ဆယ်ကျော်သက် ပျိုမေတို့ဖတ်ဖို့
ခုတစ်လောအရှုပ်တွေလုပ် အလုပ်တွေရှုပ်နေတာနဲ့ သူငယ်ချင်းတွေရဲ့
ဘလော့ကိုမဆိုထားနဲ့ဦး ကျမဘလော့လေးထဲတောင် ကျမအလည်မဝင်ကြည့်ဖြစ်ပါ။
အလည်မရောက်ဖြစ်တာတွေ အတွက် ဘလော့မှသူငယ်ချင်းများကို တောင်းပန်ပါတယ်။
ဒီနေ့တော့ ကျန်းမာရေးလည်းကောင်း လာပြီဆိုတော့ စာရေးဘို့စတင်ခဲ့တယ်။
ကျမဒီနေ့ရေးချင်တာက ကျမလက်ရှိပတ်ဝန်းကျင်မှာ ကြုံတွေနေရတဲ့ ဆယ်ကျော်သက်
မိန်းခလေးတွေရဲ့ ဘဝနဲ့ အတုယူသင့်တဲ့ သင်ခန်းစာတွေပါဘဲ။ အထူးသဖြင့်
ဆယ်ကျော်သက် မိန်းခလေးများအား အထူးရည်ရွယ်စေတနာဖြင့် ဒီစာလေးကိုရေးဘို့
ကျမဆုံးဖြတ်ခဲ့ ပါတယ်။
လွန်သွားတဲ့ ရက်အနည်းငယ်က ကျမဆီဖုန်းတစ်ကော ဝင်လာပါတယ်။
ကျမဖုန်းကိုင်လိုက်တော့ တစ်ဖက်မှပြောလာတဲ့ လူရဲ့အသံထဲမှာ
စိုးရိမ်မှုတွေလွန်ကဲနေတယ်ဆိုတာ ကျမသိလိုက်ရပါတယ်။ တစ်ဖက်လူဖုန်းပြောအပြီး
ကျမနားကိုတောင် ကျမမယုံအောင်ဖြစ်ခဲ့ရတယ်။ တစ်ဖက်လူမှကျမကို
(အစ်မ...သူသူ....ဆေးရုံရောက်နေပြီ) ဆေးသောက်ပြီးသေကြောင်း ကြံစည်လို့တဲ့။
ကျမလည်း ကြားကြားချင်း ဘာဆက်လုပ်ရမှန်းမိသလို့ တစ်ချက်ငိုင်သွားတယ်။
သူသူ...ဆိုတဲ့ကောင်မလေးက ကျမနဲ့အရမ်း မရင်းနှီးသေးပေမဲ့ ကျမရဲ့သူ့ကို
တစ်ကြိမ်မြင်ဖူးကတည်းက ညီမလေးတစ်ယောက်လို ချစ်ခဲ့တာပါ။ ပြီးတော့ သူသူ..
.လေးကအနေအေးတယ်။ တည်ငြိမ်တယ်။ တကယ်လည်းတော်ရှာပါတယ်။ ဒါပေမဲ့ ..သူ
ဘာကြောင့်ဒီလို သေကြောင်းကြံစည်ခဲ့လည်းဆိုတာ ကျမမသိခဲ့ဘူး။ သူမှာ သူမခံ
စားနိုင်လောက်တဲ့ ပြသနာတွေရှိနေတယ် ဆိုတာလည်း ကျမ မသိခဲ့ဘူး။ ကျမသိတာ
ကျမသူကိုမြင်မြင်ခြင်း ညီမလေးတစ်ယောက်လို ခင်တယ် ချစ်တယ်။ ဒီလောက်ဘဲ။
ဒါပေမဲ့ကျမဆီ ဖုန်းဝင်လာချိန်မှာ ကျမအတော် အံ့သြသွားတယ်။ သူသူ...ဒီလောက်မိုက်လိမ့်မယ်လို့ ကျမ မထင်ခဲ့ဘူး။ အရင်တုန်းကတော့ စာတွေဖတ်ဖူးပါတယ်။ ချစ်သူနဲ့ခွဲရမယ်...ချစ်သူဘဝမှာ တစ်ယောက်က တစ်ယောက်ကို ရက်စက်စွာထားခဲ့တယ်.. ချန်ခဲ့တယ်.. လမ်းခွဲခဲ့တယ်ဆို... စာထဲအရတော့ ဒီလိုသေကြောင်း ကြံစည်တာ ကျမဖတ်ဖူးပေမဲ့ လက်တွေ့မဟုတ်တော့ မယုံတစ်ဝက်ယုံတစ်ဝက်ပေါ့။ ဒါပေမဲ့ ကျမအခုတော့ ယုံသွားပြီ။ သူသူ.....ဒီလိုလုပ်တယ်ဆိုတော့ အံ့သြလွန်းလို့ ဘာပြောလို့ပြောရမှန်း မသိတော့ဘူး။
