ဘ၀က တစ်ယောက်တည်း နေလာတာကြာတော့ အနေသားကျလာသည်... တကယ်တော့ ကျွန်တော် နေတဲ့
အခန်းက ပြုတင်းပေါက်မရှိတဲ့ ခပ်မှောင်မှောင် မြေအောက်ထက် က အခန်းငယ်
တစ်ခုပါ ... လေအ၀င် အထွက် သိပ်မကောင်း သလို လူအ၀င်အထွက်လည်း ကျွန်တော်မှ
လွဲ၍ မရှိသလောက်ပါပဲ... ဘေးအခန်းမှ သူနှင့်လည်း သိပ်မရင်းနှီးလှတော့
တွေ့ရင် နှုတ်ဆက်တာ ထက် သိပ်မပိုခဲ့ပါ... ကျွန်တော့် အခန်းထဲမှာ
စာကြည့်စားပွဲ တစ်လုံး အိပ်ရာ နှင့် ဂစ်တာတစ်လုံးက လွဲ၍ တိုလီမုတ်စများသာ
ဟိုနားတစ်စု ဒီနားတစ်စု ဖြစ်နေတတ်သည်။ အင်္ကျံအ၀တ်အစား ကျွန်တော်မှာ
သိပ်မရှိပါ ။ ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်း နှစ်ထည် လောက်နှင့် နှစ်သက်တဲ့
T-Shirt လေးငါးထည်လောက်သာ လှည့်ပြီး ကျွန်တော် ၀တ်တတ်သည်။ မိသားစု နှင့်
ခွဲနေတာကြာလာတော့ သူတို့နှင့် အဆက်အသွယ် သိပ်မရှိလှပါ ။ တခါတလေ အမေ့ကို
ဖုန်းခေါ်တာကလွဲလို့ တခြား ဘယ်သူနှင့်မှ ကျွန်တော် စကားမပြောဖြစ်ပါ ။
အမေနှင့်ဖုန်းပြောရင်လည်း အဖေနေကောင်းလား အကိုနှင့် အမကော ဘယ်လိုလည်း
.ကျန်းမာရေး ဂရုစိုက်နော် နှင့်
ဒီလောက်သာ ပြောဖြစ်ခဲ့သည်။ ကျွန်တော်
သူငယ်ချင်း အပေါင်းအသင်းလည်း နည်းသည်။ ကျွန်တော့် ဘ၀က
သိပ်စိတ်လှုပ်ရှားဖွယ်ရာ ဘာမှ မရှိလှပါ။ တခါတလေ အိပ်မက်ထဲမှာ
သီချင်းရေးနေမိလို့ နိုးလာရင် စိတ်လှုပ် ရှားစွာနဲ့ မမေ့ခင် အပြေးအလွှား
စာသားများ စဉ်းစား ချရေးရတာကလွဲရင် ဘ၀ က mono tone ပဲ ၊ အတက်အကျ
သိပ်မရှိလှတဲ့ သီချင်း အေးအေး တစ်ပုဒ် သာသာလောက်ပါ။ ကျွန်တော့ဘ၀ daily life
က အလုပ်နှင့် ကျောင်း ၊ ကျောင်းနှင့် အလုပ် ကွင်းတစ်ခုကို ပတ်ပြီး
လမ်းလျှေက်နေတဲ့ စက်ရုပ်တစ်ခု လိုပါပဲ ..ထပ်တလည်လည် ...
