မြောက်အရပ်မှ မဟာအိမ်နီးချင်း
တရုတ်အကြောင်းကို မြန်မာတို့ သိသလိုလိုနှင့် တကယ်မသိခြင်းသည် နိုင်ငံကို အကျိုးယုတ်စေ သည်သာမက အန္တရာယ်လည်းကြီးသည်။ မြန်မာနှင့်တရုတ်အကြောင်း မသွားမီ တရုတ်၏ လက်ရှိအခြေအနေကို လေ့လာကြည့်ကြပါစို့။
တရုတ်စွာလာခြင်း တရုတ်သည် ၁၉၇၉ တွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး စကတည်းက အရှိန်မြန်စွာ တိုးတက်ကာ ၁၉၉၀ ခန့်တွင် အားလုံးသတိထားမိလာသည့် အခြေအနေသို့ ဆိုက်သည်။ ထိုအခါ တရုတ်နဂါးကြီး နိုးလာပြီဟု ကြောက်ကြပြီး အင်အားကြီးထွားလာခြင်းကို အိမ်နီးချင်းတို့ ကြောက်ရွံ့မည် စိုးသဖြင့် တရုတ်သည် “Rise” “မြင့်တက်ခြင်း” ဟုပင် မသုံးဘဲ “Peaceful Development” “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း” ဟု ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ဘဲ တိုးတက်ခြင်းဟု တမင်သုံးစွဲခဲ့သည်။ နိုင်ငံတကာ အရေးများတွင်လည်း မျက်စိစပါးမွှေး အစူးမခံရစေရန် တက်ထောင်မောင်းနင်း သိပ်မလုပ်ဘဲ ခပ်လျှိုလျှိုနေခဲ့သည်။ သို့သော် ၂၀၀၈ ဘေဂျင်းအိုလံပစ်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပအပြီးတွင် တရုတ်သည် ခေါင်းမော့ရင်ကော့လာသည်။ ယခင်ကထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုလာကာ
အခြားနိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းများ ပိုမြင်လာရသည်။

တရုတ်ကို ကြောက်လာခြင်း တရုတ်ကို ကြောက်ရွံ့လာကြခြင်း၏ အကောင်းဆုံး သာဓကမှာ ဂျပန် ခြေလှမ်းပြောင်းလာခြင်း ဖြစ်သည်။ ဂျပန်သည် တရုတ်နှင့်
ဒေသတွင်း အဓိကပြိုင်ဘက် ဖြစ်သည်။ တရုတ်ကို ဂျပန်က ၂၀ ရာစု အစောပိုင်းတွင် ကျူးကျော် ခြယ်လှယ်ခဲ့သည်ကို တရုတ်က မမေ့။ သမိုင်းစာအုပ်များတွင် တခုတ်တရ သင်သလို ရုပ်ရှင်များ
တွင် ဂျပန်ဆန့်ကျင်ရေးများ လူကြိုက် များလှသည်။ ဂျပန်သည် တရုတ်နှင့် စီးပွားရေးအရ ကြီးမားသော ဆက်ဆံရေး ရှိသလို တရုတ်ကို အထောက်အပံ့များစွာ ပေးခဲ့သော်လည်း တရုတ်ကို သတိ အမြဲထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဂျပန်သည် တရုတ်နှင့် ယခင်က ဖြစ်ပွားခဲ့သော အငြင်းပွားမှုများ
တွင် တိုးတိုးတိတ်တိတ်ဖြင့် ဖြေရှင်းသော်လည်း ကျွန်းကို သူပိုင်
ငါပိုင် အငြင်းပွားမှုတွင်မူ လူသိရှင်ကြားကျယ်ကျယ်လောင်လောင်
တုံ့ပြန်ခဲ့သည်မှာ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်၏ မူဝါဒ ပြောင်းလဲ
လာခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ် ပြီးကတည်းက စစ်ရေးတွင် ကိုယ်ရှိန်သတ်ခဲ့သည့် ဂျပန်သည် မကြာသေးမီကာလအတွင်း စစ်ရေးကို ပြန်လည်တိုးချဲ့လာခြင်းသည် တရုတ်ကြောင့် (China Factor) ဟု အကဲဖြတ်နိုင်သည်။
