ထီပေါက်ကိန်း နှင့် မထိုးလူမိုက် ထိုးလူမိုက်
ရှေးထုံးလည်း မပယ်နဲ့  ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ စကားလိုပေါ့။ ဗေဒင်ပညာဟာ အယူသည်းမှုတစ်ခုလို့ 
ယူဆသူတွေ ရှိသလို ရှေးဟောင်းပညာရပ်အနေနဲ့ 
အထိုက်အလျောက် လက်ခံယုံကြည်သူ တွေလည်း ရှိပါတယ်။ ဒါကြောင့် နှစ်ပေါင်းထောင်ချီပေမယ့် ယနေ့  အထိ မတိမ်ကော မပပျောက်ပဲ လူမှုနယ်ပယ်မှာ အသုံးချနေတာပါ။
ဒီတပတ်တော့ ကုန်းဘောင်ခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့ ဗေဒင် ပညာရှင်ကြီး စလေ ဦးပုညရဲ့  ထီပေါက်ကိန်း တွက်နည်းတစ်ခုကို တင်ပြလိုပါတယ်။ အဲဒီခေတ်အခါက ရဟန်းပညာရှိ လူပညာရှိတွေက တွက်ကိန်း ဟောကိန်းတွေကို မှတ်သားရလွယ်ရအောင် ကဗျာ လင်္ကာ တေးထပ် စာချိုးတွေနဲ့  မှတ်တမ်းတင် ရေးသားလေ့ ရှိပါတယ်။
ကဲ. . . ဖတ်ကြည့်ကြအောင်။
မွေးသက္ကတည်ဖက်၍၊ နံဂြိုလ်သက်ရောပါ
တိဗေဒဘုဉ္စာငယ် ကြွင်းသေသာမပျက်၊
ရောက်သက်နှင့်ရောယှက်ပြန်လျှင်
ခုနှစ်တန်စားတော့ တချက်၊
ထီပေါက်ကိန်း ဥပဒေ ပုံသေသမပျက်၊
ငါးခုကျန်ချိန်တွက်၍ မြဲတစ်သက်မှတ်ပါ။
ပေါက်မည်မှာမှန်မလွဲ တကယ်ပဲ ထိုးစေကြရာ၊
သုညကြွင်းခင့်ဇာတာမှာ စပ်ပါလေအမြဲပ၊
သွေမလွဲ ဧ၀ကံ ထိုးပါအမြန်၊
အကယ်လွဲ၍ ပေါက်မဲကျန်မူ
လျှာလှီးခံမည် စာချုပ်မယ်ပါ့လေး။
ဗေဒင်ဆရာကြီးကတော့ အာမခံ အလွန်ရဲပနော်၊ မမှန်ရင် လျှာလှီးခံမယ် ဆိုပါလား၊ ကျနော်က ထပ်ဆင့် တင်ပြသူမို့  အာမ မခံရဲပါဘူးနော် (အဟီး) ။
ကဲ … တေးထပ်အဓိပ္ပါယ်လေး လေ့လာကြည့်ရအောင်။
၁။ မိမိ မွေးဖွားတဲ့ မြန်မာ သက္ကရာဇ်ကို တည်ပါ။ အဲဒီတည်ကိန်းထဲမှာ မွေးနံဂြိုက်သက်ကို ပေါင်းထည့်ပါ။ မွေးနံဂြိုလ်သက်တွေကတော့ …
တနင်္ဂနွေသားသမီး ဂြိုလ်သက် ၆ နှစ်
တနလာင်္သားသမီး ဂြိုလ်သက် ၁၅ နှစ်
အင်္ဂါသားသမီး ဂြိုလ်သက် ၈ နှစ်
ဗုဒ္ဓဟူးသားသမီး ဂြိုလ်သက် ၁၇ နှစ်
ကြာသာပတေးသားသမီး ဂြိုလ်သက် ၁၉ နှစ်
သောကြာသားသမီး ဂြိုလ်သက် ၂၁ နှစ်
စနေသားသမီး ဂြိုလ်သက် ၁၀ နှစ်
ရာဟုသားသမီး ဂြိုလ်သက် ၁၂ နှစ်
