ဆယ်ကျော်သက်တွေကြားထဲ တွင်ကျယ်နေတဲ့ Living together နဲ့ အရေးပေါ်တားဆေး

ဗေဒါ ။ ။ ဒီနှစ်လုပ်တဲ့ ဆေးသုတေသနညီလာခံမှာ အရေးပေါ်သန္ဓေတားဆေးနဲ့ပတ်သက်ပြီး လုပ်ထား တဲ့ သုတေသန စစ်တမ်းတစ်စောင်က စိတ်ဝင်စားစရာပဲဗျ။

ရွှေကြာ ။ ။ ဆိုစမ်းပါဦး ...။ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ ပါနေလို့လဲ။

ဗေဒါ ။ ။ ဒီလိုလေဗျာ ...။ အရေးပေါ်တားဆေးဆိုတာက ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ အရေးပေါ် အခြေအနေမျိုးဖြစ်မှသုံးရတဲ့ သန္ဓေတားဆေးလေ။ ဒီဆေးကို မကြာခဏသုံးစွဲဖန်များရင် ရေရှည်မှာ ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်လို့ဆရာဝန်တွေလည်း ပညာပေးနေတာပဲ။ ဒါပေမဲ့ ဒီဆေးပေါ် လာပြီးနောက်ပိုင်းမှာဆယ်ကျော်သက်အတော်များများက သုံးစွဲနေကြတော့ လူမှုရေးဘ၀တွေမှာပါ အမူ အကျင့်တွေ ပြောင်းလဲလာတယ်ဗျ။ အထူးသဖြင့် မြို့ပြလူငယ်ထုကြားထဲမှာ ဒီဆေးက တွင်တွင်ကျယ် ကျယ် သုံးလာနေကြတာ တွေ့ရတယ်။

ရွှေကြာ ။ ။ ခင်ဗျားခုနကပြောတဲ့ ဆေးသုတေသနညီလာခံစာတမ်းက အရေးပေါ် သန္ဓေတားဆေးတွေနဲ့ ပတ်သက်ပြီး

ဘယ်လိုလေ့လာတွေ့ရှိချက်တွေများ ...ထူးထူးခြားခြား ရှိနေလို့လဲ။

ဗေဒါ ။ ။ ဒီစစ်တမ်းမှာ အဓိကပြောထားတာက ဆေးဆိုင်တွေရဲ့ဆေးရောင်းချတဲ့သူတွေရဲ့ အရေးပေါ် သန္ဓေတားဆေးအပေါ်ထားတဲ့ သဘောထားခံယူချက်နဲ့ ဒီ ဆေးအပေါ် ဗဟုသုတဘယ်လောက်ရှိသလဲ ဆိုတာကို သုတေသနလုပ်ထားတာလေ။ ဒီသုတေသနကို ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဆေးရောင်းသူတွေ ကို အထက်မြန်မာပြည် ဆေးသုတေသန ဦးစီးဌာနကလုပ်ထားတာဗျ။ ၂၀၁၂ ကနေ ၂၀၁၃ အထိ တစ်နှစ်တိတိ ဆေးရောင်းတဲ့သူ ၆၇ ယောက်ကို မေးခွန်းလွှာတွေနဲ့ မျက်နှာချင်းဆိုင်မေးမြန်းတာ၊ဆေး ရောင်းတဲ့သူ အယောက် ၃၀ နဲ့ဝိုင်းဖွဲ့ ဆွေးနွေးတာ၊ ဆေးရောင်းတဲ့သူ သုံးယောက်နဲ့ တစ်ဦးချင်း အသေးစိတ်မေးမြန်းဆွေးနွေးတာ၊ ဆေးဆိုင် ၁၂ ဆိုင်မှာ အရေးပေါ် သန္ဓေတားဆေးဝယ်ဟန်ဆောင်ပြီး ဆန်းစစ်တာ ...စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့စစ်တမ်းလုပ်ခဲ့တာပါ။

ရွှေကြာ ။ ။ ဟ...နည်းနည်းတော့ စိတ်ဝင်စားလာပြီ။ ဆိုစမ်းပါဦး။ အဖြေက ဘယ်လိုထွက်လာသလဲ။

ဗေဒါ ။ ။ ဆေးရောင်းတဲ့သူတွေရဲ့ထက်ဝက်နီးပါးက ဆေးနဲ့ပတ်သက်တဲ့ သင်တန်းတက်ဖူးသလို ဗဟု သုတမြင့်တဲ့အနေ အထားမျိုးမှာရှိနေတာ တွေ့ရတယ်။ ဒါပေမဲ့ ဆေးရောင်းသူတွေရဲ့ ၈၀ ရာခိုင်နှုန်း ကျော်ဟာ ဆေးညွှန်းပါတာ၊ မပါတာကို အလေးမထားဘဲ အရေးပေါ်သန္ဓေတားဆေး လာဝယ်ရင် ရောင်းလိုက်တာပဲဗျ။ ဆိုလိုတာက ဆေးရောင်းတဲ့သူတွေဟာ သဘောထားခံယူချက် ခိုင်ခိုင်မာမာ မရှိဘူးဆိုတဲ့ အဖြေမျိုးထွက်နေတာပေါ့ဗျာ။

