ဤလေ့ကျင့်ခန်းကို အစဉ်အမြဲ လေ့ကျင့်ပေးလျှင်
၁။ ခေါင်းကို လှည့်ပေးခြင်း။
မတ်တတ်ရပ်အနေအထားနဲ့ မျက်စိကို မှေးထား၍ ရင်ကော့ပြီး ဗိုက်ကိုရှပ်ထားပါ။ ဦးခေါင်းကို လက်ယာရစ် ၁၀-ကြိမ် လှည့်ပေးပြီး၊ လက်ဝဲရစ် ၁၀-ကြိမ် လှည့်ပေးပါ။
ဇက်ကြောညောင်းသည့်အခါတိုင်း ထိုနည်းဖြင့် လှည့်၍လေ့ကျင့်ပေးပါ။
ဤလေ့ကျင့်ခန်းနည်းဖြင့် ဦးခေါင်းကို အစဉ်အမြဲ လှည့်ပေးလျှင် လည်ပင်းကြွက်သား လည်ပင်းအရိုးအဆစ်ကို သန်မာစေနိုင်မည်။
ထို့ပြင် ဦးခေါင်းကိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ လည်ဆစ်ရိုး ကျီးပေါင်းတက်ခြင်း အစရှိသည့် ဝေဒနာတို့ကို ကြိုတင်ကာကွယ်နိုင်သည်။ ကုသနိုင်သည်။
၂။ ခါးကိုလှည့်ပေးခြင်း။
ပေါင်နှစ်ဖက်ကို ခွါ၍ရပ်ပြီး လက်နှစ်ဖက်ကို ခါးစောင်းနှစ်ဖက်တွင် တင်ထား၍ ခါးကို ရှေ့သို့ အနည်းငယ်
ကိုင်းညွတ်ကာ လက်ယာရစ်၍ ၁၀-ကြိမ်လှည့်ပေးပါ။ ထို့နောက် လက်ဝဲရစ်၍ ၁၀-ကြိမ် လှည့်ပေးပါ။
ခါးညောင်းတိုင်း ထိုနည်းဖြင့် လှည့်၍ လေ့ကျင့်ပါ။
ဤကျန်းမာရေး လေ့ကျင့်ခန်းကို အစဉ်အမြဲ လေ့ကျင့်ပေးလျှင် ခါးကြွက်သားနှင့် ခါးရိုးဆစ်ကို သန်မာလာစေနိုင်သည်။
နာတာရှည် ခါးအကြောတင်ခြင်း၊ ခါးအရိုးအဆစ် ကျီးပေါင်းတက်ခြင်း၊ ခါးရိုးဆစ်ကြား ချပ်ပိုင်း ငေါထွက်ခြင်း၊ ရိုမက်တစ် ခါးကိုက်နာ၊ တင်ခံရိုး နာ့ဗ်ကြော ကိုက်ခဲခြင်း စသည်တို့ကို ကြိုတင် ကာကွယ်နိုင်သည်။ အကိုက်အခဲသက်သာအောင် ကုသနိုင်မည် ဖြစ်သည်။
၃။ ပေါင်ကို လှည့်ပေးခြင်း။
မတ်တတ်ရပ်အနေအထားနဲ့ ပေါင်နှင့်ခြေနှစ်ဖက်ကို စေ့ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ဒူးဆစ်နှစ်ဖက်ပေါ် တင်ထား၍ ခြေတံကို ကွေးပြီး လက်ယာရစ်၍ ၁၀-ကြိမ် လှည့်ပေးပါ။ ထို့နောက် လက်ဝဲရစ်၍ ၁၀-ကြိမ် လှည့်ပေးပါ။
ဤလေ့ကျင့်ခန်းကို အစဉ်အမြဲ လေ့ကျင့်ပေးလျှင် ပေါင်ကြွက်သားကို သန်မာလာစေနိုင်မည်။
ဒူးဆစ်ရောင်နာ၊ ကိုယ်အောက်ပိုင်း သွေးပြန်ကြော ဖောင်းကြွ တွန့်လိမ်ခြင်း၊ တင်ခံရိုး နာ့ဗ်ကြော ကိုက်ခဲခြင်း အစရှိသည့် ဝေဒနာတို့ကို ကြိုတင်ကာကွယ်နိုင်မည်။ ကုသနိုင်မည် ဖြစ်လေသည်။

Comments
Post a Comment