တောင်တရုတ်ပင်လယ်တွင် အရှေ့အာရှနိုင်ငံ အများအပြားသည် တရုတ်နှင့် ပိုင်နက် နယ်မြေ အငြင်းပွားနေကြသည်။ ဖိလစ်ပိုင်ဆိုလျှင် သူနှင့် ဆက်စပ်နေသည့် တောင်တရုတ်
ပင်လယ် အခြမ်းကို တောင်တရုတ်ပင်လယ် ဟုပင် မခေါ်ဘဲ အနောက်ဖိလစ်ပိုင်ပင်လယ် ဟုခေါ်သည်။ တရုတ်သည် ထိုနိုင်ငံများနှင့် ယခင်ကထက်စာလျှင် ထိပ်တိုက်တွေ့ရန် မရွံ့သည့်ဟန်များ မြင်လာရသည်။ အမေရိကန်သည် အိုဘားမားလက်ထက်တွင် အာရှသို့ ပြန်အဝင်နှင့်လည်း တိုက်ဆိုင်ချိန်တွင် တရုတ်နှင့် အငြင်းပွားနိုင်ငံ အားလုံးက အမေရိကန်ကို အားကိုးလာကြသည်။ အမေရိကန် တစ်ဦးတည်းသာ တရုတ်ကို ထိန်းနိုင်မည်ဟု တွက်ကြသည်။
“ယခုလောလောဆယ်တွင် မြန်မာက တရုတ်အကြောင်းကို သိသည်ထက် တရုတ်က မြန်မာအကြောင်းကို ပိုသိသည်…”
အမေရိကန်တို့ မည်သည့်အခါမှ ဝန်ခံမည် မဟုတ်သော်လည်းမြန်မာနိုင်ငံနှင့် အမေရိကန် အဆက်အဆံ ပြန်နီးကပ်လာခြင်း ကိုယ်တိုင်က တရုတ်နှင့် ကပ်လျက် တည်ရှိသောကြောင့်
ဖြစ်သည်။ အခြားတရုတ်နှင့် အိမ်နီးချင်း များနှင့်မတူ ထူးခြား
သည်မှာ မြန်မာသည် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် ဖြစ်နေခြင်း
ပင်။ လက်ရှိ မဟာအင်အားကြီး အမေရိကန်သာ နောက်ပေါက် စိန်ခေါ်သူ တရုတ်ကို ထိန်းလိုလျှင် တရုတ်၏ ဂယ်ပေါက်ကို ပိတ်
မည်ပင်။ ယခုလည်း မြန်မာနိုင်ငံ အပါအဝင် အာရှတွင် အမေရိ
ကန်နိုင်ငံ၏ ခြေလှမ်းများမှာ ထိုဘက်သို့ ဦးတည်နေသည်။
မဟာဗျူဟာမြောက် မိတ်ဖက်များ ဖြစ်သည့် အမေရိကန်နှင့် ဂျပန်သည် အတွဲလိုက် အတိုင်အဖောက်ညီညီ ကစားတတ်သည်။ အမေရိကန်က စစ်ရေးနည်းဖြင့် လှုပ်ရှားလျှင် ဂျပန်က စီးပွားရေး
နည်းဖြင့် ဝင်တတ်သည်။ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ဂျပန်က ငွေကြေးထောက်ပံ့ တတ်သည်။ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် သဘောထား ပြောင်းသွား အပြီးတွင် ဂျပန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင်စိတ်ရောကိုယ်ပါ
မြန်မာနိုင်ငံကို ကူညီလာခဲ့သည်။ သီလဝါစီမံကိန်း အပါအဝင် ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး အပါအဝင် ကဏ္ဍများစွာတွင် ဂျပန်တို့ ပါဝင် ကူညီနေခြင်းမှာ ယင်းမူဝါဒ အနည်းဆုံး တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
မြန်မာနှင့် တရုတ်
ယခုလောလောဆယ်တွင် မြန်မာက
တရုတ်အကြောင်းကို သိသည်ထက် တရုတ်က မြန်မာအကြောင်းကို ပိုသိသည်။
တရုတ်တို့သည် မြန်မာတို့ကို စနစ်တကျ လေ့လာနေကြပြီး အချက်အလက်