အဲဒီနေ့က ညနေစောင်းကထဲက နှင်းက တဖွဲဖွဲ ခပ်ပါးပါးလေး ကျနေသည်။ တနေကုန်
အလုပ်လုပ်ပြီး ကျောင်းကို နောက်ကျမှာ စိုး၍ အပြေးအလွှား ဆက်သွား ခဲ့သည်။
အတန်းထဲရောက်တော့ လူက ပြိုင်း နေပြီး စာမေးပွဲ ဖြေနေစဉ် ခေါင်းထဲမှာ
နောက်ကျိကျိ ဖြစ်နေတော့ သိပ်မဖြေနိုင်။ အတန်းပြီးသွား မှ စိတ်က
နဲနဲပေါ့သွားသည်။ ကျွန်တော် သွားရမည့် ရထားဘူတာရုံ က ကျောင်းနှင့်
နဲနဲလှမ်းသည်။ တိုက်များ ကြားထဲမှ ဖြတ်တိုက်လာတဲ့ ဆောင်းရာသီလေက
အရိုးထဲထိအောင် စိမ့်ပြီးအေးနေသည်။ ဘယ်နေရာ ကြည့်ကြည့် ဖြူဖြူဖွေးဖွေး
နှင်းများက ငယ်ငယ်က ကျွန်တော်မြင်ဘူးတဲ့ ပန်းချီကား တစ်ချက်ထဲကလို
အလွန်ကြည့်ကောင်းသည်။ လမ်းဘေးက ကော်ဖီဆိုင်မှ အပေါစား ခက်ကြဲကြဲ
ကော်ဖီတစ်ခွက် ၀ယ်လိုက်သည်။ အအေးဒဏ် ခံနိုင်အောင် ၀တ်ထားတဲ့ ကျွန်တော့်
လက်အိပ်၊ ဦးထုပ်၊ အနွေးထည်ထူထူ ၊ ကျွန်တော့် လွယ်အိပ် ၊ ရထားပေါ်မှာ
ဖတ်ဘို့ ကျောင်းမှ ကောက်လာတဲ့ သတင်းစာ အဟောင်း ၊ မီးညှိထား တဲ့ ဆေးလိပ်
နှင့် ကျွန်တော် တစ်ယောက်တည်း ရှုတ်ရှက်ခက် နေပါသည်။ လမ်းဘေးကစားကွင်းထဲမှာ
နှင်းများ နှင့် စော့နေကြတဲ့ ကလေးများက အချင်းချင်း snowball
များပေါက်နေကြရင်း snowball တစ်ခု ကျွန်တော့် ဘက် ရောက်လာ၍
မနဲရှောင်လိုက်ရသည်။ အရှောင်ကောင်းတာ ကံကောင်းလို့ ချော်လဲတော့ မလို့ ...
မြေအောက်ရထား ဘူတာရုံထဲရောက်မှ နဲနဲ အချမ်းသက်သာသွားသည်။ အနံ့အသက်က တော့
သိပ် မကောင်းလှပါ။ ဘယ်လောက်သန့်ရှင်းရေးလုပ်လုပ် နေရာတကာ
ညိုညိုညစ်ညစ်အရောင်နဲ့ အောက်သိုး သိုးနှင့် သေးနံ့ လိုလို အနံ့က
ကြီးဆိုးနေသည်။ လက်ကျန်ကော်ဖီကို အပြတ်ရှင်းလိုက်ပြီး အမှိုက်ပုံးထဲ
ပြစ်လိုက်သည်။ အိပ်ထဲမှာ နှိက်ကြည့်လိုက်တော့ ကျပ်တန်တစ်ရွက်နှင့်
အကြွေတစ်ချို့ ရှိသေးသည်။ TV မရှိ CD player မရှိတဲ့ ကျွန်တော့ရဲ့ နေစဉ်
entertainment အတွက် အသုံးချရဦးမည်။ တခြားတော့ မဟုတ်ပါ ဘူတာရုံမှာ
saxophone မှုတ်ပြီး အသက်မွေးဝမ်းကျောင်းမှု ပြုနေတဲ့ အဖိုးကြီးဆီမှာ