သူသူကိုမေးဘို့ကလည်း လက်ရှိသူသူက ဆေးရုံမှာ။ပြီးတော့ ဒီလိုချိန်မှာကျမဘက်က
သိချင်တာတွေ ဇွတ်မေးလို့မရဘူးလေ။ သူသူ.... ဘာမှမဖြစ်ပါစေနဲ့လို့
စိတ်ထဲကတော့ မေတ္တာပို့ပေးနေ လိုက်ပါတယ်။ နောက် နာရီအနည်းငယ်
ကျမဖုန်းဆက်တော့ သူသူကို... အချိန်မှီ အသက်ကယ်နိုင်ကြောင်း
ဘာမှစိုးရိမ်ဖွယ်မရှိတော့ကြောင်း ပြောလာတော့မှ ကျမ သက်ပြင်းလေး
ရဲရဲချနိုင်တော့တယ်။ ကံကောင်းထောက်မလို့ပေါ့ သူသူတစ်ယောက်
တိုင်းတစ်ပါးမှာ သေကြောင်း ကြံစည်ပေမဲ့ မသေခဲ့တာ။
သူသူ.... အနည်းငယ်သက်သာလာတော့ ကျမ
ဖုန်းဆက် အားပေးရင်း ဆုံးမစကားဆိုခဲ့တယ်။ တကယ်တော့ ကျမလည်း
စိတ်ဓါတ်ရေးရာမှာ ပြည့်ဝပြည်စုံသူ တစ်ယောက်မဟုတ်ပါ။ ဒါပေမဲ့
ပြေးကြည့်စရာမလို တွေးကြည့်ယုံနဲ့ သိနိုင်တယ်လေ။
ဒီလိုလုပ်ရပ်မျိုးကို --လုပ်သင့် ---မလုပ်သင့် ဆိုတာ။ ပြီးတော့ ကျမတို့က
တိုင်းတစ်ပါးမှာ။ မိဝေးဖဝေးနဲ့ ဘဝကိုခက်ခဲစွာ ရပ်တည်နေကြရသူတွေ ပါ။
ပြည်ပရောက်တိုင်းလည်း အထင်ကြီးစရာမရှိပါ။ ပြည်တွင်းနေလည်း
အထင်သေးစရာမလိုပါ။ ဘယ်နေရာဘဲရောက်ရောက် ကိုယ်လုပ်မှကိုယ်စားရမှာ
တွေချည်းပါဘဲ။ ပိုဆိုးတာက တိုင်းတစ်ပါးမှာက ကိုယ့်ဘာသာစကား မဟုတ်တော့
လုပ်ငန်းခွင်မှာ ပိုစိတ်ညစ်ရတယ်။ ဒီလိုအခက်ခဲတွေကြားထဲမှာ ဘဝကို
အောင်မြင်စွာရုန်းကန်နေချိန် ဘာလို့ သူ့ အသက်ကိုတောင် မနှမြောဘဲ
သေကြောင်းကြံစည် ပါလိမ့်လို့ မေးမိတော့-----
အဖြေက ----အချစ် အတွက်တဲ့---
အော်....ခေတ်လူငယ်တွေများနော်။ တယ်လည်း မိုက်ကြသကိုးလို့ စိတ်ထဲက
တွေးလိုက်မိတယ်။ အင်လေး သူ့ဘက်ကကြည့်တော့ ချစ်လို့စွန့်စားတယ်ဆိုတဲ့
လက်ဖဝါးလေးကိုမြင်ရပေမဲ့ ကျမလိုအပြင်လူက ကြည့်လိုက်တော့ ပညာတွေ
ဒီလောက်သင်ထား တတ်ထားရဲ့နဲ့ မိုက်လိုက်တာ ဆိုတဲ့ လက်ဖမိုးလေးကို
မြင်ရပြန်တယ်။ သူသူ ဘက်ကတော့ ချစ်သူအတွက် အသက်တောင်စွန်ရဲ့တဲ့
သတ္တိရှိတယ်လို့ မြင်နေပေမဲ့ ကျမအတွေးမှာတော့ ဒါဟာအချစ်အတွက်
သတ္တိရှိတာမဟုတ်ဘဲ...(မိုက်မဲ)တာလို့ ထင်တယ်။ ဒီလိုနဲ့ကျမလည်း သူသူ့ကို
မေးလိုက်တယ်။ တကယ်လို့ သူသေကြောင်းကြံစည်ချိန်မှာ အောင်မြင်သွားတယ်ဆို