ရွှေကြာ ။ ။ ဟ ...ဆေးရောင်းတယ်ဆိုမှတော့ ကိုယ့်ဆိုင်မှာ ဆေးလာဝယ်ရင် ဘယ်သူမဆို ရောင်းကြ မှာပဲလေ။


ဗေဒါ ။ ။ ဒီလိုလည်း မဟုတ်သေးဘူးလေ။ ဆေးဝါးဆိုတာမျိုးက ဆေးဝါးမှတ်ပုံတင်ရှိတဲ့ဆေးတွေကို ဆရာဝန်လက်မှတ်နဲ့မှ ရောင်းလို့ရမယ့်ဆေးမျိုးရှိသလို၊ဆရာဝန်လက်မှတ်မပါလည်း ကိုယ့်သဘော နဲ့ကိုယ် ရောင်းလို့ရတဲ့ဆေးလည်း ရှိတာပဲလေ။ ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင်တော့ အရေးပေါ် သန္ဓေတားဆေးဆိုတာက ဆေးကုမ္ပဏီကြီးတွေက တရားဝင်မှတ်ပုံတင်နဲ့သွင်းတဲ့ဆေးတွေလည်း ဖြစ်တယ်။ပြီးတော့ ဆရာဝန်လက်မှတ်နဲ့မှ ရောင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိတဲ့အခါကျတော့ ဆေးဆိုင်တိုင်းကတော့ ရောင်းကြမှာပဲဗျ။

ရွေကြာ ။ ။ နေစမ်းပါဦးဗျ ...။ ခင်ဗျားလည်း ဆေးရောင်းဖူးတယ်ဆိုတော့ အရေးပေါ်သန္ဓေတားဆေးက ဘယ်သူတွေက ဒီလောက်တောင် သုံးနေကြလို့လဲ။


ဗေဒါ ။ ။ အရေးပေါ်တားဆေးဝယ်တဲ့ သူတွေအများစုက ဆယ်ကျော်သက် လူငယ်တွေများတယ်။ တချို့ဆိုရင် ၁၄နှစ် ပတ်ဝန်းကျင်လောက် လူငယ်တွေတောင် ပါနေသေးတယ်။ တစ်ခါတလေများဆိုရင် ဆယ်ကျော်သက် ကောင်မလေးကိုယ်တိုင် လာဝယ်တာမျိုးတောင် ရှိတယ်။ သူတို့မှာ ရှက်တဲ့စိတ်၊ စိုးရိမ်ကြောင့်ကြတဲ့စိတ်တောင် သိပ်မတွေ့ရဘူးဗျ။ ဒီတော့ ဆယ်ကျော်သက်လူငယ်တချို့ အရွယ် မတိုင်ခင်မှာ ဒီလို ဖြစ်နေတာတွေ့ရလို့ စိတ်မသက်မသာ တော့ ဖြစ်မိတာပေါ့ဗျာ။ ဒါပေမဲ့ ခုနက ပြောသလိုပဲ ဘောင်ဝင်နေတယ်ဆိုတော့လည်း ရောင်းလိုက်ရတာပဲလေ။ တစ်ခုတော့ ရှိတယ်ဗျ ... ဒီဆေးအရောင်းသွက်ဆုံး အချိန်ကတော့ စနေ၊ တနင်္ဂနွေနဲ့ ပြန်တမ်းဝင်ရုံးပိတ်ရက်တွေမှာပဲဗျ။ ဒီလောက်ဆိုရင် ခင်ဗျားလည်း ရုပ်လုံးဖော်နိုင်လောက်ပြီ ပေါ့ ...ဟ ...ဟ။


ရွှေကြာ ။ ။ ပြောတော့ အရေးပေါ် သန္ဓေတားဆေးဆိုပြီး ...ဘယ်လိုဖြစ်လို့ ခဏခဏ သုံးနေကြတာလဲ။

