ရဲမေ ကြောက်ကြောက်

တစ်နေ့သ၌ ကျွန်ုပ်သည် အခြေချ နေထိုင်ရာမြို့တော် ရန်ကုန် စမ်းချောင်း အရပ် စမ်းချောင်း လမ်းမကြီး အတိုင်း ပြည်လမ်းဘက်သို့ လမ်းလျှောက် ထွက်ခဲ့ရာ ပေါင်းတည် သားသခင်အောင်ကြီးမိသားစု၏ ‘ကုမုဒြာ အရိုးအကြော အထူးကု’ဆေး ခန်းကြီး အနီးအရောက်မှာ ‘ဘိုး တော်…ဘိုးတော်’ ဟု ခေါ်သံသာသာ ကိုကြား၍ လှည့်ကြည့် လိုက် ပါလေသော် ကျွန်ုပ်တို့ သီရိခေတ္တရာမှ နှမတော် တစ်ဦးကို အထူး ရုတ်တရက်တွေ့လိုက် ရပါပေတော့၏။ ”ဟဲ့ကောင်မ မိသဇင်… နင် နင် ငါ့ကို ကိုယ်ထင်ပြနေတာမဟုတ်လား နင် နိုင်ငံခြားမှာ ပဲလို့ ငါတို့သိထားတာ” ”ဟုတ်ပါတယ် ဘိုးတော်ရာ။ ဒီကိုပြန်ရောက်တာတော့ အတော်ကြာ ပါပြီ။ ဘယ်ဆွေမျိုး ဘယ်သူ့ဘယ်သူဆီမှ မရောက်ဘဲ ပါလာတဲ့ ငွေခဲကလေးနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလေး တစ်ခု ပြန်ပြီးထူထောင် နေလို့ပါ။ ဒါနဲ့ ချစ်ဇနီး မမချိုကော နေကောင်းတယ် မဟုတ်လား” ”အေး နင့်အစ်မကတော့ လှလို့ဝလို့ဆို ပါတော့ဟာ။ ကြီးလေနုလေ၊ ကြီး လေနုလေ ဆိုတော့ကာ မနက်မနက်
သမီးတော်ကို ကျောင်းအကြိုအပို့ လုပ်တဲ့အခါ ‘ညီအစ်မ’လားလို့ ထင်ပြီး မေးမေးနေကြတာ ပါပဲဟာ။ ငါ့ကိုလည်း သမီးနှစ်ယောက် အဖေလို့ ဝန်းကျင်က ထင်နေတာ”
”ဟုတ်မှာ ဟုတ်မှာ ဘိုးတော်ကတော့ဗျာ အခုလို နှုတ်ခမ်းမွေး မုတ် ဆိတ်မွေးတွေ မွေးမြူထားပြီး ဘိုးတော်မှ တကယ့်ဘိုးတော်ပုံကြီး ပေါက်နေတာ ဟား ဟား ဟား” သို့ဖြင့် စမ်းချောင်းလမ်းထိပ် အချက်အချာမှ လက်ဖက်ရည် ဆိုင်ကြီးမှာ ထိုင်ကာ လက်ဖက်ရည်ဘာညာ သောက်ရင်း စကားဆက်ခဲ့ကြပါ၏။ မိသဇင် ကား အခါတစ်ပါးက ပန်းဆိုးတန်းလမ်း ပတ်စ်ပို့ရုံးချုပ်မှာ တာဝန်ကျ ပြည်သူ့ရဲမေတစ်ဦးဖြစ်ခဲ့ပါ၏။ နောက် အငြိမ်းစားဖြစ်ပြီးနောက် လပိုင်း အတွင်း ပျောက်သွားကာ နောက်မှ သိရသည်ကား ကမ္ဘာ့မြေပုံ ကားချပ်ထဲမှာ အရှေ့ဘက်ဆုံး နေလုံးထွက်စနိုင်ငံသို့ ရောက်ရှိ ပညာသင်ကြား နေတာ သိရပါပေ၏။
