ဗုဒ္ဓ၏ ဒဿနတရားတော်

ဗုဒ္ဓဘုရားရှင်သည် အမှန်တရားကို ရှာဖွေရာတွင် သဘာဝတရား အပေါ်၌ ချဉ်းကပ်၍ ရှာဖွေခဲ့သည်။   လောက သဘာဝကို အခြေခံကျစွာ သုံးသပ်ကြည့်ရှုခဲ့သည်။ ထိုအခါ လောက သဘာဝ၌ တကယ်တမ်း ရှိနေသော တရား ၄-မျိုးကို တွေ့မြင်လာရသည်။
(၁) အာရုံကို သိတတ်သော စိတ်သဘာဝတရား ၊
(၂) စိတ်ကို အမှီပြု၍ ဖြစ်ပေါ်တတ်သော စေတသိက်သဘာဝတရား ၊
(၃) ဖောက်ပြန် ပြောင်းလဲနေသော ရုပ်သဘာဝတရား ၊
(၄) စွဲလမ်းမှုများမှ လွတ်မြောက်သော နိဗ္ဗာန်သဘောတရား ၊

ဖော်ပြပါ သဘာဝတရား ၄-ပါးတို့သည် တကယ်တမ်း ရှိနေသော သဘာဝတရားများ ဖြစ်သည်။ ထိုအရှိ တရား ၄-ပါးတို့တွင် နိဗ္ဗာန်ဟူသော သဘာဝတရားမှာ ဗုဒ္ဓကိုယ်တိုင် ရှာဖွေ တွေ့ရှိခဲ့သော ဓာတ်သဘာဝ တစ်ခု ဖြစ်သည်။ နိဗ္ဗာနဓာတ်သည် လူသားတို့၏ ငြိမ်းချမ်းမှုကို အစဉ်ထာဝရ ပေးနေသော ဓာတ်သဘာဝ
လည်း ဖြစ်၏။ ဗုဒ္ဓဘာသာတို့၏ အထွတ်အထိပ်ဖြစ် သော ဓာတ်လည်း ဖြစ်သည်။ နိဗ္ဗာနဓာတ်၏ အနှစ်သာရ သဘာဝကို ရရှိနိုင်ရန်အတွက် ဗုဒ္ဓဘာသာဝင်တိုင်း အပတ်တကုတ် ကြိုးစား အားထုတ်နေကြလေသည်။
ဗုဒ္ဓဘုရားရှင်သည် နိဗ္ဗာနဓာတ်သဘာဝကို သိမြင်ခံစားနိုင်ရန်အတွက် ဒေသနာ အစားစားဖြင့် ဟောကြားပြ ခဲ့သည်။ နိဗ္ဗာနဓာတ်ကို သိမြင်နိုင်ရန်အတွက် အားထုတ်ကြရာ၌ ရှောင် ကြဉ်ရမည့် ကိစ္စတို့ကို ရှေးဦးစွာ   ဟောပြထားသည်။
- ကာမဂုဏ် အာရုံနောက်သို့ ရမ္မက်ကြီးစွာ လိုက်၍ ခံစားနေသဖြင့် နိဗ္ဗာနဓာတ်ကို မသိနိုင် ။
- မိမိခန္ဓာကိုယ်ကို အဆင်းရဲခံ၍ ပင်ပန်းကြီးစွာ ကျင့်နေသဖြင့်လည်း နိဗ္ဗာနဓာတ်ကို မသိနိုင် ။
မှန်ပေသည်။ နိဗ္ဗာနဓာတ် သဘောကို ဥာဏ်စက္ခုဖြင့်သာ သိရှိနိုင်၏။ ခန္ဓာကိုယ်ကို အပင်ပန်းခံ၍ ကျင့်ကြံခြင်းဖြင့် ဥာဏ်လမ်းကြောင်းပေါ်သို့ မရောက်နိုင်ပေ။

ဗုဒ္ဓဘုရားရှင် ကိုယ်တိုင် ၆-နှစ်ကြာမျှ ခန္ဓာကိုယ်ကို အပင်ပန်းခံ၍ ကျင့်ကြံခဲ့ဖူးသည်။ အပင်ပန်းခံလျှင် အမြင်မှန် ရလိမ့်မည်ဟုလည်း ယုံကြည်ခဲ့သည်။ ထိုအချိန်က အိန္ဒိယနိုင်ငံရှိ ရိုးရာကျင့်ထုံးများမှာ အများ အားဖြင့် ခန္ဓာကိုယ်ကို ညှဉ်းပန်းရသော ကျင့်ထုံးများ ဖြစ်သည်။