ဗေဒါ ။ ။ ဟ ...ခင်ဗျားကလည်း ဒုန်းဝေးလိုက်တာ။ မကြာခဏ အရေးပေါ်နေလို့ ဖြစ်မှာပေါ့။

ရွှေကြာ ။ ။ ဒီလိုသာ မကြာမကြာသုံးနေရင် ဘေးအန္တရာယ် မရှိနိုင်ဘူးလား။

ဗေဒါ ။ ။ ခုနက ပြောပြီးပြီလေ။ ဒီ အရေးပေါ်သန္ဓေတားဆေးကို ရေရှည်သုံးရင် ကျန်းမာရေး ထိခိုက် နိုင်တယ်ဆိုတာ ကျန်းမာရေးပညာပေးတွေ လုပ်နေသလို ဆေးအညွှန်းမှာလည်း အတိအလင်းဖော် ပြထားတာပဲဗျ။ ဒီဆေးကို ဆက်တိုက်သုံးမယ်ဆိုရင် တစ်ချိန်မှာ သန္ဓေတားနိုင်တဲ့ အာနိသင်မရှိတော့တဲ့ အဆင့်ထိ ဖြစ်သွားနိုင်တယ်လေ။ ဒါပေမဲ့ ကိုယ်ကလည်းမလိုချင်၊ အခြေအနေတစ်ခုခုကြောင့် မယူနိုင်၊ မရသင့်တဲ့ အနေအထားမျိုး ဆိုရင်တော့ ဒီဆေးနဲ့ ပြဿနာကိုဖြေရှင်းတာက စိတ်ကူးတည့်ရာလုပ်မိလို့ အသက်အန္တရာယ်ရှိနိုင်တာထက်စာရင်တော့ လက်ခံရမယ့် သဘောတော့ ရှိတာပေါ့ဗျာ။

ရွှေကြာ ။ ။ အေးဗျာ ...။ ဆေးပညာရပ်တွေ အရမ်းထွန်းကားခေတ်မီလာတော့လည်း လူတွေကိုယ်နှိုက် ကလည်း အမီလိုက်နေကြတာပဲလေ။ ဒါပေမဲ့ ဒီခေတ်မှာငယ် ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ကလေး ယူနေကြတဲ့သူတွေကလည်း နေရာတိုင်းမှာ တွေ့နေရတာပဲဗျ။ နယ်တွေမှာဆိုရင် ပိုပြီး တွေ့နေရ သလိုပဲ။

ဗေဒါ ။ ။ ခုနက ပြောသလိုပဲလေ။အရေးပေါ်သန္ဓေတားဆေးကို မြို့ပြတွေမှာ အသုံးများပေမယ့်နယ် တွေမှာသုံးတာက အင်မတန် နည်းပါတယ်။ ဒါက ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့နိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ အမျိုးသမီး ၂၂၂ သန်းဟာ ကိုယ်ဝန်မလိုချင် ပေမယ့် သန္ဓေတားနည်းကို သုံးရကောင်းမှန်း မသိကြဘူးဗျ။ အဲဒီတော့ အရွယ်မတိုင်ခင် ကိုယ်ဝန် ဆောင်တဲ့နှုန်းများနေလာတာက ကျွန်တော်တို့နိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ် ဖြစ်နေတယ်ဗျ။ ခင်ဗျား ခုနကပြောသလို ကိုယ်ဝန်ဆောင်တွေ ကျေးလက်မှာ ပိုများ နေတယ်ဆိုတာကလည်းသားဆက်ခြားနည်းတွေကို နားမလည်တာ၊ သားဆက်ခြားပစ္စည်းတွေကိုဝယ်ဖို့ လက်လှမ်းမမီတာ၊ မိသားစုအသိုင်းအ၀ိုင်းကကန့်ကွက်ကြတာတွေကြောင့်လည်း ပါတာပေါ့ဗျာ။

ရွေကြာ ။ ။ ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ဆက်ကျော်သက်ကိုယ်ဝန်ဆောင်တွေ ဘယ်လောက်တောင် ရှိနေလို့လဲ။

ဗေဒါ ။ ။ လက်ရှိလူဦးရေ သန်း ၆၀ လောက်မှာ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြား ဆယ်ကျော်သက် အမျိုးသမီးဦးရေ ၂ ဒသမ ၉ သန်းနီးပါး ရှိနေတယ်။ အဲဒီအထဲမှာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ် အတွင်း အိမ်ထောင်သည်အမျိုးသမီး၂၄ရာခိုင်နှုန်းက ဒီအထဲမှာ ပါနေတယ်လေ။ပြီးတော့ အသက် ၁၅ နှစ်ကနေ ၁၉ နှစ် ကြား ဆယ်ကျော်သက် ၁၀၀၀ မှာ ၁၇ ယောက်က ကလေးမွေးနေတယ်ဗျ။ ဒီတော့ ကျောင်းနေ အရွယ်မှာ အိမ်ထောင်ကျတယ် ဆိုတာဟာ စီးပွားရေးအခြေခံမကောင်းတဲ့ သူတွေအတွက် လူမှုရေး နောက်ဆက်တွဲ ပြဿနာတွေ ရှိလာမှာပဲဗျ။ နောက်တစ်ချက်က ဆယ်ကျော်သက်တွေကြားထဲမှာ အရေးပေါ်တားဆေးတွေကို တွင်တွင်ကျယ်ကျယ်သုံးလာတယ်ဆိုတာက ရေရှည်ကျန်းမာရေးအတွက် မကောင်းသလို ကိုယ်ကျင့်တရားတန်ဖိုးကိုလည်း လျော့ပါးစေတဲ့အတွက် ဆယ်ကျော်သက်တွေအနေနဲ့ တတ်နိုင်သလောက်ရှောင်ကြဉ်ကြဖို့ လိုတယ်လို့ တိုက်တွန်းချင်တယ်ဗျာ။

Mizzima News

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)