”ဟဲ့ မိသဇင် ဒါနဲ့ နေပါဦး ဗိုလ်ချုပ်ခင် ညွန့်လက်ထက် နင်ငါ့ကို ပတ်စ်ပို့လိုက် လဲပေးပြီး ဗိုလ်ချုပ်ခင်ညွန့်တို့ မိသားစု တစ်စုလုံး နေအိမ်အကျယ် ချုပ်ဖြစ်ပြီးနောက်ပိုင်းမှာ နင်ထွက် သွားတာနော်”
”ဟုတ်တယ် ဘိုးတော်။ အဲဒီ ကာလကတည်းကပဲ။ အဲဟိုမှာ ကျောင်းတက်ရင်း အလုပ် လုပ်ဖြစ် သွားတယ်။ ၇ နှစ်ကျော်ကျော် ကြာခဲ့ တယ်ဆိုပါတော့” ”အင်း အဲဒီနိုင်ငံမှာ အင်္ဂလိပ်ဘာသာ သိပ် အသုံးမပြုဘဲ သူတို့နိုင်ငံသားဘာသာပဲ အလေးကဲသုံးစွဲကြတယ်ဆို” ”ဟုတ်တယ် ဘိုးတော်။ ရောက်ရောက်ခြင်းပဲ သူတို့အရုပ်စာနဲ့ အပြောအဆို ဘာသာစကားကို အပူတပြင်း လေ့လာသင်ယူကျက်မှတ်ရတယ်။ ပြီးတော့မှ အတော် ကလေးလိုက်နိုင်ပြီဆိုတော့မှ ပုံမှန်အလုပ်ကလေးတစ်ခု အချိန်ရသမျှ၊ နာရီရသမျှ လုပ်ပေါ့ ဘိုးတော်ရာ ဟူး” ”အိမ်း နင်က အဲဒီကိုရောက်သွားတာကိုး…ငါတော့ အခုထိ မရောက် သေးဘူး” ‘အဲ ဟုတ်သားပဲ၊ အဲဒီနိုင်ငံက ဘိုးတော်ကို ‘ကာတွန်းပြပွဲ’အတွက် ဖိတ်ကြား မယ်လို့ အရိပ်ပြစကားဦးသန်းခဲ့လို့ အဲဒီတစ်နှစ်ကပဲ မိသဇင် ပတ်စ်ပို့လဲတဲ့ကိစ္စ လိုက် လက်လုပ်ပေးခဲ့ရတာပဲ ဟုတ်သားပဲ”
”နင်မှတ် မိသားပဲ၊ ဟုတ်တယ် မိသဇင်၊ အဲဒီ ‘ယူမီ’ ဘာဆိုလား သတင်းစာကြီးက အရှေ့တောင်အာရှနိုင်ငံတွေဆီက နာမည်ရကာတွန်းဆရာတွေကို စိတ်ကြိုက်ရွေးပြီး တစ်နှစ်တစ်ယောက် ဟိုအထိ တစ်ပတ်ဆယ်ရက်ခေါ်ခဲ့တာလေ” ”ဟုတ်တာပေါ့… မှတ်မိတာပေါ့… ပထမဆုံးနှစ်က ဆရာမောင်ဝဏ္ဏ လား ‘သမိန်ပေါသွပ်’ ရေးတဲ့ဆရာမဟုတ်လား။ သူပတ်စ်ပို့ရုံးကိုလာတုန်းက တွေ့ ဖူးလိုက်တယ်” ”အေး ဟုတ်တယ်ဟ ဆရာမောင်ဝဏ္ဏ၊ နောက်နှစ်ဆရာငွေကြည်၊ နောက် ဆရာဦးရွှေမင်းသား၊ ပြီးတော့ ကိုအော်ပီကျယ်၊ ပြီးတော့ ကိုဇော်မောင်၊ အဲပြီးတော့ ငါ့ကိုလှမ်းပြီး အရိပ်အမြွက်ပြ လိုက်လို့ ငါ့မှာ ပတ်စ်ပို့ မြန်မြန်ရအောင် ရေလောင်း ပေါင်းသင်ရုံးကို ပြဲပြဲစင် ဝင်လိုက်ထွက် လိုက်ရတာဟာ”