ပိုက်ဆံ ပေးပြီး ကျွန်တော် ကြိုက်တဲ့ သီချင်းတစ်ပုဒ် နှစ်ပုဒ်လောက်
သွားတီးခိုင်း မလို့ပါ။ ညှင်ညှင်သာသာလေး စွဲပြီး အတက်အကျ မှန်ကန်စွာ
တီးခတ်တတ်တဲ့ သူ့တီးလုံးများ ဟာ ကျွန်တော့် အတွက်ကတော့ ဈေးကြီး ကြီး
ပေးရတဲ့ stereo system တွေမှထွက်လာတဲ့ music နဲ့ မလဲနိုင်ပါ။ တခါတလေ
သူ့သီချင်းထဲမှာ နစ်မြောနေစဉ် ရထားများ ၀င်လာ၍ တိုက်ခတ်လာသောလေနှင့်
ဆူညံသွားသော အသံများကြားမှာ ပျောက်ကွယ် သွားသော သူ့ music နှင့် ဘူတာရုံ
မြင်ကွင်းဟာ အင်မတန် ပြည့်ဆုံ လွမ်းဆွေးဖွယ်ကောင်း တဲ့ ပန်းချီကားတစ်ချက်
လိုပါပဲ။ ဒီမြို့မှာ နေဘူးတဲ့သူဟာ ဒီမြို့ကို ဘယ်တော့မခွဲနိုင်ဘူးဆိုတာ
ဟုတ်ကောင်း ဟုတ်မည်ထင်တယ် ... အရာရာဟာ အပြင်ကကြည့်တော့ ဘာမှ မဟုတ်သလိုပါပဲ
..ဒါပေမယ့် တကယ် တော့ သူဟာနဲ့သူ အဓိပ္ပါယ် အပြည့်အ၀ ရှိကြတယ်...
ရထားပေါ်မှာ ထုံးစဉ်အတိုင်း ယူလာတဲ့ သတင်းစာလေး ဖတ်လိုက် ငိုက်လိုက်နဲ့
ဘေးပတ်ဝင်းကျင်ကို မေ့ထားလိုက်ပြီး ကျွန်တော် လိုက်လာခဲ့သည်။ တစ်ချက်
ကျွန်တော် တော်တော်လေး ငိုက်ကနဲဖြစ်သွားပြီး နိုးလာတော့ ငါများ ဟောက်နေလား
ဆိုပြီး မလုံမလဲ နှင့် ဟိုကြည့်ဒီကြည့် ကြည့်လိုက်မိသည်။ ကျွန်တော့်
မျက်နှားခြင်ဆိုင် မျက်စောင်းထိုးနားမှာ သူမကို တွေ့လိုက်ရပါသည်။ ဒါ
ပထမဦးဆုံး အကြိမ် သူမကို တွေ့ခဲ့ရတာပေါ့။ သူမက ခပ်ပြုံးပြုံးလေးနှင့်
ကျွန်တော့်ကို ကြည့်နေသည်။ သေချာပါပြီ ငါဟောက်နေတာ... ရှက်စိတ်နှင့်
မျက်နှာက နွေးကနဲ ဖြစ်သွားသည်။ ရှက်ရှက်နှင့် လက်အိပ်တွေချွတ်
ဦးထုပ်တွေချွတ် ဟိုထည့်ဒီထည့် နှင့် ရုတ်တရက် ကျွန်တော် ဘာတွေ
လုပ်မိမှန်းမသိပါ။ စိတ်နဲနဲ ငြိမ်သွားတော့မှ သူမကို တစ်ခါ ထက်ပြီး
ကြည့်မိလိုက်သည်။ ငြိမ်းချမ်းမှု အပြည့်နှင့် တည်ငြိမ်လှပါသည်။ သူမ၏
မျက်လုံးများဟာ ၀ိုင်းဆက်ပြီး အရောင်တောက်နေသည်။ မပါးမထူ
မျက်ခုံးများအောက်မှာ တင့်တင့်တယ်တယ် ကြည် လင်ပြီး ပြုံးရောင်သန်းနေပါသည်။