သူ့မိဘတွေရဲ့ ခံစားချက်ကိုတွေးမိလား လို့မေးတော့ သူက ဟင့်အင်းတဲ့။
တော်လိုက်တဲ့ သမီး။
မိခင်တစ်ယောက် လူသားတစ်ယောက်ဘဝနဲ့ လူ့လောကထဲရောက်လာဘို့ ဘယ်လောက်ထိ
ဒုက္ခခံရလဲဆိုတာ သူမသိတာလား။ မိခင်တစ်ယောက် ကိုယ်ဝန်စလွယ်ထားပြီ ဆိုကတည်းက
လူ့လောကထဲရောက်မလာသေးတဲ့ ခလေးအတွက် အစားအသောက် အသွားအလာကအစ ဆင်ခြင်ရတယ်။
နောက်ပြီး မွေးရက်စေ့ပြန်တော့လည်း အနာကျင်ဆုံးဝေဒနာတွေ မိခင်တစ်ယောက်ထဲ
ခါးစည်းခံရတယ်။ တစ်ချို့တွေမှာဆို မိခင်အသက်နဲ့ ခလေးအသက်ပါ
လဲပေးရတာမျိုးရှိတတယ်။ ခလေးလည်း လူ့လောကထဲရောက်ရော နေ့စဉ်နေ့တိုင်း
ညစဉ်ညတိုင်း ဒီခလေးရဲ့ဒုက္ခကို မိဘတွေ မညီးမညူ ကျေကျနပ်နပ်ကြီး ခံယူတယ်။
ဒီအသက်အရွယ်ထိ ကြီးပြင်းလာအောင် ခက်ခဲတစ်လှည့် ပြေလည်တစ်လှည့်နဲ့
မိဘတွေ ရုန်းကန်ခဲ့ရတာ သူသူ မသိတာလား။ မိခင်တစ်ယောက် သူသူ လူ့လောကထဲ
ရောက်လာဘို့ ဒီလောက်ဒုက္ခတွေ ခါးစည်းခံပြီး သူသူ့အသက်ကို တန်ဖိုးထားခဲ့တာ
သူသူ ကရောဘာလို့ သူ့အသက်ကို သူတန်ဖိုးမထားတတ်တာလဲ။
သူသူ့ကို ကျမလောကဓံကို ခံနိုင်ရည်ရှိဘို့
လူ့ဘဝကိုနားလည်ဘို့ ကိုယ့်အတွက် အကျိုးမရှိတာတွေ ပယ်ချ
အကျိုးရှိတာကိုလှမ်းမြင်တတ်ဘို့ ပြီးတော့ မိဘကျေးဇူးဆပ်တတ်ဘို့ လောကမှာ
(အချစ်ဆိုတာ လူတိုင်းကြုံ တွေကြရမယ်) ဒါပေမဲ့ ဒီလိုမိုက်မဲမှုတွေ
ထပ်မံမလုပ်မိစေဘို့ ကျမသူ့ကို ပြောပြနားချခဲ့ပါတယ်။ လူ့ဘဝဆိုတာ ရခဲပါတယ်။
ရခဲတဲ့ဘဝမှာ တန်းဖိုးရှိစွာ အကျိုးရှိစွာအသုံးချစေချင်တယ်။ ပြီးတော့
ကိုယ်အသက်ပေးလိုက်တဲ့ သူကရောကိုယ့်ဘဝအတွက် အရမ်းရေးပါ
အရာရောက်တဲ့သူတစ်ယောက်မို့လား (ဆယ်ကျော်သက် မိန်းခလေးအများ) အထူးသတိပြုပါ။
ကိုယ်ကချစ်တယ်ဆိုပြီး ဘဝကိုပုံ ယုံပြီးမအပ်ကြပါနဲ့။ တိုးတက်နေတဲ့
ခေတ်ဘဲဆိုပြီးတော့လည်း လူကြီးတွေဆုံမတဲ့စကားကိုလည်း မပယ်ကြပါနဲ့။
ကိုယ်ချစ်တဲ့သူ ကိုယ်ယူတယ်ဆိုတာ လက်ခံလို့ရပေမဲ့ အချစ်ဆိုတာ (ဘဝ)
မဟုတ်ဘူး။ ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝ ဆိုတာကွာခြားမှုတွေ ရှိလာပြီ။
ကိုယ်ချစ်လို့ရွေးချယ်ခဲ့တဲ့ ယောကျာင်္းကရော ယောကျာင်္းကောင်းဖြစ်ရဲ့လား..
