အချိန်ပြောင်း ဆိုင်ကယ်ပြောင်း မန္တလေး
မန္တလေးမြို့တော်၏ နံနက်ခင်း နေရောင်သည် အပူဓာတ်ကို သိသိသာသာ
ခေါ်ဆောင်လာသည်။ အထင်ကရ ၇၈ လမ်းမကြီးပေါ်တွင် အရောင်အသွေးမျိုးစုံ၊
အမျိုးအစား ကွဲပြားသော ဆိုင်ကယ်များစွာ တို့သည် ဥဒဟိုသွားလာနေကြသည်။
ဆိုင်ကယ်ဦးထုပ်ဆောင်း၊ မျက်နှာဖုံးကာ၍ နေရောင်ကာကွယ်သော လက်အိတ်များ
စွပ်ထားသည့် ဆယ်ကျော်သက် အမျိုးသမီးငယ်တို့၏ ဆံနွယ်များ လေအဟုန်တွင်
ပျံ့လွင့်လျက်။
မန္တလေးမြို့၏နိစ္စဓူဝ မြင်တွေ့နေရသော ထိုလှုပ်ရှား သွားလာမှုများမှာ မပြောင်းလဲသော်လည်း စီးနင်းနေကြသည့် ဆိုင်ကယ်များမှာ သက္ကရာဇ်ဂဏန်းများ ပြောင်းသကဲ့သို့ ပြောင်းလဲသွားကြသည်။
၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ဂျပန်နိုင်ငံထုတ် စူပါကပ် (ဟွန်ဒါ)၊ ဒို(ဒိုမက်စတစ် YAMAHA)၊ အာစတပ် (၁၉၉၆ ခုနှစ်ထုတ်နှင့် ၁၉၉၇ ခုနှစ်ထုတ် YAMAHA) များ စီးနင်းခဲ့ကြသော်လည်း ဆိုင်ကယ်စီးသူ နည်းနေသေးပြီး အများစုမှာ စက်ဘီးစီးကြသည်ကို တွေ့ရသည်။ ယင်းနောက်ပိုင်းတွင် တရုတ်နိုင်ငံက ဂျပန်ဆိုင်ကယ်များနည်းတူ ဟွန်ဒါ စူပါကပ်များကို ထုတ်လုပ်လာပြီး မန္တလေး ဆိုင်ကယ်ဈေးကွက်သို့ ထိုးဖောက်လာခဲ့သည်။
ထိုစဉ်က ဂျပန်ဆိုင်ကယ်စူပါကပ် (ဟွန်ဒါ) များသည် ကျပ်သိန်း ၂၀ ကျော် ဈေးပေါက် (လိုင်စင်နံပါတ်အလိုက် ဈေးကွာသည်) ခဲ့သော်လည်း တရုတ်ဆိုင်ကယ်များ ထွက်ပေါ်လာသည့် အချိန်တွင် ဈေးမှာ ထက်ဝက်ခန့် ကျဆင်းသွားသည်ဟု မန်းဒေသခံများက ဆိုကြသည်။
၁၉၉၆၊ ၁၉၉၇ ခုနှစ်ထုတ် အာစတပ် (YAMAHA) ဆိုင်ကယ်များ သိန်းတစ်ရာကျော် ပေါက်ခဲ့သော်လည်း လက်ရှိအချိန်တွင် သိန်း ၆၀ ပင် ပေါက်ဈေး မရှိတော့သကဲ့သို့ ဒို (YAMAHA) များမှာလည်း သိန်း ၅၀ ဝန်းကျင်အထိ ပေါက်ခဲ့ရာမှ လက်ရှိတွင် သိန်း ၂၀ သာ ပေါက်ဈေး ရှိကြောင်း ၎င်းတို့က ဆိုကြသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်က တက္ကသိုလ်ကျောင်းသား အသိုင်းအဝိုင်းတွင် YAMAHA ဆိုင်ကယ်ကြီးများ စီးနိုင်သူများကို အထင်ကြီးကြသည်။ ထိုဆိုင်ကယ်ကြီးများကို စီးနိုင်သူများကလည်း အုပ်စုဖွဲ့၍ မန္တလေးတောင်နှင့် ကျုံးတစ်ဝိုက်တွင် ဆိုင်ကယ်မောင်း ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ရှေ့ဘီးကို ခေါင်းထောင်ကာ စတန့်ထွင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုအခါက တက္ကသိုလ်တက်ခဲ့သည့် အမျိုးသမီးတစ်ဦးက “ရည်းစားတွဲမယ်ဆိုရင် ဒိုစီးတဲ့သူတွေကိုမှ တွဲခဲ့တာ” ဟု ပင်ပြောပြဖူးသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်ခန့်က စတင်ဝင်ရောက်လာသော တရုတ်ဆိုင်ကယ်များသည် စူပါကပ်မှ ဝမ်းတင်း (၁၁၀ အင်ဂျင်ပါဝါ)၊ ဝမ်းတူးဖိုက် (၁၂၅ အင်ဂျင်ပါဝါ) စသဖြင့် ဈေးကွက်အတွင်း ဒလဟောဝင် ရောက်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင်မူ တရုတ်နိုင်ငံထုတ် ဝမ်းတူးဖိုက် ရုပ်ဆိုးများ လူငယ်များအကြား ခတ်စားခဲ့သည်။ အမှတ်တံဆိပ်များမှာ Kembo, Ambo, New Cambo စသည်တို့ဖြစ်သည်။ ထိုအချိန်တွင် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များနှင့် အပြိုင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော ဂီယာနင်းစရာ မလိုသည့် ကလစ် (Click) Honda အမှတ်တံဆိပ်ဘီးများ ဝင်ရောက်လာသည်။
လူငယ်များအကြား ရုပ်ဆိုး ဆိုင်ကယ်များမှ ကလစ်ဆိုင်ကယ်များကို မျက်စိကျခဲ့ကြသည်။ လက်ရှိတွင်လည်း ကလစ်ဆိုင်ကယ်များကို အစီးများကြသည်။ တက္ကသိုလ်ကျောင်းသား အများစုမှာ ကလစ်ဆိုင်ကယ် စီးလျှင်ပင် စန်းပွင့်သည်ဟု မှတ်ချက်ပြုကြသည်။
ရတနာပုံတက္ကသိုလ်တွင် ပထမနှစ် တက်နေသည့် ကျောင်းသားတစ်ဦးက
“ကလစ်ဘီး စီးပြီးမှပဲ ကောင်မလေး လိုက်ချင်တယ်။ တရုတ်ဆိုင်ကယ်နဲ့ သွားခေါ်ရင် မလိုက်ချင်ကြဘူး” ဟု ရင်ဖွင့်ဖူးသည်။
လူငယ်များအကြား နောက်တစ်မျိုး ရေပန်းစားနေသည်မှာ ဘီးကြီးထဲမှ YAMAHA အမှတ်တံဆိပ်ွှ Tricker ဖြစ်သည်။ ယခင်က ဒိုများတဝေါဝေါဖြင့် ၇၃ လမ်းပေါ်တွင် စုံတွဲများ မြင်ခဲ့ရသော်လည်း ယခုအခါ Tricker စီးသည့် လူငယ်များကို အများဆုံး တွေ့မြင်လာရသည်။
ဆိုင်ကယ်ကို မကြာခဏ ပြောင်းလဲစီးနေသူ လူငယ်တစ်ဦးက“ခေတ်နဲ့အညီ လူတွေက ပြောင်းစီးကြတာပါ” ဟု ဆိုသည်။
ယခင်က ဂျပန်ထုတ် စူပါကပ်ကို ရှေ့ခြင်းဖြုတ် စတစ်ကာကပ်၊ အိတ်ဇော ဖောက်ပြီး တဘွမ်းဘွမ်းဖြင့် စတိုင်ထုတ်ခဲ့ကြသော်လည်း ယခုအချိန် စူပါကပ်စီးခြင်းကို လူငယ်များအကြား ဗန်းစကားဖြင့် တိုက်ဂေါကြီး (ပုံတုံးကြီး) ဟု နောက်ပြောင် ပြောဆိုကြသည်။
ဆိုင်ကယ်တွင် စတစ်ကာများကပ်ခြင်း ခေတ်ကုန်သွားပြီဖြစ်ပြီး လက်ရှိ ဝင်ရောက်လာသော ဆိုင်ကယ်များမှာ အရောင်အသွေး စုံစုံလင်လင် ပါသည့်အပြင် ဒီဇိုင်းဆန်းသစ်သည့်အတွက် လူငယ်များ အကြိုက်တွေ့ကြကြောင်း ဆိုင်ကယ်ပွဲစားများက ပြောဆိုသည်။