ရီးစားလည်းမထားဘူး မိန်းကလေးများကိုလည်း တခါမှ စိတ်မ၀င် စားဘူးတဲ့
ကျွန်တော် ရင်ထဲမှာ မဖော်ပြတတ်သော ငြိမ်းချမ်းသည့် သီးသန့်ခံစားချက်
တစ်ခုကို ရလိုက် ပါသည်။ ရိုးရှင်းပြီး ခပ်ပါးပါး ချယ်ထားတဲ့ သူ့ အလှမှာ
ကျွန်တော် နစ်မြောသွားပါသည်။ ကျွန်တော် ငေးကြည့်နေမိပြီး ကျွန်တော့်
အကြည့်များ သူမ ဆီမှ ရုတ်တရက် လွှဲလို့ မရခဲ့ပါ။ ကျွန်တော် ကြည့်နေစဉ် သူမ
မျက်ခုံးလေးများ ပင့်ပြီး ကျွန်တော့်ကို ပြန်ကြည့် လိုက်တဲ့ အချိန်မှာ
ရင်ဟာဒိန်းကလဲ ခုန်သွားပြီး ခြေဖျားလက်ဖျားများ အေးသွားခါ ကျွန်တော်
အကြည့်များ လွှဲလိုက်ရပါသည်။ သူမ ကျွန်တော့်ကို ကြည့်နေ တာကို ခံစားပြီး
သိနေရတော့ ကျွန်တော် ရုတ်တရက် ပြန်မကြည့်ရဲပါ။ အားဆေးတင်ပြီး သူ့မကို
ပြန်ကြည့် မိတဲ့ အချိန်မှာ သူမက မျက်လွှာချသွားပြီး ခက်ပြုံးပြုံးလေး
ရထားကြမ်းပြင်ကို အကြည့်လွှဲသွားပါသည်။ သူမ ကျွန်တော့်ကို ကြည့်လိုက်တဲ့
အချိန်မှာ ကျွန်တော်က အကြည့်လွှဲလိုက် ၊ ကျွန်တော် ပြန်ကြည့် တဲ့အချိန်မှာ
သူမက အကြည့်လွှဲလိုက် နှင့် အချိန်များ ကုန်ဆုံးသွားသလား ရက်တန့်သွားသလား
ကျွန်တော် မပြောပြတတ်ပါ။ ဘေးပတ်ဝန်းကျင် မှ လူများ အားလုံးဟာ ၀ါးသွားပြီး
fadeout ဖြစ်သွားကာ ရထားပေါ်မှာ သူမ နှင့် ကျွန်တော် နှစ်ယောက်ထည်းသာ
တည်ရှိနေသလို ခံစားရပါသည်။ သံစဉ် စာသား ညီညီညာညာ သီချင်းတစ်ပုဒ်ကို
အခုချက်ချင်းရေး အခုချက်ချင်းဆို နေသလို timing မှန်မှန် နှင့်
အကြည့်များကြားမှာ နစ်မြောရင်း ကျွန်တော်နှင့်သူ အတူ သီဆိုခဲ့ပါသည်။ You
got stuck in a moment and you can't get out of it...ဆိုတာ ဒါမျိုးလား
မသိဘူး ... သတိထားမိတဲ့ အချိန်မှာ သူမ ဟာလည်း တအံ့တသြ နှင့် ဖြစ်နေ သည်။
Oh my god...i missed my stop..ဆိုတဲ့ သူမရဲ့ ကိုယ့်ဖာကိုယ် ပြောလိုက်တဲ့
အသံက ရှက်သလို လို ပျော်သလိုလို ကျွန်တော် ကြားလိုက်ရပါသည်။ သြော် သူမ
ဆင်းရမဲ့ ဘူတာ တောင် ကျော်သွားပြီကိုး ... ကျွန်တော့်ကို တစ်ချက်
