သူ့အိုးနဲ့သူဆန်


(ဘယ်နှစ်ခေါက်ဖတ်ဖတ် ရိုးမသွားတဲ့ ပို့စ်လေးတစ်ခု)
Level of Being!!!!
ဒီနေ့ပြောချင်တဲ့ အကြောင်းအရာမှာ အဓိကကျတဲ့ စကားတစ်ခွန်း ပါနေတယ်။ အဲဒီစကားလုံးက ဘာလဲဆိုတော့ Level of being ပါ။ level ဆိုတဲ့စကားလုံးကို သိကြမှာပါ။ အဆင့်ဆင့်ရှိတာကို ပြောတာ။ being ဆိုတာက “ဘဝအခြေအနေ” ကိုပြောတာပါ။ စိတ်နေစိတ်ထားအခြေအနေ၊ အသိညဏ်အခြေအနေလို့လည်း အဓိပ္မါယ်ကောက်လို့ရတယ်။
ဒီလောကကြီးမှာ သတ္တဝါတွေ အမျိုးမျိုးရှိတယ်။ တစ်မျိုးနဲ့တစ်မျိုး မတူကြဘူး။ မတူကြတော့ သူတို့ရဲ့ level of being လည်း မတူဘူး။ level of being မတူရင် သူတို့ဘဝအခြေအနေဟာလည်း တူမှာမဟုတ်ဘူး။

Level of being ဆိုတာကို တိရစ္တာန်လောကနဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင်-- အင်မတန်နိမ့်တဲ့ တိရစ္တာန်တစ်မျိုး တီကောင်ဆိုပါတော့။ တီကောင်ရဲ့လောကမှာ အလင်းအမှောင်ဆိုတာ ရေးတေးတေးပဲ ရှိတယ်။ သူဘာမှ သေသေချာချာ မမြင်ရဘူး။ ပုံသဏ္ဌာန် shape ကို သူပီပီပြင်ပြင် မမြင်နိုင်ဘူး။ အသံကိုလည်း ပီပီပြင်ပြင် မကြားနိုင်ဘူး။ ကျယ်လောင်တဲ့အသံ ဆိုရင်တော့ ဒီ sound wave ရဲ့ impact ကြောင့်၊ ထိမူကြောင့် နဲနဲတော့သိတယ်။ အနံ့နဲနဲလေးသိတယ်။ ထိတဲ့sensation ကိုတော့ သိတယ်နော်။ သူနာတတ်တယ်။
ဒီတီကောင်တစ်ကောင်ရဲ့ဘဝနဲ့ လိပ်ပြာတစ်ကောင်ရဲ့ဘဝ ဘယ်လောက်ခြားနားတယ်ဆိုတာ မှန်းကြည့်စမ်းပါ။ လိပ်ပြာဟာ အရောင်အမျိုးမျိုး မြင်ရတယ်။ လွတ်လပ်မူ ပိုရှိတယ်။ သူပျံသန်းနိုင်တယ်။ ဟိုဟိုဒီဒီသွားနိုင်တယ်။ အမြင့်ကြီးပျံသန်းနိုင်တယ်။သူစားတဲ့အစားအစာကြည့်မယ်ဆိုရင်လည်း အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပန်းဝတ်ရည်ကို သူစုပ်ယူရတယ်။

တီကောင်ဘာစားသလဲ။ မြေကြီးစားတယ်။ စားတဲ့အစားအစာကအစ ဘယ်လောက် ကွာခြားနေတယ်ဆိုတာ ကြည့်နော်။ မြေကြီးရဲ့ အနံ့အရသာနဲ့ ပန်းဝတ်ရည်နဲ့ အနံ့အရသာ ဘယ်လောက်ကွာခြားသလဲ။ ပန်းဝတ်ရည်ဆိုတာ အမှန်တော့ ပျားရည်လိုပဲ။ လူတွေပျားရည်သောက်ကြတယ်။ ဘယ်လောက် အနံ့အရသာနဲ့ ပြည့်စုံလဲနော်။ ပျားရည်ဟာ အင်မတန် အဆင့်မြင့်တဲ့ စားစရာလို့ ပြောလို့ရတယ်။