”ဘိုးတော်မှာ နိုင်ငံရပ်ခြားဇာတာ မပါတာလား၊ ကံဖယ်တာလား တစ်ခုခုပဲ”
”အဲ ဟောဒီ ငါ့လက်ဝါးပြင်ပေါ်မှာ နင်ကြည့်ကြည့်လိုက်စမ်းပါ မိသဇင် ‘ဖောရိန်းလိုင်း’ တွေဆိုတာ မြစ်ဝကျွန်းပေါ်က မြစ်ကူးချောင်းကူးတံတားတွေ ကျနေ တာပဲ။ တစ်ခုနဲ့တစ်ခုဆိုတာ နွယ်ယှက်နေတာတွေ့လား”
”ဟုတ်တော့ ဟုတ်သား ဘိုးတော်ရဲ့။ ငယ်ငယ်ကဆို ပြည်မှာ ဘိုးတော်တို့ အဘ ‘ခေတ္တရာဆရာဖွကြီး’ဆို ဘိုးတော်ကို တွက်တွက်ပြီး လက္ခဏာကြည့်ကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ‘အိမ်း ငါ့မြေးလူ ကလေးတော့ မိခင်နိုင်ငံမှာ နေရမှာထက် ရေခြား မြေခြားမှာ နေရမယ့်အချိန်က များနေပါလားကွဲ့’ လို့ အမြဲတမ်းပြောပြောနေတာကို မိသဇင်တို့ အမြဲမြင်ဖူး ကြားဖူးနေခဲ့တာပဲဥစ္စာ”
”အိမ်း ဒါတွေလည်း နင်မှတ်မိတာပဲလား… ငါ့မှာ ဇာတာထဲက လက္ခဏာ ထဲမှာ ရေခြားမြေခြား ခရီးစဉ်တွေ အများကြီးရှိ နေပြီး လက်တွေ့လောကမှာ ကံမပါ တာလား၊ ကံချာတာလား၊ အဲ ပြီးတော့ ကံက ဖယ်လိုက်တာလား မသိပါဘူးဟာ”
”အဲ နောက်တစ်ခါ ကမ္ဘောဒီးယားလား ဘာလား” ”အေး ဟုတ်တယ် ကမ္ဘောဒီးယားက ပထမဦးဆုံးအသုတ်ခေါ်တဲ့ ဂျာနယ်လစ်ဇင် သုံးလသင်တန်းအတွက်လည်း ကိုယ်ရေးအလုပ်အကိုင်အချက်အလက်တွေ လုံးဝ ကိုက်ညီနေပြီး အခြေအနေပေး ခဲ့ပါလျက် နောက်တော့မှ အသက် ၆လကြီးနေလို့ဆို လားဟာ မရေမရာအကြောင်းပြချက်နဲ့ သင်တန်းတက်ဖို့ မသွားခဲ့ရဘဲ ပြုတ် ကျန်ခဲ့ပါ ရောလား” ”အဲဒါသိတယ်လေ ဘိုးတော်ရာ။ အဲဒီ တုန်းကလည်း မိသဇင်အခန်းထဲက လူ တွေပဲ ပတ်စ်ပို့ကိစ္စ ဘာညာလုပ်ပေးခဲ့ရတာ ဟုတ်တယ်မဟုတ်လား။ အင်းနော် အသက်ကလေး ၆ လလောက်ကြီး သွားတာနဲ့များ ချန်ထား ခဲ့ရတယ်လို့”