လှမ်းကြည့်ရင်း သူမ နောက်ဘူတာမှာ ဆင်းရန် ထသွားပါသည်။ ကျွန်တော့်ကို
မြင်ရလောက်တဲ့ နေရာမှာ ရပ်နေရင်း ကျွန်တော့်ကို ကြည့်လိုက်
ကျွန်တော်ကကြည့်လိုက် အကြည့်များ လွှဲလိုက်နှင့် အချိန်များ
ထက်ကုန်သွားခဲ့ပါသည်။ ထသွားပြီး သူမကို ကျွန်တော် တခုခု အရမ်း ပြောချင်နေ
ပါသည်။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်တော့် ခြေထောက်များဟာ အရမ်း လေးနေပါသည်။
ဘယ်လိုမှ ရွှေ့လို့ မရပါ။ နောက်ဘူတာ မရောက်ပါစေနဲ့ ဟုသော အဓိပ္ပါယ်မရှိတဲ့
ဆုတွေ စိတ်ထဲ တောင်းနေလိုက်မိသည်။ ဒီအချိန်မှာပဲ ရထားဟာ ရပ်သွားပြီး သူမ
ဆင်းသွားပါသည်။ သူမ တကယ်ဆင်းသွားပြီ ဆိုတော့မှ ရင်ထဲမှာ ဟာကနဲ ဘာဖြစ်လို့
ဖြစ်မှန်းမသိတဲ့ အင်မတန် ခံရခက်သော ဝေဒနာ တစ်ခု ကို ရရှိလိုက်သည်။
ကျွန်တော်ခြေထောက်များ ရွှေ့လို့ရတဲ့ အချိန် ၊ သူမနောက် ဆင်းလိုက်ရန် ထပြီး
တခါးနား အရောက်မှာ ရထားဟာ တခါးပိတ်ပြီး စတင် ထွက်ခွာနေပါပြီ။
နောက်ကျသွားပါပြီ။ ခက်လှမ်းလှမ်း ရထားလမ်းဘေး ပလက်ဖောင်းပေါ်မှာ ကျန်ခဲ့တဲ့
သူမကို နှုတ်ဆက် လက်ပြလိုက်တော့ သူမဟာ ကျွန်တော့်ကို ရီဝေတဲ့
အကြည့်များနှင့် ကြည့်ပြီး ပြန်လက်ပြ နှုတ်ဆက်တာကို တွေ့လိုက်ရပါသည်....
နောက် ကျွန်တော် ဘာဖြစ်မှန်းမသိတော့ပါ ၊ အရာရာဟာ အသက်မဲ့သွားသလို ပါပဲ။
ကျွန်တော့ အခန်းထဲ ဘယ်လို ပြန်ရောက်လာလည်း မသိပါ။ မိုးတော်တော် ချုပ်မှ
ပြန်ရောက်လာခဲ့သည်။ အခန်းထဲ ပြန်ရောက်တဲ့ အချိန်မှာ ကျွန်တော့် အခန်းဟာ
ပုံမှန်ထက် ပိုပြီး အထီးကျန် ဆန်နေခဲ့သည်။ အဲဒီနေ့မှ စ၍ ကျွန်တော့် ဘ၀မှာ
အရာရာ အားလုံးဟာ ပိုပြီး lonely ဖြစ်လာသလိုပါပဲ ။ နောက် သူမ ဆင်းသွားတဲ့
ဘူတာရုံမှာကော သူမဆင်းရမဲ့ ဘူတာရုံမှာ ပါ အကြိမ်များစွာ ကျွန်တော်
တစ်ယောက်တည်း သွားပြီး ရှာဖွေခဲ့ပါသည်။ တစ်ခါတလေ ရာသီဥတု
ကောင်းတဲ့နေ့တွေမှာ သူမ ဘူတာရုံက ခုံမှာ တစ်ညလုံး ထိုင်လိုက်
အိပ်လိုက်နှင့် ကျွန်တော့် နှင့် ကျွန်တော့်ရဲ့ ဂစ်တာ နှစ်ပါးသွား