စုဆောင်းနိုင်မှုလည်း အားကောင်းသည်။ နဂိုကတည်းက အရေအတွက် နည်းလှသည့်
မြန်မာပညာရှင် များထဲတွင် တရုတ်အကြောင်းကို ဂဃနဏသိသည့် တရုတ်ဆိုင်ရာ
မြန်မာပညာရှင် ကျွန်တော်သိသလောက် မရှိပါ။
တရုတ်နိုင်ငံသည် ယနေ့ကမ္ဘာက လက်ခံထားသောလွတ်လပ်သော ဈေးကွက်နှင့် ဒီမိုကရေစီ အတွဲအဖက်
ဆေးနည်းဖြင့် မဟုတ်ဘဲ နှစ် ၃၀ အတွင်း နိုင်ငံသားသန်း ၃၀၀ ခန့်ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး စီးပွားရေးတိုးတက်နှုန်းဖြင့် နှစ်ကြာရှည် စွာ ဆက်လက်တိုးတက်နေဆဲ။ တရုတ် တစ်ချိန်ချိန်တွင် ပြိုကျမည်ဟု အများအပြားက ဟောကိန်းထုတ်ကြသော်လည်း
ဟောကိန်းထုတ် အပြီးတိုင်း တရုတ်က ပိုမိုခိုင်မာစွာ တိုးတက်လာသည်။ တရုတ်စီးပွားရေး တည်တည်ငြိမ်ငြိမ် တိုးတက်အောင် ကာလရှည်ကြာစွာ ထိန်းထားနိုင်ခြင်းသည် ကမ္ဘာ့အံ့ဖွယ်ထက် မလျော့သော အောင်မြင်မှုဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ထိုဖြစ်ရပ်မျိုး မကြုံခဲ့ဖူးပါ။ တစ်ချိန်တည်းတွင် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း တို့သည်လည်း တရုတ် ဖွံ့ဖြိုးတိုးတက်ရေး၏ ဟာကွက်များ ဖြစ်သည်။ တရုတ်သည် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများ ဓာတ်ခွဲခန်းကြီး ဖြစ်နေချိန်တွင် တရုတ်နှင့် ရေမြေချင်း၊
အကျိုးစီးပွားချင်း ဆက်စပ်နေသည့် မြန်မာနိုင်ငံသည်
တရုတ်ထံမှ အတုယူသင့် သည်ယူ၊ ပယ်သင့်သည်ကို ပယ်ရန် တရုတ်ကို အနီးကပ် လေ့လာသင့်သည်။မြန်မာနိုင်ငံသည်
တရုတ်အန္တရာယ်ကို သတိထားရမည် ဖြစ်သော်လည်း
အနာဂတ်ရန်သူဟု အပိုင် မတွက်သင့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကြိုပြင်ထားရမည်၊ အမြတ်ထုတ် မသွားအောင် တွက်နိုင်ချက်နိုင်ရမည် ဖြစ်သော်လည်း ရန်သူဟု မြင်နေလျှင် တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသကဲ့သို့ တကယ့်ရန်သူ ဖြစ်လာနိုင်
သည်ကို သဘောပေါက်ရမည်။ တရုတ်နှင့် မြန်မာ ဆက်ဆံရေး
သည် မြစ်ဆုံဆည် ရပ်အပြီးတွင် ခေတ္တတန်းသွားသော်လည်း
ချစ်ကြည်ရင်းနှီးသည့် အဆင့် ရှိသေးသည်ကို ဆက်ထိန်းရန်
လိုသည်။ အမေရိကန်၊ ဂျပန်တို့နှင့် အလျင်အမြန် ရင်းနှီးလာခြင်း
သည် လွတ်လပ်သော နိုင်ငံပီပီ ကိုယ့်အကျိုးစီးပွားအတွက် ဆက်ဆံခြင်းသာဖြစ်ပြီး တရုတ်ကို ရည်ရွယ်ကာ ဆက်ဆံခြင်း မဟုတ်ကြောင်း အာမခံပြောကြားရန် လိုသည်။
လူဦးရေအားဖြင့်
ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးဖြစ်ပြီး ဝယ်ယူ နိုင်စွမ်းအားပါ
တစ်နေ့ပြီးတစ်နေ့ တိုးတက်လာသည့် တရုတ်နိုင်ငံနှင့် အိမ်ချင်းကပ်
တည်ရှိခြင်းသည် မြန်မာနိုင်ငံအတွက် သုံးတတ်လျှင် မွေးရာပါ လက်ဆောင်