ဗုဒ္ဓလောင်းလျာ လိုချင်သည်ကား ဘ၀ငြိမ်းချမ်းမှု ဖြစ်၏။ ငြိမ်းချမ်းမှု ရရှိရန်အတွက် ခန္ဓာကိုယ်ကို ညှဉ်းပန်း ကျင့်ရသည်။ ခန္ဓာကို ညှဉ်းဆဲသဖြင့် ခန္ဓာဒုက္ဓသာ ရခဲ့သည်။ ဘ၀ငြိမ်းချမ်းမှုကို မရခဲ့ပေ။ ထို့ကြောင့် ရိုးရာကျင့်ထုံးများကို လက်လွှတ်ပြီး ဘ၀ငြိမ်းချမ်းမှုကို မဇ္ဈိမပဋိပဒါခေါ် အလယ်အလတ် လမ်းစဉ်ဖြင့် ရှာဖွေခဲ့သည်။ ထိုအခါမှ ငြိမ်းချမ်းသော နိဗ္ဗာနဓာတ်ကို တွေ့သိရ သည်။
ဗုဒ္ဓဘုရားရှင်သည်-
(၁) ဆင်းရဲခြင်း တရားကိုလည်းကောင်း ၊
(၂) ဆင်းရဲခြင်း အကြောင်းတရားကိုလည်းကောင်း ၊
(၃) ငြိမ်းချမ်းမှု တရားကိုလည်းကောင်း ၊
(၄) ငြိမ်းချမ်းခြင်း အကြောင်းတရားကိုလည်းကောင်း-

ကိုယ်ပိုင်ညာဏ်ဖြင့် တွေ့မြင်လာသည်။ ထို ၄-မျိုးကို သစ္စာ (အမှန်တရား) လေးပါးဟု ခေါ်ဆို၏။ ယင်း ၄-ပါး၏ အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဆင်းရဲခြင်းတရား။ ။ ပဋိသန္ဓေ နေရခြင်း၊ အိုမင်းရခြင်း၊ နာဖျားရခြင်း၊ သေဆုံးရခြင်း၊ မချစ်သူနှင့် ပေါင်းရခြင်း၊ ချစ်သူနှင့် ခွဲရခြင်း၊ အလိုရှိသော အာရုံကို မရခြင်း၊ အကျဉ်းအား ဖြင့် စွဲလမ်းမှုအာရုံဖြစ်သော ရုပ်နာမ်အစုတို့သည် ဆင်းရဲခြင်းတရား မည်၏။
(၂) ဆင်းရဲကြောင်းတရား။ ။ ပြင်းပြသော လိုချင်မှု (၀ါ) တဏှာသည် ဘ၀သစ်ကိုမျှော်လင့် ဖြစ်ပေါ်လေ့ ရှိ၏။ ထိုတဏှာသည် ကာမကို စွဲလမ်းခြင်း၊ ဘ၀ကို စွဲလမ်းခြင်း၊ ၀ိဘ၀ကို စွဲလမ်းခြင်းများ ဖြစ်ပေါ်စေသည်။ ထိုအစွဲအလမ်းများသည် ဆင်းရဲကြောင်းတရားများ ဖြစ်သည်။
(၃) ငြိမ်းချမ်းမှုတရား။ ။ စွဲလမ်းမှုတရား၏ ကင်းရာ၊ ချုပ်ငြိမ်းရာ၊ တဏှာ၏ ကပ်ငြိခြင်းကင်းရာ နိဗ္ဗာန်သည် ရှိ၏။ ထိုနိဗ္ဗာန်ဟူသော သဘောတရားသည် ဆင်းရဲ၏ ချုပ်ငြိမ်းရာ ငြိမ်းချမ်းမှု အမှန် ဖြစ်၏။
(၄) ငြိမ်းချမ်းခြင်း အကြောင်းတရား။ ။ နိဗ္ဗာနဓာတ်သဘောကို သိရှိနိုင်ရန်အတွက် အခြေခံတရား ၈-ပါး ရှိသည်။ ထို ၈-ပါးကို မဇ္ဈိမပဋိပဒါလမ်းစဉ်ဟု ခေါ်သည်။ မဂ္ဂင် ၈- ပါးဟုလည်း ခေါ်၏။
မဂ္ဂင်ရှစ်ပါး မြတ်တရား