ဥစ္စာ-ဓန-ပညာ-ဂုဏ်ဒြပ် မရှိပေမဲ့... ယောကျာင်္းတစ်ယောက်ရဲ့ ရှိသင့်တဲ့စိတ်ဓါတ်
အိမ်ထောင်ဦးစီး တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ မရှိဘူးဆိုရင်
ဒီအိမ်ထောင်ရေးဟာလည်း ရှေရှည်မှာ မတည်မြဲဘူး။ဥစ္စာ-ဓန-ပညာ-ဂုဏ်ဒြပ်
မရှိပေမဲ့ ယောကျာင်္းတစ်ယောက်ရဲ့ ရှိသင့်တဲ့စိတ်ဓါတ် အိမ်ထောင်ဦးစီး
တစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေ ရှိနေမယ်ဆို ဂုဏ်ဒြပ်တွေကြားမှာ
တည်ဆောက်တဲ့အိမ်ထက် သာယာတဲ့အိမ်ထောင်လေး တည်ဆောက်နိုင်မှာပါ။
ဒါကတော့ အချစ်ကြီးသူတစ်ယောက် မိုက်မဲစွာပြုခဲ့တဲ့
သင်ခန်းစာဘဲ။အချစ်အတွက် ဘဝကိုဆုံးရှုံးရပြီဘဲ ဘာလို့ အသက်ကိုပါ
ဆုံးရှုံးခံရမှာလဲ။ အချစ်နဲ့ပါတ်သက်ပြီး ကျမလူငယ်တွေကို အပြစ်မတင်ပါ။
သို့သော် ကိုယ်စိတ်ကိုယ်ထင်ပြီး မိုက်မဲတဲ့လုပ်ရပ်တွေ မလုပ်ကြဘို့
အထူးသတိပေးတာပါ။ မဖြစ်ခင်မှာစဉ်းစားပါ။ ဖြစ်ပြီးမှ ဘယ်သူ့ကိုမှ
အပြစ်တင်လို့မရပါဘူး။ ခုလိုတိုင်းတစ်ပါးမှာ မိဝေးဖဝေးဘဝနဲ့ နေရချိန်မှာ
ကိုယ့်ဘဝလေးကို အချစ်ဆိုတဲ့အရာတွေထဲ နစ်မျှောအဆုံးမသတ်ချင်ပါနဲ့လို့ ကျမ
စေတနာရှေထား အထူးပြောကြားလိုပါတယ်။ မိဝေးဖဝေးမှာမို့
မိဘမျက်စိရှေမှာမဟုတ်တာမို့ ကိုယ်စိတ်ကြိုက် လုပ်မယ်ဆိုရင်တောင်
မိဘတွေကိုယ့်အပေါ် ယုံကြည်မှုထားခဲ့တာတွေကို တစ်ချက်လေး
ထည့်စဉ်းစားငဲ့ညာပေးပါ။ လူတစ်ယောက်ဟာ
ယုံကြည်မှု တန်ဖိုးထားမှုတစ်ခု ရရှိဘို့ဆောက်တည်ရတာ အချိန်တွေပေးရသလို
ခက်ခဲတယ်။ ဒါပေမဲ့ ဒီယုံကြည်မှု တန်ဖိုးထားမှုကို ဖျက်ဆီးဘို့ရာ
အချိန်မလိုပါဘူး။ ခဏအတွင်း ဖျက်စီးပစ်လို့ရပါတယ်။ခက်ခဲစွာ
ကြိုးစားဆောက်တည်ထားတဲ့ အရာမှန်သမျှကို တန်ဖိုးထားစေချင်ပါတယ်။
^^^^^^နောက်တစ်ယောက်ကတော့ ကျမနဲ့အမျိုးမကင်းတဲ့ ခလေးမလေးလို့ ဆိုရမှာဘဲ။
ဒါကခုလတ်တစ်လော ဖြစ်နေတာပါ ^^^^^^ ဒီခလေးမလေးက မနှစ်ကဘဲ (၁၀)တန်းကို
အမှတ်ကောင်းကောင်းနဲ့ ကျူရှင်မယူဘဲအောင်ထားလို့ အမျိုးတွေထဲက
ချီးမွမ်းခံရတဲ့ စာတော်တဲ့ ခလေးမလေးပါ။ ဒီ ခလေးမလေးမှာတော့
(၁၀)တန်းအောင်ပြီး မိသားစုမပြေလည်လို့ အဝေးသင်တက်ရင်း အလုပ်တစ်ခု
စတင်ဝင်လုပ်ခဲ့တယ်။ မိခင်နဲ့ညီမလေးကို သူလစာလေးနဲ့
ပြန်လည်ထောက်ပံ့ခဲ့တယ်။ အလုပ်လုပ်တာ လတွေအနည်းငယ် ကြာလာတော့ ခလေးမလေးမှာ
မိတ်ဆွေတွေ အပေါင်းသင်းတွေ ရလာတယ်။ ဒီလိုနဲ့ ခလေးမလေးက အရင်က မရှိတဲ့ဘဝ