အိပ်မက်ထဲက သီချင်းများကို အားရပါးရ ဆိုပြစ်လိုက်တတ်သည်။ တချို့
လမ်းသွားလမ်းလာများက အကြွေများတောင် လာလာ ပေးသွား ကြပါသည်။
တစ်နှစ်မှ နှစ်နှစ် ၊ နှစ်နှစ်မှ သုံး ၊ လေး ငါး နှစ်ကြာလာတော့ ကျွန်တော်
အဲဒီ ဘူတာရုံကို ထက်မသွားဖြစ် တော့ပါ ။ သူမ ကြောင့် ပေါ့ ... တစ်ယောက်တည်း
နေတတ်နေသော ကျွန်တော့ ဘ၀မှာ သူမအကြောင်း စဉ်းစား မိတိုင်း ဟာတာတာနှင့်
အထီးကျန်ဆန်တတ် ခဲ့ရပါသည်။ ဒါကြောင့် နောက်ပိုင်း ကျွန်တော်
သူငယ်ချင်းများစွာ ထားပြီး ခပ်ပျော်ပျော် နေလိုက်ခဲ့သည်။ ကြာလာတော့လည်း
သူငယ်ချင်းများတဲ့ ကျွန်တော် ၊ သူငယ်ချင်းများ နှင့် အရမ်းခင်ပြီး နေတတ်
လာသည်။ ကျွန်တော့် ဘ၀က သူငယ်ချင်းများ နှင့်သာ တိုင်ပတ် နေပါတော့သည်၊
ဟိုလူကလာခေါ် ဒီလူကလာခေါ်နှင့် အိပ်ချိန်မမှန် စားချိန်မမှန် ဖြစ်ခါ သူမ
အကြောင်းစဉ်းစားပြီး ဟာတာတာ ဖြစ်ရတဲ့ အချိန်များ နည်းသွားခဲ့ပါသည်။
ကျွန်တော့် ဘ၀မှာ တစ်ကြိမ်တစ်ခါပဲ တွေ့ဘူးခဲ့ရတဲ့ သူမဟာ ကျွန်တော့်ရဲ့
ဘ၀တစ်ခုလုံးကို ပြောင်းလည်း သွား စေခဲ့တယ် လို့ ပြောရင်
သိပ်မရင်းနှီးသေးတဲ့ မိတ်ဆွေများက ကျွန်တော့် ကို မယုံတ၀က် ယုံတ၀က် နှင့်
ကြည့်တတ်ပါသည်။ ရင်းနှီးတဲ့ မိတ်ဆွေများက တော့ ကျွန်တော့်ကို ဒီကောင်
အရူးတဲ့။ တခါ တခါတော့ ကျွန်တော် သူမကို ရထားပေါ်မှာ တွေ့မိပါသည် ။ သူမ
နံမည်နှင့် နောက်ဘယ်လို ဆက်သွယ်ရမှာလည်း ဘယ်တော့တွေ့ရမှာလည်း
မေးလိုက်တိုင်း သူမပြောတဲ့ နံမည် နှင့် ဖုန်းနံပါတ်ကို ချရေးထားဘို့
ကျွန်တော် ကြိုးစားပါသည်။ သူ့မ ဖုန်းနံပါတ်ကို မမေ့ခင် ချရေးရန်
ကြိုးစားရသည်မှာ ဟိုးတုန်းက အိပ်မက်က နိုးလာရင် စိတ်လှုပ်ရှားစွာနဲ့
အပြေးအလွှား သီချင်းစာသားများ ချရေးထားရ သလိုပါပဲ ... အဲဒီ အချိန်တွေ
ကလွဲရင် ကျွန်တော့် ဘ၀ဟာ သူငယ်ချင်းတွေ များနေပေမည့် တကယ်တော့ mono tone
ပါပဲ ၊ အတက် အကျ သိပ်မရှိလှတဲ့ သီချင်း အေးအေး တစ်ပုဒ် သာသာလောက်ပေါ့ ....
TT - ထွန်းထွန်း
Comments
Post a Comment