ဖြစ်သည်။ မြန်မာနိုင်ငံအတွက် မဟာဗျူဟာသည် တရုတ်ထံမှ ဘာရနိုင်မလဲ၊
ကိုယ့်ဘက်အပေးနှင့် အရ တန်မတန် စဉ်းစားခြင်း ဖြစ်သည်။ ကျောက်ဖြူမှ
တရုတ်သို့ ရေနံ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် လယ်ယာ ထုတ်ကုန် မြင်သာထင်သာ
ဥပမာနှစ်ခု စဉ်းစားကြည့်နိုင်သည်။
ကမ္ဘာ့နိုင်ငံ အများအပြား လိုအပ်သမျှ ကုန်ပစ္စည်းအများအပြားကို
ထုတ်လုပ်ပေးနေသော ကမ္ဘာ့စက်ရုံကြီး၊ စွမ်းအင်ဆာလောင်နေသော တရုတ်အတွက်
ဓာတ်ငွေ့ပိုက်လိုင်းသည် အသက်သွေးကြောဖြစ်သည်။ အသက်သွေးကြော တရုတ်ရေနံ ဓာတ်ငွေ့ပိုက်လိုင်း မြန်မာနိုင်ငံကို ဖြတ်သွားခြင်းမှာ အကောင်းအဆိုး ရောပြွမ်းသည်။ တရုတ်သည် အသက်သွေးကြော ဖြစ်သည့် ပိုက်လိုင်းကို မဟာဗျူဟာ အကျိုးစီးပွားအဖြစ် သတ်မှတ်ကာကွယ်မည်မှာ သေချာသည်။ တစ်စုံတစ်ခု ပိုက်လိုင်းအန္တရာယ် ဖြစ်မည်ဆိုလျှင် ဘာမဆို
ဆောင်ရွက်မည်ဟု တရုတ်က စဉ်းစားထားနိုင်သည်။ တစ်ဖက်တွင် ပိုက်လိုင်း ချောချောမွေ့မွေ့ လည်ပတ်နိုင်ရေးသည် တရုတ်၏ အညှာ ဖြစ်သည့်အတွက် မြန်မာနှင့် ဆက်ဆံရေးကို
ချောမွေ့စေရန် တရုတ်က ကြိုးစားမည် ဖြစ်သည်။
တရုတ်သည် ဆန်တန်ချိန်လေးသန်း ၂၀၁၃ တွင် ပြည်ပမှ တင်သွင်းပြီး ကမ္ဘာ့အကြီးဆုံး ဆန်ဈေးကွက်ကြီး ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။ လယ်ယာစိုက်ပျိုးရေး အဓိက မြန်မာနိုင်ငံ
၏ ပြည်ပပို့ဆန်များ၏ ၆၀ ရာခိုင်နှုန်းသည် လောလောဆယ်တွင် တရုတ်နိုင်ငံသို့ သွားသည်ဟု ခန့်မှန်း ရရာ ပါးစပ်ပေါက် သန်း ၁၃၀၀ ရှိပြီး ချမ်းသာသည်ထက် ချမ်းသာလာသည့် တရုတ်သည် ဆန်အပါအဝင် မြန်မာ့လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ၏ အဓိကဈေးကွက်ကြီး ဖြစ်သည်။ မြန်မာသည် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ ဈေးကွက်အကြောင်းကို သေသေ
ချာချာ လေ့လာဆန်းစစ်ခြင်း မရှိသေး၊ မြန်မာက မည်သည့်ကုန်
များ ပို့လျှင် တရုတ်ဈေးကွက်နှင့် အံကျ ဖြစ်မည်ကို မသိသေး
သည့်အတွက် ယခုထက် ပိုသိရန် အရေးကြီးသည်။
တရုတ်နယ်စပ်များတွင် တရုတ်ဘာသာကိုသာ အသုံးများကြပြီး ၁၉၈၈ မတိုင်မီ ဆက်ဆံရေးများ ရှိခဲ့သည့်အတွက် တရုတ်နယ်
စပ်ရှိ ကေအိုင်အေနှင့် ဝတပ်ဖွဲ့များသည် တရုတ်ကိုင်ထားသည့် ဖဲချပ်များ ဖြစ်ပြီး မြန်မာနှင့်ဆက်ဆံရေး ဟန်ပုံမပေါ်လျှင် ထိုဖဲချပ်များကို ထုတ်သုံးနိုင်သည်ဟု ပြည်တွင်းပြည်ပ အကဲခတ်
များက အကဲဖြတ်ကြသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ပီပီပြင်ပြင် မရသေးသရွေ့ မည်သည့် အစိုးရတက်တက် အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်ကြသည့် ဖြစ်ရပ်မျိုး ကြုံတွေ့ရနိုင်သည်။