မပြေလည်တဲ့ဘဝကို မရောင့်ရဲနိုင်တော့ဘဲ လောကရဲ့ ဂုဏ်ဒြပ်
အထင်ကြီးမှုတွေနောက် လိုက်ပါသွားတယ်။ သူရခဲ့တဲ့-သိခဲ့တဲ့
မိတ်ဆွေအေပေါင်းသင်းတွေက သုံးဖြုန်းနိုင်သူတွေဆိုတော့ ဒီခလေးမလေးက
အထင်ကြီးမှု့ နောက်လိုက်ပါသွားရင်း သူရဲ့ငယ်ရွယ်နုနယ်တဲ့
အပျိုစင်ဘဝကိုရောမေ့ မိဘတွေအားကိုး နေတယ်ဆိုတာတွေလည်း ဘေးချပြီး
ထင်ရာစိုင်းတော့တယ်။
ဒီခလေးမလေးဟာ ငယ်စဉ်ကတည်းက မပြည့်စုံမှုကြားကနေ ကြီးပြင်းလာခဲ့ရတယ်။
မိခင်မှာလည်း မိန်းမသားတစ်ယောက်ရဲ့ နိုင်တဲ့အားနဲ့
တတ်နိုင်သလောက်ကြိုးစားရင် သမီးလေးရဲ့ပညာရေး မျက်နှာမငယ်ရအောင်
လူတကာရှေ အောက်ကျခံကာ သမီးလေးရှေရေး အမြဲတွေးပေးသလို စီမံပေးခဲ့တယ်။
သမီးလေး (၃)တန်းကျောင်းသူ ဘဝကနေ (၁၀)တန်းအထိ အမေတစ်ယောက် ပူပန်မှု
သောကတွေ ဒုက္ခတွေကြား ခါးစည်းခံလာခဲ့တာ သမီးလေး(၁၀)တန်းကို
ကျူရှင်မယူနိုင်ဘဲ အမှတ်ကောင်းကောင်းနဲ့ အောင်သွားတော့ အမေဖြစ်သူမှာတော့
ပင်ပန်းနွယ်နယ် သမျှသမီးလေး မျက်နှာကြည့်ပြီး ပီတိတွေစားခဲ့ရသလို အမောတွေ
ပြေခဲ့ရတယ်။ သမီးလေး (၁၀)တန်းအောင်ပြန်တော့လည်း တက္ကသိုလ်ဆက်တက်ဘို့
အမေဖြစ်သူမှာတော့ ရှိသမျှအင်အားစုပြီး ကြိုးစားပေးလိုက်ရတာ။ သမီးလေး
ကျောင်းပြီးရင် အမေနဲ့ညီမလေးကို ပြန်ကြည့်နော်လို့ အမေကပြောတိုင်းလည်း
ဟုတ်ကဲ့ပါ အမေ.... သမီးဘဝမှာ အမေနဲ့ညီမလေးဘဲ ရှိပါတယ်လို့
ပြန်ဖြေလိုက်တိုင်း အမေ့ရင်ထဲအေးချမ်း သွားခဲ့ရတယ်။
ခုတော့ သမီးအမိုက်မလေးရဲ့ အမေ့အပေါ် ပေးဆပ်မှုက ကြီးမားလွန်းတော့
အမေခမျာ သောကတွေကြား ဗျာများခဲ့ရပြန်ပြီ။ ကျမမှမဟုတ် သူ့မိသားစု
မောင်နှမတွေကအစ ဒီခလေးမလေး မြန်မြန်ဆန်ဆန် ဒီလိုဖြစ်လာမယ်လို့
ဘယ်သူမှမထင်ခဲ့ဘူး။ တစ်နေ့ ခလေးမလေး အလုပ်ကပြန်မလာဘဲ ပျောက်သွားတယ်။
မိခင်မှာတော့ သမီးလေး လူလိမ်ခံရတယ်ထင်ပြီး သောကတွေအပူမီးတွေနဲ့
အိမ်မှာဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်သွားတယ်။ ပြီးတော့ သမီးလေးနဲ့
ပါတ်သက်သမျှ သူ့အမေလည်း သိသင့်သလောက်တော့ သိပါတယ်။ ဒါပေမဲ့ သမီးလေး
ဒီလိုမိုက်လုံးကြီးမယ်လို့ မထင်ခဲ့မိဘူး။ အစပိုင်းမှာတော့
လူပျောက်တယ်ဘဲ သိထားတယ်။ နောက်ဆုံး လိုက်စုံစမ်းချိန်မှာတော့ သမီးလေးက
သူချစ်တဲ့သူနောက် လိုက်သွားတာတဲ့။ သမီးလေးဘက်ကတော့
