အကြည်တော်ရေးတဲ့ လူရွှင်တော်များ၏ ပျော်ရွှင်ဖွယ်ရာ စကားများ
ခေတ်စနစ်ကို ရေလောင်းပေါင်းသင်
တက်လာတဲ့ အညွန့်အဖူး လေးပြပြီး
အနောက်က သစ်ပင်အို၊
ဖျောက်ရတာအမော။
အမှန်တော့ ပျော်စရာမကောင်းပါဘူး။
ကောက်ပင်လိုရိတ်လှီး လယ်ကွင်းထီးထီးချန်ခဲ့
အညွန့်အဖူးပြန်ဝေတော့ ခေါင်းကကိုင်
လည်တိုင်ကိုရိတ်လှီး...
လူဆိုတာ မျိုးစပါးတွေ။
ခြေတစ်ဖက်ထောက် ထားရတဲ့
ခေါင်းငုံ့ တာလည်းကြာပေါ့...
လက်တစ်ဖက်ရှေ့ကမ်းခဲ့တာလည်း ကြာ...ကြာလှပေါ့။
သူတို့ကို တပင်တပန်း ထမ်းကျွေးနေရတုန်း။
တစ်ခေါင်းဆင်းတော့၊
တစ်ခေါင်းက နင်းပြန် တစ်ခေါင်းဆင်းတော့၊
တစ်ခေါင်းက ပြန်နင်း တစ်ခေါင်းဆင်း
တစ်ခေါင်းနင်းဘဝနဲ့ လည်လာလိုက်တာ
ဟိုးအစိမ်းရောင်ကာလကတည်းက။
လူတစ်ယောက်ဒဏ်ရာမရဖို့ နောက်လူတစ်ယောက် လူစားဝင်ရ။
ဒိုင်ဗင်တွေထိုးပြရ။ နာမည်ရတော့ မင်းသားပေါ့။
အမှန်တော့ ပျော်စရာမကောင်းတဲ့ခေတ်မှာ
ပျော်ချင်ယောင်ဆောင်ရတာ ပျော်စရာမကောင်းပါဘူး။
တစ်ခါတလေလည်း ခိုင်ထူးရဲ့ 'ကျွန်တော်မကောင်းဘူး' စာသား
သူတို့နှုတ်ဖျား ကြား ကြားချင်ရဲ့..
အခုကြားနေတာလည်းရှေးသီချင်းပဲ။
'ပန်းသလားမေပျို' အပြောနဲ့အလုပ်
မကိုက်ညီလိုက်ပုံများ
လူရွှင်တော်များလားတောင် ထင်မှတ်မှားရဲ့။
ခေါင်းပေါင်းကိုပြင် တောင်ရှည်ကိုပင့်
ပြောချလိုက်တဲ့စကားနဲ့တင် လူတွေဝေါခနဲပွဲကျသွားတယ်။
"တိုးတက်နေတဲ့ ခေတ်ကြီးမှာ နောက်ကျမကျန်ရစ်စေဖို့"
လာပါသူငယ်ချင်း
"ကားပေါ်တက် လှေလှော်ထွက်ရအောင် ဟဲ့မြင်း"
အကြည်တော်
Comments
Post a Comment