(၁) သမ္မာဒိဋ္ဌိ။ ။ မှန်ကန်သော အသိအမြင်ကို ခေါ်သည်။ ဒုက္ခသစ္စာကို သိမြင်ခြင်း၊ ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊ ဒုက္ခ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့   ရောက်ကြောင်း အကျင့်ကို သိမြင်ခြင်း ၊
(၂) သမ္မာသင်္ကပ္ပ။ ။ မှန်ကန်သော အကြံအစည်ကို ခေါ်သည်။
ကာမဂုဏ်အစွဲမှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊ သူတစ်ပါးတို့အတွက် ကောင်းစားရေး ချမ်းသားရေးကို ကြံစည်ခြင်း၊ သနားရှေးရှု၍ သတ္တ၀ါတို့၏ ချမ်းသာရေးကို ကြံစည်ခြင်း ၊
(၃) သမ္မ၀ါစာ။ ။ မှန်ကန်သောစကား ပြောဆိုခြင်းကို ခေါ်သည်။ မဟုတ်မမှန် ပြောဆိုခြင်း၊ ကုန်းတိုက် စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြော ဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
(၄) သမ္မာကမ္မန္တ။ ။ မှန်ကန်သောအမှု ပြုခြင်းကို ခေါ်သည်။ သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ကို ခိုးယူခြင်း၊ ၀တ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း ၊
(၅) သမ္မာအာဇီဝ။ ။ မှန်ကန်သော အသက်မွေးမှု ပြုခြင်းကို ခေါ်သည်။ အသက်မွေးမှု လုပ်ငန်း ကို ပြုလုပ်သောအခါ နှုတ်မှု စရိုက်ဆိုး ၄-ပါး၊ ကိုယ်မှု စရိုက်ဆိုး ၃-ပါးတို့ကို ရှောင်ကြဉ်ခြင်း ၊
(၆) သမ္မာဝါယာမ။ ။ မှန်ကန်သော အားထုတ်မှုကို ခေါ်သည်။
မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ဆက်လက် မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ထပ်မံ ပြန့်ပွားစေရန် အားထုတ်ခြင်း ၊ 
(၇) သမ္မာသတိ။ ။ မှန်ကန်သော အောက်မေ့မှုကို ခေါ်သည်။
ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ်နာမ် သဘာဝတို့၌ အကြိမ်ကြိမ် လေ့လာအောက်မေ့ခြင်း ၊ 
(၈) သမ္မာသမာဓိ။ ။ မှန်ကန်သော တည်ကြည်မှုကို ခေါ်သည်။
ရုပ်နာမ် သဘာဝကို ရှုမြင်ဆင်ခြင်ရာ၌ စိတ်ကို တည်ငြိမ်စွာ ထားရှိခြင်း ၊
အထက်ဖော်ပြပါ မဂ္ဂင်ရှစ်ရပ် တရားမြတ်ကို အုပ်စု အမျိုးအစား ခွဲခြားရာ၌ -
- သမ္မဒိဋ္ဌိ၊ သမ္မသင်္ကပ္ပတို့ကို ပညာမဂ္ဂင် ၌လည်းကောင်း ၊
- သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝတို့ကို သီလမဂ္ဂင် ၌လည်းကောင်း ၊