ချစ်တဲ့သူနဲ့ပေါင်းဖော်ရလို့ ပျော်ရွှင်နေပေမဲ့ အိမ်မှာသောကတွေ
စိုးရိမ်စိတ်တွေ ပူပန်မှုတွေနဲ့ ကျန်ခဲ့တဲ့မိခင်ကို တစ်ချက်လေးတောင်
သတိမရခဲ့ဘူး။ အဲဒီချိန်မှာ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို ကျမမိန်းမသား
တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာပါတယ်။ ပြီးတော့ သမီးလေကလည်း
အသက်အရွယ်အားဖြင့်ဆို အိမ်ထောင်ပြုရမဲ့ အရွယ်မတန်သေးတော့
မိဘတွေကတားဆီးတာကို အပြစ်လိုမြင်လာပါတယ်။ ကျမ အဖေ ကျမငယ်ငယ်က ကျမကိုခဏခဏ
ပြောဖူးတဲ့စကားလေး သွားအမှတ်ရမိတယ်။ (
သမီး....အရွယ်ရောက်လို့ အိမ်ထောင်ပြုမယ်ဆို သမီးကြိုက်တာရွေးချယ်ပါ။ အဖေ
သတ်မှတ်ထားတဲ့ အချက်(၄)ချက်နဲ့ လွတ်ရင်ပြီးတာဘဲတဲ့။ ဆင်းရဲချမ်းသာ
အဖေဘာမှမပြောဘူး။ မိဘဆိုတာကတော့ သားသမီးတိုင်းကို ဆင်စီးပြီး မြင်းရံတာဘဲ
မြင်ချင်ကြတာပါ- ဆင်နင်းပြီး မြင်းကန်တာကိုတော့ အဖေမမြင်ချင်ဘူးလို့
အမြဲပြောခဲ့ပါတယ်) ။ ဒီလိုပါဘဲ မိဘတိုင်းက သားသမီးကို
မချစ်ဘူးဆိုတာ မရှိပါဘူး။ ချစ်လွန်းအားကြီးလို့ စိုးရိမ်တာ
အမှားမဖြစ်ရအာင် ဘေးကနေ ပဲ့ပြင်ဆုံးမတာတွေကို သားသမီးတွေက မိဘကချူပ်ချယ်တယ်
သူ့ကိုချစ်ဘူးလို့မြင်ပြီး မိဘထက်သူ့ကို ချစ်တယ်လို့ထင်မြင်ယူဆ
သူနောက်ကို လိုက်သွားကြတာပါ။
တကယ်တော့ ဒီခလေးမလေးကို မိဘကချုပ်ချယ်တာလည်း အတင်းအကြပ်မရှိခဲ့ပါဘူး။
ဒါပေမဲ့ ဘဝကို ရှိတာလေးနဲ့ ကျေနပ်ရောင့်ရဲနိုင်မှု့ မရှိတော့
ဒီခလေးမလေးစိတ်ထဲမှာ မိဘရဲ့ပြောဆိုဆုံးမလိုက်တဲ့ စကားတိုင်းက သူ့အတွက်
နားခါးသီးဖြစ်ခဲ့ရတယ်။ သူ့အမေအိမ်ကလည်း သူ့အတွက် အကျဉ်းတစ်ခုဖြစ်လာခဲ့တယ်။
အိမ်မှာနေရတာ မပျော်တော့ဘဲ အပြင်မှာနေရတာကို ပိုနှစ်သက်လာတယ်။
အလုပ်ကိုအကြောင်းပြ အပြင်မှာနေလာတာ အပြင်မှာအချိန်ကုန်တာ များလာတော့
သူအမေမှာတော့ သူ့သမီးလေးဘဝကို နားလည်လို့ အလုပ်လုပ်ပြီး အမေနဲ့ညီမလေးကို
တတ်သလောက် ရသလောက်ပြန်ရှာကျွေးတယ်ဆိုပြီး ပီတိတွေဖြစ် ဂုဏ်ယူနေဆဲချိန်
သမီးလေးက အမေ့ရဲ့ ဂုဏ်ပြုသံကို ကျောပေးထွက်သွားခဲ့တယ်။ အမေဖြစ်သူမှာလည်း
သမီးလေးကို ယုံကြည်မှုတွေပုံအပ်ပြီး မိသားစုစားဝတ်နေရေး
ညီမလေးကျောင်းနေရေးအတွက် လုံးပန်းနေရတယ်။ အမေ့အိမ်မှာ
မပြည့်စုံမှုတွေရှိပေမဲ့ မပူလောင်ဘူးဆိုတာ သမီးလေးမှ မသိတာကိုး။
