ္ဓဘာသာဝင် ပညာမဲ့တို့အား သူတို့၏ ဂိုဏ်းဂဏအတွင်းသို့ ကူးပြောင်း ၀င်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက် ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင် ယင်းအခြေ အနေအား အသုံးချ အမြတ်ထုတ်လေ့ ရှိကြသည်ကို ကျွန်တော်တို့ သတိပြု အပ်သည်။ ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်း သဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပလိုသူများ အနေဖြင့် ဗုဒ္ဓ၀ါဒ နှင့် ထွေးရောယှက်တင် မဖြစ်စေရန် ယင်းတို့ကို ဗုဒ္ဓဘာသာ ဘုရားကျောင်းကန် တို့၏ ပြင်ပတွင်သာ ကျင်းပသင့်သည် ။ ဗုဒ္ဓ၀ါဒကို လူထုအကြား အထင်အမြင် လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန် အခွင့်သာစေမည့် အဆိုပါအလေ့ အထများအား ခွင့်မပြုမိရန် သတိကြီးစွာထားကြရမည် ။

ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ် တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင် လွဲမှားစေခြင်းသည် မိမိတို့ယုံကြည် ကိုးစားရာ ဘာသာတရား အဓွန့်ရှည်စွာ တည့်တံ ပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်သည် ဆိုခြင်းကို ကျွန်တော်တို့ အလေး ဂရုပြုသင့်ကြောင်းရေးသား တင်ပြလိုက်ရပါတော့သည် ။

ဝင်းသိန်းဦး ရေးသားသည့် ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်း ဖြစ်သည် ။

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)