လိပ်ပြာတစ်ကောင်ရဲ့ မြင်ကွင်းကရော… အရောင်အမျိုးမျိုး၊ ပန်းအမျိုးမျိုး၊ သစ်ပင်အမျိုးမျိုး သူမြင်ရတယ်။ တီကောင်တစ်ကောင်ရဲ့ မြင်ကွင်းက ဘယ်လောက်ရှိလဲ။ ဘာမှမရှိဘူး။ လင်းတာနဲ့မှောင်တာလောက်ပဲ ရေးတေးတေး သူသိတယ်နော်။
ပြီးတော့ movement .. တီကောင်ဟာ ဘယ်လောက်ရွေ့လျားလို့ရမလဲ။ မြေကြီးပေါ်ကပ်ပြီးတော့ ဖြည်းဖြည်း ဖြည်းဖြည်း တုံ့တုံ့နဲ့ သွားနေရတယ်။ တစ်ခါတစ်လေ မြေကြီးထဲ ဝင်သွားတာပဲ။ အမြင့်ဆိုတာကို မြေကြီးထဲ သူဝင်နိုင်သလောက်ပဲ သိမယ်။ အကယ်၍ လိပ်ပြာတစ်ကောင်နဲ့ တီကောင်တစ်ကောင်ဟာ စကားပြောတတ်လို့ ပြောမယ်ဆိုပါတော့။
“တီကောင်ရေ.. ပန်းကလေးတွေ ပွင့်နေတာ လှလိုက်တာ” ဆိုရင် တီကောင်က ဘယ်လိုပြန်ပြောမလဲ။
“ပန်းဆိုတာဘာလဲ၊ ငါမသိဘူး။ မရှိတာကို မင်းပြောနေတာလား။ လှတယ်ဆိုတာဘာလဲ” ….
“ပန်းတွေက မွှေးလိုက်တာ” ဆိုရင်လည်း “မွှေးတယ်ဆိုတာ ဘာလဲ၊ ငါမသိဘူး”….
“ပန်းဝတ်ရည်လေးတွေက ချိုလိုက်တာ” ဆိုရင်ရော… “ချိုတယ်ဆိုတာဘာလဲ”.. သူမသိဘူး။
“အမြင့်ကြီးက တက်ကြည့်လို့ရှိရင် လောကကြီးက တော်တော်ကြည့်ကောင်းတယ်ကွာ”ဆိုရင်ရော…
“အမြင့်ကြီးဆိုတာဟာ ဘာလဲ..” သူမသိရှာဘူး။
“ငါအဝေးကြီးကို သွားတော့မယ်..”လို့ ပြောရင် “အဝေးကြီးဆိုတာဘာလဲ၊ မင်းကမရှိတာတွေ စိတ်ကူးတွေယဉ်ပြီး ပြောနေတာပဲ” လို့ပြောမှာနော်…။
ဘာလို့လဲဆိုတော့ level of being သိပ်ကွာနေတယ်။ အဆင့်သိပ်ကွာနေတယ်။
လိပ်ပြာနဲ့ငှက်ကလေး….ဒီလိုပဲနော်။ လိပ်ပြာကနေတဆင့် တက်ကြည့်လိုက်။ ငှက်လေးတွေရဲ့ဘဝကို စဉ်းစားကြည့်။ ငှက်ကလေးတစ်ကောင်ရဲ့ဘဝကို ကြည့်မယ်ဆိုရင် လိပ်ပြာတစ်ကောင်ထက် ပိုကျယ်ပြန့်တယ်။ ငှက်ကလေးတစ်ကောင်နဲ့ ကြောင်ကလေးတစ်ကောင် ဘဝကိုလည်း တဆင့် တဆင့် တက်ကြည့်သွားပါ။
ခုနကပြောသလိုပဲ တီကောင်ရဲ့လောကနဲ့ လိပ်ပြာရဲ့လောက မတူဘူး။ လိပ်ပြာတစ်ကောင်ရဲ့လောကနဲ့ ငှက်ကလေးတစ်ကောင်ရဲ့ လောကဟာလည်း မတူဘူး။ ငှက်ကလေးတစ်ကောင်နဲ့ ကြောင်ကလေးရဲ့လောကလည်း မတူဘူး။ အဆင့်ဆင့် သိပ်ကွာတာပဲ။ အဲဒီတော့ level of being နိမ့်လေလေ သူ့လောကဟာလည်း နိမ့်လေလေပဲ ဆိုရမှာ။
ကိုယ့်ဘဝမချို့တဲ့စေချင်ရင် ဘယ်နှယ့်လုပ်မလဲ။ ကိုယ့်အဆင့်အတန်းကို ကိုယ့်ဘာသာကိုယ် မြှင့်ရမယ်နော်။ ဘဝအဆင့်အတန်းဆိုတာ လူနေမူအဆင့်အတန်းကို
 ပြောတာမဟုတ်ဘူး။ စိတ်ဓါတ်နဲ့ အသိညဏ်ကို ပြောတာ။