မပြည့်စုံမှုတွေကိုတွေးပြီး အလိုမကျမှု့တွေဖြစ်လာတယ် အဲဒီနောက်
စိတ်ရိုင်းတွေနဲ့ မိဘအိမ်ကို မီးလောင်တိုက်လို့
သတ်မှတ်ကျောခိုင်းသွားခဲ့တယ်။
စကားပုံတစ်ခု ကြားဖူးကြမှာပါ။ (ကျွန်ယုံတစ်လုံးကန်း --သားသမီးယုံ
စုံလုံးကန်း)တဲ့။ ဒီလိုပါဘဲ မိဘတိုင်းက ကိုယ့်သားသမီးကို ယုံကြည်ချင်ကြသလို
အားကိုးချင်ကြတယ်။ သားသမီးကြောင့် မိဘမျက်နှာရ ဆိုသလိုပေါ့။
သားသမီးတွေအတွက် အများရှေမှာ ဂုဏ်ယူဝင့်ကြွားချင်တာ မိဘတိုင်းရဲ့
စိတ်ခံစားမှုပါဘဲ။ ဒါကြောင့် ဒီလိုတွေဖြစ်လာဘို့ မိဘနဲ့သားသမီး ဆက်ဆံရာမှာ
မိဘများအနေနဲ့ရော သားသမီးအပေါ် အရမ်းအထင်ကြီးမှုတွေ မပြပါနဲ့။ သားသမီးကို
သူတို့ရှေမှာ ခဏခဏ တော်ကြောင်း မချီးမွမ်းမိစေနဲ့။ လူရှေသူရှေတွေမှာလည်း
ကိုယ့်သားမီးကို နှိပ်ချနှိုင်းယှဉ်ပြီး မဆုံးမမိစေပါနဲ့။ ဆုံးမမယ်ဆိုလည်း
နေရာဒေသ အချိန်အခါကြည့်ပြီး သင့်လျော်သလို ဆုံးမပါ။သားသမီးတွေကို
ချော့ကာတစ်ချီ ချောက်ကတလှည့်နဲ့ ဆုံးမပါ။ မိဘနဲ့သားသမီးကြား
မိဘနဲ့သားသမီးလိုတစ်မျိုး -- သူငယ်ချင်းတွေလိုတစ်မျိုး ---မောင်နှမတွေလို
တစ်မျိုးနဲ့ ဆက်ဆံသင့်ပါတယ်။ ဒီလိုရင်းရင်းနှီးနှီးနေမှ
မိဘနဲ့သားသမီးကြား မလိုလား အပ်တဲ့ ပြသနာတွေ ကိုကြိုတင်ကာကွယ် တားဆီး
နိုင်မှာပါ။ တစ်ခါတစ်ရံ ကိုယ့်မျက်စိနောက်ကွယ်မှာ ကိုယ့်သားသမီးတွေရဲ့
လုပ်ရပ်တွေကို တစ်ပါးသူပြောပြရင်လည်း လက်ခံနိုင်သလို
လေ့လာဆန်းစစ်နိုင်ရမယ်။ ကိုယ့်သားသမီးတွေ အပေါ်အကုန်ပုံပြီး ယုံလို့မရပါဘူး။
ခုတော့ သမီးလေးအပေါ် ယုံကြည်ကိုးစားနေတဲ့ အမေတစ်ယောက်ရဲ့ ရင်ထဲကသောကတွေကို
နောက်ကျမှ သိခဲ့ရလို့ ဖြေမဆည်နိုင်ဖြစ်နေတာ လက်တွေ့ပါဘဲ။ မိဘနေရာရောက်လာတဲ့
တစ်နေ့ မိဘတွေရဲ့ မေတ္တာ စေတနာ အရုဏာ အနစ်နာတွေကို ဒီခလေးမလေး သိလာမယ်လို့
ကျမမျှော်လင့်ပါတယ်။ အချိန်တန် အရွယ်ရောက်လာရင် မလွန်ဆန်နိုင်တဲ့
ဓမ္မတာတရားကြီးထဲက ထိမ်းမြားခြင်းကို လူတိုင်းကြုံတွေ့ ကြရပါမယ်။ ဒါပေမဲ့
ဒီလိုတစ်သက်မှာတစ်ခါ ကျင်းပရမဲ့ပွဲကို မိဘတွေရှိသားနဲ့ ခုလိုမဖြစ်ရလေအောင်
အရွယ်မရောက်ခင် အသိပညာတွေနဲ့ ဆင်ခြင်ထိန်းသိမ်း သင့်ပါတယ်။ ခေတ်ကာလ
သားမီးတွေကလည်း မိမိရဲ့ဂုဏ် မိဘရဲ့ဂုဏ်ကို ထိန်းသိမ်းပါ။
အွန်လိုင်းကနေစပြီး ခင်မင်ကြ မိတ်ဆွေတွေဖြစ်ကြ လိုအပ်မှုတွေကူညီကြ
ကြာလာတော့ မလိုအပ်မှုတွေ ဖြစ်လာကြကုန်ရော။ အထူးသဖြင့် အွန်လိုင်းမှာ