တရုတ်သည် မော်စီတုန်းလက်ထက်တွင် ကွန်မြူနစ်
ညီအစ်ကိုများ ကူညီရေး မူဝါဒအရ ဗမာပြည်ကွန်မြူနစ်ပါတီကို
ထောက်ပံ့ခဲ့ပြီး နောက်ပိုင်း တိန့်ရှောင်ဖိန် တက်လာသောအခါမှ အထောက်အပံ့များ တဖြည်းဖြည်း လျော့သွားသည်။ တစ်ချိန်က အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီသည် တရုတ်၏ ထောက်ပံ့မှုများ ထိုးကျသွားချိန်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် တရုတ်နယ်စပ်အနီးတွင် ယခုတည်ရှိနေသည့် ဝ နှင့် ကိုးကန့်တပ်များ ၁၉၈၉ တွင် ခွဲထွက်အပြီးတွင် ပြိုသွားခဲ့ခြင်းမှာ မြန်မာတွင် တရုတ်၏ အရေးကြီးသော အခန်းကဏ္ဍကို မြင်သာသည်။
သိအောင် ဘယ်လိုလုပ်မလဲ
တရုတ်အကြောင်း
ကောင်းကောင်းသိရန် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ လေ့လာရေး ဌာနကြီး
(Chinese Studies Institute) တစ်ခုကိုတက္ကသိုလ်များနှင့်
တွဲဖက်ပြီး
လည်းကောင်း၊ သီးသန့် think-tank အဖြစ်လည်းကောင်း၊ တပ်မတော်၏
ဌာနကြီးတစ်ခု အဖြစ်လည်းကောင်း ဖွင့်လှစ်ရန် လိုအပ်သည်။ ထိုဌာနများတွင်
ထမ်းဆောင်မည့် နိုင်ငံရေး၊ စီးပွားရေး စစ်ရေး ပညာရှင်များ သည်
တရုတ်ဘာသာ
တတ်ကျွမ်းမှ တရုတ်အကြောင်း တကယ်သိမည်။ အင်္ဂလိပ်ဘာသာစကားဖြင့်
ရနိုင်သည့် ရင်းမြစ်များကိုသာ အားကိုးနေရလျှင် တရုတ်ဆိုင်ရာ အသိ
အကန့်အသတ်ဖြင့်သာ ရှိမည်။ တရုတ်နှင့်ဝေးသော နိုင်ငံများပင်လျှင်
တရုတ်လေ့လာရေးဌာနကြီးများ ဖွင့်လှစ်ထားကြသည် ဖြစ်ရာ အဓိကကုန်သွယ်ဖက်၊
အဓိကရင်းနှီးမြှုပ်နှံသူ၊ လက်နက်များ အဓိက ဝယ်ယူရာ၊ မဟာအင်အားကြီး
လောင်းလျာ တရုတ်နှင့် နယ်စပ်ချင်း မိုင်ထောင်ချီ ဆက်စပ်နေသည့်
မြန်မာနိုင်ငံတွင် တရုတ်လေ့လာရေး ဌာနကြီးတစ်ခု မရှိလျှင် မျက်ကန်း
တစ္ဆေမကြောက်သလို၊ အမြော်အမြင် မရှိသလို
ဖြစ်ပေလိမ့်မည်။ ကျွန်တော် သိသလောက်
ထိုသို့သောဌာနများ မရှိသေးပါ။ အရှေ့အာရှ လေ့လာရေးဌာန တစ်ခုကို
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည်ကိုမူ သိသည်။ သို့သော် တရုတ်၏
အခန်းကဏ္ဍနှင့် အလားအလာသည် ကြီးမားလှသဖြင့် သီးသန့်ဌာနကြီးတစ်ခု
ဖွင့်လှစ်ရန် မဖြစ်မနေ လိုအပ်ပါသည်။
မဟာအင်အားကြီးလောင်းလျာနှင့် မဟာဈေးကွက် တရုတ်နှင့် အိမ်နီးချင်း အဖြစ်
ယှဉ်တွဲနေရခြင်းသည် မြန်မာအတွက်ကောင်းကျိုးရော ဆိုးကွက်ပါ ဒွန်တွဲနေသည်။ ဆိုးကွက်ကို လျော့စေပြီး ကောင်းကျိုးကို တိုးစေ၊ အန္တရာယ်ကို
လျော့စေ၊ သူလည်း အဆင်ပြေ ကိုယ်လည်းအကျိုးရှိ ဖြစ်ရန် တရုတ်အကြောင်း သိဖို့လိုသည်။
ကျွန်တော်တို့ တရုတ်အကြောင်း မသိသေးပါ။
ဇေယျသူ
Comments
Post a Comment