”အို့ဟိုး အဲဒါကောင်း သွားတာ မိသဇင်၊ နို့မို့ဆိုရင် ငါက မြေမြှုပ်ဗုံးတွေ ဒင်းကြမ်းပြည့်နေတဲ့နေရာတွေ စပ်စပ်စုစုဝင်ထွက်လေ့လာမိပြီး မြေမြှုပ်မှိုင်းစာပဲ မိခဲ့မလားဆိုတာ ဘယ်သူအတတ်ပြောနိုင်မှာလဲ၊ အဲ အဲ အဲသည့် ဦးဆုံးနှစ်က ငါ့ကို ချန်ထားခဲ့ပေမယ့် ငါ့ထက် သုံးနှစ်ကြီးတဲ့ ငါ့စီနီယာအစ်ကိုကြီးတစ်ပါး ခမာတို့မြေ ကမ္ဘောဒီးယားကိုပါသွားပြီး ဂျာနယ်လစ်ဇင်ပညာရပ်တွေ ငါ့ကိုယ်စားသင်ယူခဲ့လေ တာကိုတော့ ဝမ်းမြောက်စရာမြင်ခဲ့ရပါသဟ”
”သြော်..အင်း..အင်း ..အင်း ဒါပေါ့လေ ဒီလိုပေါ့လေ ရှိမှာပေါ့ ရှိမှာပေါ့” ဟိုရောက်သည်ရောက်စကားတို့မှာ ကပေါက်တိကပေါက်ချာ ဟိုဟာမေး ဒီဟာ ပြော ဒီဟာသော ဟိုဟာသောဖြင့်သာ နိုင်ငံရပ်ခြားမဟာဒေသများနှင့် အတွေ့အကြုံ များကို မေးမေးပြောပြောလုပ်ဖြစ်ခဲ့ပါပေ၏။
”ဒါနဲ့ နေပါဦးဟဲ့ နင်က ဘယ်လလောက်က ပြန်ရောက်တာလဲ” ”အဲ…ဒီလိုဘိုးတော်ဆာရဲ့။ ငလျင်တွေ အမြဲတမ်းလှုပ်နေတဲ့ အဲဒီကျွန်းနိုင်ငံ မှာ ၇နှစ်တောင်မှ နေသားကျခဲ့ပြီး အလုပ် နှစ်ခု သုံးခုလောက်မှာ တောက်လျှောက် အပင်ပန်းခံပြီး လုပ်ကိုင်ငွေစုနေတာ။ နောက်ဆုံး ဆူနာမီတစ်ခုလည်းပြီးရော ရက် ပိုင်းသိပ်မကြာခင်မှာပဲ အလုပ်တွေကော၊ အထုပ်တွေကော အကုန်ပစ်ထားခဲ့ပြီး စွန့် လွှတ်ပြန်ပြေးခဲ့တာ ဆိုပါတော့”
”မိသဇင်ရာ နင့်ဟာက မဟုတ်သေးပါဘူး။ ဒီလောက်ကြီး နှစ်အတော်ကြာ အသားကျနေလာပြီးမှ ဆူနာမီကြောက်လို့ ချက်ချင်းကြီး ပြန်ချလာရတယ်လို့ဟာ” ”ဒီလို ဘိုးတော်ရဲ့ ရေအောက်ငလျင်ဆူနာမီကြောင့် နျူကလီးယားဓာတ်ပေါင်း ဖိုပေါက်ကွဲခဲ့တဲ့နေရာနဲ့ မိသဇင်တို့နေရာဟာ ဧရိယာတစ်ခုထဲမှာ”
”အဲဒါဘာဖြစ်လဲဟာ နင့်ဟာက” ”ဘာဖြစ်ရမလဲ ဘိုးတော်ရာ…အဲဒီနျူကလီးယားဓာတ် ပေါင်းဖိုက ယိုစိမ့်ခဲ့တဲ့ ဒြပ်ပေါင်းစုတွေဟာ ရေထဲကော၊ လေထဲကော၊ မြေကြီးထဲ ကော အကုန်ပျံ့နှံ့ကုန်တာ” ”အေးပါ အဲဒါ ငါလည်း ကြည့်ရ ပါတယ် ဖတ်ရပါတယ်ဟာ” ”အဲဒီမှာ ဓာတ်ပေါင်းဖို ယိုစိမ့်မှုကို ပြုပြင်ထိန်းသိမ်းဖို့ရာအတွက် သူရဲ ကောင်းတွေရွေးတဲ့အခါမှာတောင်မှ မိသားစုရှိပြီးသား၊ သားသမီးတွေရှိပြီး သားလူတွေကိုပဲ ရွေးချယ်စေလွှတ်သ တဲ့” ”အင်း…အဲဒါလည်း သတင်းတွေ ထဲမှာ ကြားသိမြင်တွေ့ခဲ့ရတာပဲ”
