မမေ့လိုက်ပါနဲ့_သူငယ်ချင်း
သူငယ်ချင်း----
ကိုယ် မင်းကို တစ်ခုမေးကြည့်ချင်တယ် ။ ရိုးရိုးသားသားနဲ့ စိတ်ထဲရှိတဲ့ အတိုင်းပဲ ဖြေပါ။

တို့ ဘုရားရှင်ကိုယ်တော်မြတ်က ဇာတိဒုက္ခ ပဋိသန္ဓေနေရခြင်းဟာ
အလွန်ဆင်းရဲပါတယ် လို့ အကြိမ်ကြိမ် ဟောတော်မူခဲ့တယ်နော်။မင်း တကယ်
ကြောက်ရဲ့လာ--?
ဘာလို့ မကြောက်သေးတာလဲဆိုတာရော တွေးမိသလား ။
မေ့ သွားလို့ပါသူငယ်ချင်း ။ အမိဝမ်းမှာ တကယ်ဆင်းရဲခဲ့တာ မှန်ပေမယ့်
တို့တွေ အခုပြန်မမှတ်မိတော့ဘူး ။မေ့သွားပြီလေ ။
အလားတူပါပဲ ။ တို့တွေ အတိတ်ဘဝများစွာက ဘယ်ဘုံ ဘယ်ဘဝမှာ
ဘယ်လောက်ဆင်းရဲ ပင်ပန်းခဲ့တယ်ဆိုတာ ပြန်မသိနိုင်ကြတော့ဘူး မေ့သွားခဲ့ပြီ မဟုတ်လား ။
အတိတ်ဘဝကို အသာထား ။ လက်ရှိ ဘဝတင်ပဲ တချို့ အကြောင်းအရာတွေကို မမှတ်မိတော့ဘူးလေ။မေ့ကုန်လို့ပေါ့ ။
မေ့နေကြ မေ့တတ်ကြသူအားလုံးပဲ မွေးလိုက် သေလိုက်ဖြစ်နေရတဲ့ ခန္ဓာသံသရာမှာ ပျော်ကြပါတယ် ။ မမေ့တော့သူ အားလုံးကတော့ ခန္ဓာသံသရာကို အလွန်ထိတ်လန့်စွာပဲ ကြောက်ကြပါတယ် သူငယ်ချင်း ။ ဘဝသစ်တစ်ခုပြန်လည် မွေးဖွားရခြင်းဟာ သေဆုံးဖို့ အတွက်ပဲဆိုတာ အချိန်တိုင်း မမေ့ဘဲ သတိရနေကြလို့ပါ။
သာမန်ပုထုဇဉ်နဲ့ သောတာပန်ပုဂ္ဂိုလ်ရဲ့ ကွာခြားချက်များစွာထဲက အထင်ရှားဆုံးနဲ့ အသိသာဆုံးကွာခြားချက်ကလည်း ဒီ မမေ့တော့ခြင်းဆိုတဲ့ အချက်ပါပဲ ။ဒါကြောင့် ဘာတစ်ခုမှမမြဲဘူးဆိုတဲ့ အနိစ္စသညာစွဲမြဲနေတဲ့ သောတာပန်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ပြင်းထန်တဲ့လောဘ ပြင်းထန်တဲ့ဒေါသ ဖြစ်ခွင့်မရနိုင်တော့တာပေါ့။်
(1)နဲ့(2)ပေါင်း(3) ရတယ်ဆိုတာ ငယ်စဉ်ကျောင်းသားဘဝက အကြိမ်ကြိမ်လေ့ကျင့်ရင်း ဉာဏ်နဲ့ သဘောပေါက်နားလည်ခဲ့လို့ ဘယ်အချိန်မေးမေး ဖြေနိုင်ကြတာပါ။မေ့မသွားတော့တာပါ။တကူးတကမှတ်ထားရတာမျိုး မဟုတ်သလို ပေါင်းကြည့်နေစရာလည်း မလိုတော့ပါဘူး ။ဒါကတော့ လောကအသိဉာဏ်ပေါ့။
ဒီသဘောပါပဲ။ ငါဆိုတဲ့ ဒီခန္ဓာကြီး မမြဲဘူးဆိုတာကို ကြားဘူးနားဝသိရုံ မဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ပြက်ပြက်ထင်ထင် မြင်တွေ့နားလည် ထားပြီးတဲ့သူဟာ ဘယ်တော့မှ မေ့မသွားတော့ပါဘူး။ အပြင်ဗဟိဒ္ဓက ငါ့ဟာတွေ မမြဲဘူးဆိုတာ မေ့မသွားဖို့ကလည်း ငါဆိုတဲ့ ဒီခန္ဓာကြီး မမြဲတာကို အရင်မြင်အောင်ကြည့်ရမှာပါ။
ဒါမှ အရင်းလဲတော့ အဖျားထင်းဖြစ်ဆိုတာလို ငါတောင်မမြဲမှတော့ ငါပိုင်ဆိုင်တဲ့ ငါ့ဟာရယ်လို့ ဘယ်မှာလုပ်လို့ဖြစ်ပါတော့မလဲ လို့ အချိန်တိုင်း မမေ့ဘဲ သဘောပေါက်နေမှာပါ။
အရင်းအမြစ်က ဒီခန္ဓာပါပဲ။ဒါကြောင့်လည်း ခန္ဓာမှာပဲ တရားရှာကြရတာပေါ့ ။
သူငယ်ချင်းရေ--
မမေ့တော့တဲ့ အသိဉာဏ်မရသေးသူတိုင်း အတွက်ကဖြင့် သံသရာခရီးမှာ စိတ်အေးလို့ မနေသင့်ပါဘူး ။ ဘာလို့လည်းဆိုတော့ လွတ်လွတ်ကျွတ်ကျွတ်ကံစီမံတဲ့ ဘဝကို မကူးပြောင်းနိုင်ကြဘဲ သေခါနီးကာလမှာ စွဲမိစွဲရာ မြင်မိမြင်ရာကို မလွှတ်တမ်းဖမ်းဆုပ်လိုက်ကြတာကြောင့် ဝက်သံကြား ဝက်ဖြစ် ခွေးသံကြား ခွေးဘဝရောက် ဆိုတဲ့ အပါယ်လေးပါးနဲ့ မိတ်ဆက်သွားကြရတာကြောင့်ပါပဲ။
ရေနစ်နေသူဟာ ကောက်ရိုးတစ်မျှင်ကို အားကိုးရာအစစ်လို့ အထင်မှားသွားတတ်ကြသလိုပါပဲ။ ပေါ်လာတဲ့ အာရုံကို စိတ်လိုလက်ရ လိုလိုချင်ချင်ပဲ ဖမ်းဆုပ်လိုက်ကြတာပါကွယ် ။
ဒါကြောင့် ကိုယ် စားဝတ်နေရေး မိသားစုအရေးတွေ မအားလပ်တဲ့ကြားက သူငယ်ချင်းကို သတိပေးနေရတာပါ။
မမေ့တော့တဲ့ အသိဉာဏ်ရဖို့ ကြိုးစားအားထုတ်ပါ သူငယ်ချင်း--
မစံပယ်( စလင်း )

Comments
Post a Comment