လူ့လောကဆိုတာဟာ တိရစ္တာန်လောကနဲ့ ဘယ်လိုမှနှိုင်းယှဉ်လို့မရအောင် ကြီးကျယ်မြင့်မြတ်တယ်။ အနှစ်သာရ အဓိပ္မါယ်တွေ အင်မတန် ပြည့်ဝတယ်။ တိရစ္တာန်တွေမှာ concept (အယူအဆ၊အမြင်၊သဘောထား)ဆိုတာ မရှိဘူး။ စကားလုံးဆိုတာ မရှိဘူး။ ပစ္စည်းတစ်ခုခုကို သူတို့မြင်ပေမယ့် ဒီပစ္စည်းအကြောင်းကို သူတို့ ပြည့်ပြည့်စုံစုံ မသိနိုင်ဘူး။ အသီးအနှံလေးတွေကို သူတို့တွေ့တယ်။ သူတို့စားတယ်။ ဒါပေမယ့် ဒီအသီးအနှံရဲ့သဘာဝကို သူတို့မသိဘူး။ သူတို့မှာ biological need က အဓိကဖြစ်နေတယ်။ spiritual need ဆိုတာသူတို့မှာ မရှိဘူး။
***တစ်ဦးချင်းရဲ့ စိတ်ဓါတ်နဲ့ အသိညဏ် အဆင့်အတန်းပေါ်မူတည်ပြီးတော့သူနဲ့ထိုက်တန်သလောက်ပဲ သူနားလည်နိုင်မယ်။ အသိညဏ်နဲ့စိတ်ဓါတ် အဆင့်အတန်း မြင့်မားရင်မြင့်မားသလောက် ပိုပြီး နက်နဲသိမ်မွေ့တာကို နားလည်မယ်။ လူတစ်ယောက် ဘယ်အတိုင်းအတာလောက်အထိ တကယ် နားလည်မယ်ဆိုတာ သူ့ရဲ့ level of being ဘယ်လောက်မြင့်တယ် ဆိုတာပေါ် မူတည်တယ်။
သိရမယ့်အကြောင်းအရာနဲ့ သိတဲ့လူရဲ့အသိညဏ်နဲ့ တန်ရမယ်။ “သူ့အိုးနဲ့သူ့ဆန်” ဆိုတဲ့စကားလိုပဲ။ ကိုယ့်ညဏ်နဲ့ တန်သလောက်ပဲ သိမယ်။ ဒါကြောင့် တစ်ခုခုကို အဆင့်မြင့်မြင့်သိချင်ရင် ကိုယ်ကိုတိုင်က ကိုယ့်ရဲ့အသိညဏ်အဆင့်ကို မြင့်ရတယ်။ ကိုယ့်ရဲ့စိတ်ဓါတ်ကို မြင့်ရတယ်။ ကိုယ့်ရဲ့သတိအဆင့်ကို မြင့်ရတယ်။ သမာဓိအဆင့်ကိုမြင့်ရတယ်။***
သူ့ဥာဏ်မမှီလို့ မသိနိုင်တဲ့သူက သူမသိနိုင်တာတွေဟာ မရှိနိုင်ပါဘူးလို့ပြောရင် ဘယ်နှယ့်လုပ်မလဲ။ သူမရှိဘူးပြောတိုင်း မရှိဘူးလို့လက်ခံလို့ မရဘူး။ သူမသိနိုင်လို့ မရှိဘူးလို့ သူထင်နေတာပါ။ အဲသလိုပဲ တရားချမ်းသာဆိုတာ မသိနိုင်တဲ့သူအဖို့တော့ မရှိဘူးလို့ ပြောရမှာပဲ။ တီကောင်တစ်ကောင်အဖို့တော့ ပန်းပွင့်ဆိုတာ မရှိဘူး။ အဆင့်နိမ့်တဲ့သူက မသိဘူး။ ပိုသိချင်ရင် ကိုယ့်အဆင့်ကို အများကြီးမြှင့်မှရမယ်ဆိုတာ နားလည်စေချင်ပါတယ်နော်…။
ဆရာတော်ဦးဇောတိက
(“ဘဝ၏အဆင့်အတန်း” စာအုပ်မှ)
(စာတွေအရမ်းရှည်သွားမှာစိုး၍ အဓိက အကြောင်းအရာကိုပဲ ယူထားခြင်းပါ။ အဲဒီစာအုပ်ကို မဖြစ်မနေ ဝယ်ဖတ်ကြည့်စေချင်ပါတယ်။)
                                           နှလုံးသားအာဟာရ

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)