- သမ္မ၀ါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ကို သမာဓိမဂ္ဂင် ၌လည်းကောင်း ထည့်သွင်း
ဖွဲ့စည်းထားလေသည်။
ဤမဂ္ဂင်ရှစ်ပါးသည် သစ္စာခေါ် အမှန်တရားကို သိမြင်နိုင်သော တရားများ ဖြစ်သည်။ နိဗ္ဗာနဓာတ် ကို   တွေ့မြင်နိုင်သော အကြောင်းတရားများ ဖြစ်သည်။ နိဗ္ဗာဓာတ်၏ သဘာဝကို တွေ့မြင်သိရှိသော သူသည် ဗုဒ္ဓဘာသာ၏ အထွတ်အထိပ်ဖြစ်သော တရားဓမ္မကို ရရှိသူ မည်လေတော့သည်။
ဗုဒ္ဓဘုရားသည် မြင့်မြတ်သော အမှန်တရား (သစ္စာ) ၄-ပါးကို မိဂဒါဝုန် တောဝနာ၌ အစောဆုံး ဟောကြား ခဲ့သည်။ ဒေသနာတော်၏ အမည်ကို ဓမ္မစက္ကပ၀တ္တနသုတ် ဟု ခေါ်သည်။ ထိုသုတ်၌ ဟောထားသော   ဒေသနာ ထဲတွင် အဓိပ္ပာယ် ဖော်ယူရန် ခက်ခဲသော အကြောင်းအရာများလည်း ပါရှိသည်။ အဓိပ္ပာယ် အယူအဆများလည်း ကွဲပြားနိုင်သည်။
ဤသုတ်တော်၌သာ မဟုတ်။ ဗုဒ္ဓဘုရားရှင် ဟောကြားသော အခြား ဒေသနာတော်များ ၌လည်း အဓိပ္ပာယ် ဖော်ယူရန် လျှို့ဝှက် နက်ရှိုင်းသော ခက်ခဲ သိမ်မွေ့သောအကြောင်းရပ်များကို တွေ့ရှိကြရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀-ခန့်က ဟောကြားခဲ့သောဒေသနာစကား ဝေါဟာရ များမှ ရည်ညွှန်းချက်တို့ကို ယနေ့ခေတ်အမြင်နှင့် အဓိပ္ပာယ် ဖော်ယူရန် ခက်ခဲသည်မှာ အဆန်း မဟုတ်ပေ။
ထို့ပြင် ဗုဒ္ဓဟောကြားသော ဘာသာစကားကလည်း မြန်မာဘာသာ စကားမဟုတ်။
လွန်ခဲ့သော နှစ်ပေါင်း ၉၀၀-၀န်းကျင်က ပုဂံခေတ်ထိုး မြန်မာဘာသာရေး ကျောက်စာများကိုပင် မြန်မာတို့ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ ကောက်ယူ ဆုံးဖြတ်ချက်များ ကွဲပြား ခြားနားခဲ့ကြသည် မဟုတ်ပါလော။ မည်သို့ ရှိစေ၊ ဓမ္မစက္ကပ၀တ္တနသုတ်၌ ဟောကြားသော ဒေသနာတော်၏ လိုရင်းအချက်ကိုမူ သိနိုင်ကြပါသည်။ သတ္တ၀ါတို့ ဆင်းရဲဖြစ်ပေါ်နေရသည်မှာ တဏှာဟူသော စွဲလမ်းမှုကြောင့် ဖြစ်သည်။ တဏှာကို   ဖြတ်တောက်နိုင် လျှင် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ဓလည်း ပြတ်ကင်းသွားမည်။ ဆင်းရဲကင်းရာ နိဗ္ဗာန ဓာတ်ကိုလည်း တွေ့မြင်နိုင်မည် ဖြစ်လေသည်။

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)