တကယ်ချစ်ပြီး အတွဲညီသွားတဲ့ စုံတွဲတွေ ရှိကြသလို အတွဲညီဘို့မဟုတ်ဘဲ
အပျော်တမ်း ဘဝပျက်ဘို့တွေလည်း အများကြီးဖြစ်လာတတ်လို့
အွန်လိုင်းမှာမှမဟုတ်ဘဲ အပြင်မှာလည်းတွေ့ခဲ့မယ် ဆိုရင်တောင်
မိန်းခလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အသိတရားကို အမြဲဆောင်ထားပါ။
ပြောသမျှယုံပြီး ပုံအပ်ခေါင်းညိတ်ရလောက်အောင် အသိညဏ်မဲ့
မမိုက်မဲ့သင့်ပါဘူး။
ဒီခလေးမလေးကို မိဘကပြန်လည်တွေ့ရှိပြီး နားချဆုံးမခဲ့ပေမဲ့ ခလေးမလေးကတော့
သူချစ်သူဟာ မဟာတံတိုင်းကြီးလို့ မြင်နေတော့ မိဘဆုံးမနားချတာကို
ခါးသီးစွာပယ်ချ ငြင်းဆိုလိုက်ယုံမက မိဘတွေက စိုးရိမ်စိတ်နဲ့
စောင့်ရှောက်ထားတာကို အချစ်အတွက်နဲ့ စွန့်စားပြီး အမေထားခဲ့အိမ်ခန်းရဲ့
ပြတင်းပေါက် ကနေထပ်မံခုန်ချ ထွက်ပြေးသွားခဲ့ပြန်ပြီ။
ဒီအချိန်ရောက်မှတော့ ဒီခလေးမလေးဘဝ အဆင်ပြေ သာယာပါစေလို့ဘဲ ဆုတောင်းမေတ္တာ
ပို့ရတော့မှာဘဲ။ ခုချိန်မှာ ခလေးမလေး ဘယ်ရောက်လို့ ဘယ်တွေပြေးပုန်း
နေလဲမသိပါ။ မိဘအရိပ်အေးချမ်းတယ်ဆိုတာ တစ်နေ့
သူဒုက္ခတွေထမ်းပိုးရတဲ့အချိန်မှာ သူနားလည်လာမယ်လို့ ကျမ ယုံကြည်နေပါတယ်။
ကျမအထူး သတိပေးလိုတာက...... အရွယ်ရောက်လာတဲ့ မိန်းခလေးတိုင်း အတွက်ပါ။
ဘဝကို ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်မှု့ ရှိပါ။ လိုအပ်တာထက်ပိုပြီး မပြည့်စုံချင်ပါနဲ့။
ကိုယ့်ဘဝရဲ့ တက်လမ်းကို ကိုယ်ကိုယ်တိုင် ရိုးသားစွာကြိုးစားပါ။ ဖြတ်လမ်းက မလိုက်ပါနဲ့။
ရုပ်ရည်နုနယ်ချောမော လှပမှု ပညာတတ်မြှောက်မှု့ အတွက် မာနထောင်လွှာ အောက်ခြေမလွတ်မိပါစေနဲ့။
မိမိကိုယ်ကို မိမိ အထင်ကြီးမှု လျော့ချပါ။
သင်္ခါရ သဘောတရားကို နှလုံးသွင်းတတ်ပါ။
မိဘတွေ လူကြီးတွေရဲ့ ယုံကြည်လေးစားမှု့ကို တန်ဖိုးထားတတ်ပါ။
မိဘတွေရဲ့ ခံစားချက်ကို နားလည်ပေးတတ်ပါ။
ဘဝမှာ အတတ်ပညာတွေသင်ကြားပြီး အကျိုးရှိစွာ အသုံးချတတ်ပါစေ။
ဘဝမှာ အရိုးသားဆုံးနေထိုင်ပါ။
ကိုယ့်ရဲ့အလှအပတွေဟာ ကိုယ့်ဘဝရဲ့ အန္တာရယ်တွေ ပါဘဲ။
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု့တွေဟာ ကိုယ့်ဘဝရဲ့ ပျက်စီးမဲ့လမ်းဘဲ။
အားလုံးကိုချစ်ခင်လေးစားလျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေးစာမျက်နှာမှကူးယူပါသည်
Comments
Post a Comment