”လူပျို လူလွတ်တွေ အိမ်ထောင်မရှိ ကလေးမရှိသေးတဲ့ ပျိုရွယ်သူတွေကိုမ လွှတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယို စိမ့်နေတဲ့ ဒြပ်ပေါင်းစုတွေရဲ့ ဓာတ် ရောင်ခြည်သင့်ခဲ့ရင် လူလည်းထိခိုက် မယ်။ ပြီးတော့ ကင်ဆာဖြစ်နိုင်ပြီး ဘဝ တစ်သက်တာ မြုံလည်းသွားနိုင်တာ ကြောင့်လို့ ဆိုတယ်လေ” ”အင်း ဟုတ်တာပေါ့ ..ဟုတ်တာ ပေါ့ဟာ” ”အဲဒါနဲ့ မိသဇင်လည်း အရဲစွန့်ပြီး မနေရဲတော့ဘဲ ဘူတာမှာမီရာရထားနဲ့ လိုက်ခဲ့ပြီး ရရာလေယာဉ်အခေါက်နဲ့ ချက်ချင်းပြန်ချလာတာ။ ဟိုမှာနေတဲ့ ကိုယ့်အခန်းထဲက အဖိုးတန်ပစ္စည်းပစ္စယတွေ ကိုတောင် ဘာမှ မက်မောမနေတော့ဘဲ အကုန်လုံး ဒီအတိုင်းထားခဲ့လိုက်တော့တာ ဘိုးတော်ရ” ”အေးပေါ့ဟာ ဘဝမှာ ကျန်းမာရေးထက် အရေးကြီးတာ ဘာမှမှ မရှိတာ”
”ကဲ ဘိုးတော် မတွေ့ကြရတာလည်း နှစ်မနည်းတော့ဘူး။ စကားပြောလို့လည်း ကောင်းပါ့။ နောက်ရက်မှ အိမ်ကိုလာခဲ့ပါဦးမယ်လို့ မမချိုကို ပြောပေးဦး” ”အေးပါ မိသဇင်ရာ ကောင်းပါပြီ ကောင်းပါပြီ။ နင်အခု အလုံကို ပြန်မှာ မဟုတ်လား။ ဟောဟိုမှာ တက္ကစီကား သစ်သစ်သန့်သန့်လေး ငါတားပေးမယ်” ”ဖယ် ဖယ် မတားနဲ့ဘိုးတော် အဲဒီကား သွားမတားနဲ့” ”ဘာဖြစ်လို့လဲ မိသဇင်ရာ ကားလေးက သစ်သစ်လွင်လွင်သန့်သန့်ကလေးနဲ့ ပြီးတော့ မှန်တွေအလုံပိတ်ပြီး အဲကွန်းလည်းဖွင့်ထားတဲ့ဟာကိုး” ”ဒီမယ် ဘိုးတော်ဆာ ဟောဒီ မိသဇင် ရန်ကုန်ပြန်ရောက်ပြီးကတည်းက လမ်း ထွက်လို့ တက္ကစီစီးရင် ဟောင်းပေ့စုတ်ပေ့ဆိုတဲ့ ယိုင်ရွဲ့ရွဲ့ တက္ကစီမျိုးကိုသာ ရွေးငှား ပြီး စီးနေတာရှင်ရဲ့” ”အေးပေါ့ဟာ ကားက စုတ်နေတော့ ဈေးဆစ်လို့ကောင်းတယ်ဆိုပါတော့” ”အတွေးမချော်နဲ့ဘိုးတော်၊ ဟိုနိုင်ငံမှာ ဓာတ်ရောင်ခြည်သင့်မှာ၊ ကင်ဆာဖြစ်မှာ၊ နာတာရှည်ကုမပျောက်ဖြစ်မှာကြောက်လို့မှ ဒီအတိုင်း ကိုယ်လွတ်ရုန်းပြီး ပြန်ပြေး လာခဲ့တာ ဒီပြန်ရောက်မှပဲ ဓာတ်ရောင်ခြည်အဆင့်ဘယ်ရွေ့ ဘယ်မျှသင့်ထားသလဲ ဆိုတာ ဘာမှ တိုင်းတာထားခြင်းမရှိတဲ့ ဆူနာမီရေနစ် ကားများတက်စီးမိသွားလို့ကတော့ ဘိုး တော်ရာ ဘာပြောကောင်းမလဲ”
”အဲ နင့်ဟာက အတွေးပိုပြီး အကြောက်ကြီးနေတာဖြစ်မှာပါ မိသဇင်ရာ” ”ဘာပဲဖြစ်ဖြစ်ပါ လန့်တော့ လန့်တာပဲ။ သတင်းတွေ စာတမ်းတွေထဲမှာ ဖတ်ပြီး စွဲနေတာလေဗျာ” ”အေးပါဟာ အေးပါ။ အခု ငါတို့ ဆီမှာ ရောက်နေတဲ့ ခုနကလို သန့်သန့် ပြန့် ပြန့်သစ်သစ်လွင်လွင်တက္ကစီယာဉ်ငယ်လေးတွေဟာ နင်နေခဲ့တဲ့နေရာ နျူကလီးယား ယိုစိမ့်ခဲ့တဲ့နေရာက သွင်းလာတဲ့ ရေနစ်ဓာတ်ရောင်ခြည်သင့်ကားတွေပါတယ်လို့ နင့်ကို ဘယ်သူတွေ အတိအကျပြောသလဲ”
”အဲ အဲသလိုတော့ မဟုတ်ဘူးပေါ့ ဘိုးတော်ရာ မိသဇင်က ဟိုးငယ်ငယ်က လေးကတည်းက ‘အလဂျစ်’များလို့ စိတ်မသန့်တတ်လို့ အခုအရွယ်ရောက်တဲ့အထိ တွေးကြောက်တဲ့ရောဂါရှိနေတုန်းမို့ပါ ပျောက်မှာလည်း မဟုတ်တော့ပါဘူး” များမကြာမီ ယိုင်နဲ့နဲ့စုတ်ချာချာ ရန်ကုန်မှာ အနေကြာနေပြီဖြစ်သည့် အိုမင်း မစွမ်း ပင်စင်နီး တက္ကစီယာဉ်ငယ်လေးတစ်စီး အမှတ်မထင် ရုတ်တရက် ဖြတ်လာ လေရာ နှမတော်မိသဇင်မှာ ရွှင်မြူးအားရဝမ်းသာစွာ လက်ပြတား၍ သွားမည့်နေရာ၊ ဈေးဘာညာ ဘာဆို ဘာမှ ပြောမနေဘဲ တံခါးဆွဲဖွင့်၍ တက်ကာ ပြုံးပျော်စွာ နှုတ်ဆက်ထွက် ခွာသွားတော်မူပါလေ၏ ခင်ဗျာ။
”သွားပြီ ဘိုးတော်ရေ…ဒီကနေ့ မိသဇင်ကို လက်ဖက်ရည်ကောင်း ကောင်းတိုက်လိုက်တာ ကျေးဇူးပါ။ အာရိဂတ်တော ဂိုဇိုင်းတိုးမတ်” ”အာရိဂတ်တော…အာရိဂတ် တောပါ”
ဆာသော်ဒိုး   Popular News

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)