ရာဟုသားသမီးဆိုတာ ဗုဒ္ဓဟူးနေ့  နေ့ လည် ၁၂နာရီကနေ ည ၁၂နာရီ အတွင်း မွေးတဲ့သူကို ခေါ်တာပါ။
၂။ အဲဒီ ပေါင်းကိန်းကို ၄၃နဲ့ စားပါ
၃။ စားကြွင်းမှာ ရောက်သက်ကို ပေါင်းထည့်ပါ။
၎။ အဲဒီပေါင်းကိန်းကို ၇ နဲ့ စားပါ။
၅။ ၅ကြွင်းရင် တစ်ယောက်ထဲထိုးပါ ထီပေါက်မယ်၊ သုညကြွင်းရင်တော့ သူများနဲ့ စပ်တူထိုးမှ ထီပေါက်မယ် ... လို့  တေးထပ်က ဆိုပါတယ်။
နမူနာတွက်ပြပါမယ် … ၁၃၄၀ခုဖွား စနေသား၊ အသက် ၂၃နှစ်။
၁။ မွေးသက္ကရာဇ် ၁၃၄၀ နဲ့  မွေးနံဂြိုလ်သက် ၁၀နှစ် ကို ပေါင်းတဲ့အခါ
၁၃၅၀ ရပါတယ်။
၂။ ပေါင်းရကိန်း ၁၃၅၀ကို ၄၃နဲ့ စားပါ၊ စားကြွင်း ၁၇ ရပါတယ်။
၃။ စားကြွင်း ၁၇ မှာ ရောက်သက် ၂၃နှစ်ကို ပေါင်းတော့ ၄၀ ရပါတယ်။
၎။ ပေါင်းကိန်း ၄၀ ကို ၇ နဲ့ စားတော့ ၅ ကြွင်းပါတယ်။
၅။ ဒါကြောင့် ဒီစနေသားဟာ အသက် ၂၃နှစ်မှာ တယောက်တည်းထိုးပါ၊ ထီပေါက်ကိန်း ရှိပါတယ်။ အသက် ၂၅မှာတော့ သုညကြွင်းတာမို့  သူတပါးနဲ့ စပ်တူထိုးမှ ထီပေါက်နိုင်ပါတယ်။ ဒီနည်းအတိုင်း ဘယ်အသက်တွေမှာ ထီပေါက်နိုင်သလဲလို့  တွက်ယူကြပါ။
ဒီနေရာမှာ ကျနော့်အနေ့ နဲ့  ဖြည်စွတ်ပြောလိုတာကတော့ ကျနော် အရင်ရေးခဲ့ဖူးတဲ့ အထက်မှာထီး အောက်မှာမီး အပိုင်း(၁)ကိုပါ တွဲဖတ်ပေးပါ၊ အဲဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ၇ရက် သားသမီးတွေ ထီပေါက်နိုင်တဲ့ အသက်နဲ့ ဦးပုည ထီပေါက်ကိန်း တွက်နည်း အသက် တို့  ထပ်တူညီမျှ တိုက်ဆိုင်တဲ့ ရောက်သက် ဆိုရင် နည်း ၂ နည်း ကိုက်ညီတဲ့အတွက် ပိုပြီး မှန်ကန်နိုင်ပါတယ်။
မထိုးလူမိုက် ထိုးလူမိုက် ဆိုတဲ့ ရှေးစကားက ထီနဲ့ ပတ်သက်တဲ့ ရှေးလူကြီးသူမတွေရဲ့ ဆုံးမစကားတခုပါ၊ ကံထမ်းလာတာ မမြင်သာ တာမို့ ထီထိုးတာကို လုံးဝပစ်ပယ်ထားတဲ့သူဟာ မထိုးလူမိုက်ပါ၊ ထို့ အတူ မိမိ ကံ ဥာဏ် ၀ိရိယကို အားမကိုးပဲ ထီကိုပဲ အားကိုးနေတဲ့သူကို ထိုးလူမိုက်လို့ ခေါ်ပါတယ်။ စာဖတ်သူတွေ အနေနဲ့  မထိုးလူမိုက် ထိုးလူမိုက် မဖြစ်ရအောင် ဥာဏ်နဲ့ ယှဉ်နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းပေးရင်း စာစုငယ်ကို အဆုံးသတ် လိုက်ရပါတယ်။
ဇေယျာစံ
Comments
Post a Comment