ကလစ်စီးသည့် ၁၈နှစ်အရွယ် ကျောင်းသူတစ်ဦးက “အမြင်လည်း လှတယ်။ စီးလို့လည်း ကောင်းတယ်။ ဒါကြောင့် စီးတာ” ဟု သူစီးသည့် အဖြူရောင် ဆိုင်ကယ်လေးကို ကြည့်ရင်း ပြောပြသည်။
ဈေးကွက်အတွင်း ယင်းကလစ် ဆိုင်ကယ်သည် လိုင်စင်အပါ ၁၀ သိန်းအထက်ရှိပြီး အရောင်၊ အသန့် ပေါ်မူတည်၍လည်း ဈေးကွာသည်။ ဆိုင်ကယ်ဈေးကွက် အေးသော်လည်း ကလစ်ဘီးများ အနည်း ငယ် ရောင်းရသည်ဟုလည်း ဆိုင်ကယ်ပွဲစားများက ဆိုသည်။
ဆိုင်ကယ်ဈေးကွက်တွင် ကလစ်ဘီး တစ်ခုတည်းသာ ရောင်းရသည်တော့ မဟုတ်။ တရုတ်ဆိုင်ကယ်များတွင် Yes Sumbo (125)၊ New Sumbo (125) နှင့် စူပါကပ်ရုပ်ဆိုး (125) တို့မှာ လူကြိုက်များပြီး ပေါက်ဈေးမှာ လိုင်စင်အပါအဝင် ခုနစ်သိန်းဝန်းကျင် ရှိကြောင်း ၎င်းတို့က ဆိုကြသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ ၂၀၀၀ ပြည့်နှစ်ဝန်းကျင် မန္တလေးမြို့တွင် ဆိုင်ကယ်အစီးရေ တစ်သိန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ၃၇၄,၈၃၈ စီးရှိခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လထိ ၅၄၁,၈၄၈ စီးရှိလာခြင်းမှာ ယင်းမြို့ပြ၏ သိသာစွာ မြင့်တက်လာသော ဆိုင်ကယ်စီးနင်းမှုကို ညွှန်းဆိုပြနေသည်။
မန္တလေးမြို့ပြ၏ တက္ကသိုလ် ကျောင်းသားများ စုဝေးရာ အထင်ကရ ၇၃ လမ်းမကြီးသည် ညနေခင်းပိုင်းတွင် ဆိုင်ကယ်များသည် တစ်စီးနှင့်တစ်စီး တိုက်တော့မည့်အလား။ မောင်းနှင် ကြသူများမှာလည်း လေကာပါ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသည့် အမျိုးသမီး အမျိုးသား အသက်အရွယ် အမျိုးမျိုး။
၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလက စက်ဘီးများ ပြည့်ကျပ်ခဲ့သည့်လမ်း။ နောက်ပိုင်း ဂျပန် စူပါကပ်များ၊ ဒိုများ၊ ဖိုက်တာများ တစ်ခေတ်ထခဲ့သည့်လမ်း။ ခုတော့ ကလစ်များ၊ Tricker များ စန်းထနေသည့်လမ်း။ လူငယ်တို့ စုဝေးရာကား ၇၃ လမ်း ဖြစ်သည်။
ညနေခင်းဟု ဆိုသော်လည်း နေအပူဒဏ်ကား လျော့သွားခြင်း မရှိပေ။ ကလစ် ပန်းရောင်ဆိုင်ကယ်နှင့် လိုက်အောင် အင်္ကျီအပန်းရောင် ဆင်တူဝတ်ဆင်ထားသည့် ၁၈ နှစ်အရွယ် သွယ်သွယ်လျလျ အမျိုးသမီးနှစ်ဦး စီးနင်းလာပုံက ၇၃ လမ်း၏ ညနေခင်း အလှတစ်ခုပင် ဖြစ်သည်။ သူမတို့၏ ဆံနွယ်များကား လေထဲတွင် ပျံ့လွင့်လျက် . . . ။
မင်းထက်စံ၊ ဖြိုးဖြိုးဇော် The Voice Weekly

Comments
Post a Comment