Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါဟု ပြော
Q: ကျွန်မအသက်၂၈ နှစ်ကျော် အိမ်ထောင်ရှိပါတယ်။ ကလေးတော့ မရှိသေးပါဘူး။ အခု
နိုင်ငံခြားမှာပါ။ ရင်သားကို လိမ်းဆေး၊ ထိုးဆေးတွေမသုံးပဲ သဘာဝအတိုင်း
ဖွံ့ဖြိုးလာအောင် ဘယ်လိုလုပ်ရမှာလဲဆရာ။ ရင်သား သေးနေရင် ကလေး ရလာတဲ့
အချိန်ကျရင် ကလေးအတွက် မိခင်နို့ရည် အခက်အခဲရှိမှာ စိုးလို့ပါ။
ကိုယ်ဝန်တားနည်း ကွန်ဒုံ သုံးပါတယ်။
ရင်သား ကြီးထွားချင်တာမှာ တချို့က တဖက်သား ဆွဲဆောင်ဘို့ရာ ကြီးချင်တာ။
တချို့က နို့ထွက်များ ခြင်တာ။ မေးတာက အလှအပအတွက် မဟုတ်ဘဲ ကလေးရရင်
နို့ထွက်နည်းမှာ စိုးလို့ဆိုတာ ရည်ရွယ်ချက် အင်မတန် မွန်မြတ်ပါတယ်။
တားဆေးကြောင့် မဟုတ်တဲ့အချက် ဖယ်လို့ ရပါပြီ။
ရင်သားမှာ ကြွက်သားမပါဘူး။ အဆီ နဲ့ အရွတ်သာ ရှိတယ်။ ထူးခြားတာက Glands
နို့ထွက်အိတ်၊ Ducts နို့ထွက်ပြွန်တွေ၊ Lobules, Alveoli အစုလိုက်
ရှိနေတယ်။ အရွယ်အစားကို ဖြစ်စေတာက (တစ်ရှူး) အစု ၂ ခုရှိတာမှာ Fatty tissue
နဲ့ Glandular tissues တွေပါ။ Glands တွေက နို့ထွက်ဘို့အတွက် ဖြစ်တယ်။
အရွယ်အစား ကြီးဘို့ဆိုရင် Fat များနေရမယ်။ တယောက်နဲ့ တယောက်၊ တဖက်နဲ့ တဖက်
အချိုးအဆ မတူကြဘူး။ အဆီ နဲသူ-နဲတဲ့ဘက်က ပိုတင်းမာနေမယ်။ အရွယ်
ငယ်သူတွေလိုပေါ့။ “နို့သေးတာဟာ ပြွန်နည်းနေတာ မဟုတ်ပါ။ အဆီနဲတာသာ ဖြစ်တယ်။
ဒါ့ကြောင့် ကလေးနို့တိုက်ဘို့ ကြိုတင်ပူစရာ သိပ်တော့ မရှိပါ။” ခက်တာက
အဆီတွေ ရင်သားမှာသာ လာစုအောင် အဆီ များများစားလို့လဲ မရပြန်ဘူး။
ရာသီ တလထဲမှာ ဟော်မုန်းကြောင့် ရင်သားကို အပြောင်းလဲတွေ ဖြစ်စေတယ်။
တကယ့်ကို ရုတ်တရက်-ချက်ချင်း ပြောင်းတယ်။ ရာသီ လာတော့မယ်ဆိုရင် Estrogen
နဲ့ Progesterone ဟော်မုန်းတွေ များနေ တာမို့ ရင်သား တင်းမာ နေတယ်။
နာတတ်တယ်။ သွေးဆင်းပြီးရင် ပြော့လာပြန်တယ်။ “ကိုယ့်ကိုယ်ကို ရင်သားမှာ
အကြိတ် ရှိ-မရှိ စမ်းချင်ရင် ဒီချိန် အကောင်းဆုံးဘဲ။ Mammogram ရိုက်တာလဲ
ဒါ အချိန် ကောင်းဘဲ။”
ကိုယ်ဝန်ကြောင့်လဲ အဲလိုဘဲ။ ကိုယ်ဝန်ဆောင် ၇-၈ ပါတ်မှာ နို့အခြေအနေ
ပြောင်းပြီ။ ၁၂-၁၆ ပါတ်ရှိလာမှ သိသာတယ်။ ၄ လရောက်ရင် တမျိုးတိုးလာတဲ့
ဟော်မုန်းတန်ခိုးနဲ့ Milk dust နို့ထွက်ပြွန်တွေ ကြီးထွား လာမယ်။
ကလေးမွေးပြီး အချင်း ထွက်ပြီးတာနဲ့ အရည်ကြည် Colostrum သာ ထွက်နိုင်ခဲ့တဲ့
နို့ရည်က အဖြူရောင် တကယ့်နို့ထွက်စေဘို့ နောက် ဟော်မုန်းတွေကနေ ဆောင်ကျဉ်း
ပေးလိမ့်မယ်။ နို့ အရွယ် မငယ်သူတွေလဲ ကလေးဖွါးပြီး နို့ထွက်နဲတာ ဖြစ်ပါတယ်။
ဒီတော့ ရင်သားအရွယ် ငယ်ပေမဲ့ နို့ကောင်း ကောင်း ထွက်နိုင်မှာကိုလဲ
မှန်းထားလို့ ရပါတယ်။ စိတ်က အရေးပါတယ်။
ဆေးပညာမှာ ရင်သား ဖွံ့ထွားအောင် လုပ်နည်းရယ်လို့တော့ မရှိပါ။ ဒါပေမဲ့
ကျန်းမာရေး (အစ်ရှူး) တခုဖြစ်တာမို့ ဆရာဝန်တွေ ဝင်ပါလာရတယ်။ ဘယ်နေရာမဆို
စီးပွါးရေးကလဲ ပါနေတာမို့ ကြော်ည်ာတွေ များသလား မမေးနဲ့။
ကောင်းတယ်၊ ရမယ်ပြောတာတွေမှာ ဆရာဝန်တွေ မပါတာ များတယ်။ ဒါပေမဲ့ ဆရာဝန်မှ
ဆေးကုကြတာ မဟုတ်ဘူး။ နောက်ပြီး၊ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ဘယ်လောက်
လက်ဆောင် ပေးခဲ့တယ်။ တခါ ဆရာဝန်တွေ ဆေးလက်မှတ် ရေးပေးတဲ့ အကျင့်လိုက်ပြီး
ကုမ္ပဏီတွေကနေ ဆေးထုတ်နေတယ် ဆိုတဲ့ သတင်းတွေက ပူပူနွေးနွေး ရှိသေးတယ်။
နည်းရှိသမျှကို ချုပ်ရရင်
Herbal ဆေးဘက်ဝင် ပစ္စည်းတွေထဲမှာ Fenugreek, Saw Palmetto, Fennel, Dong
Quai, Mexican wild yam, Damiana နဲ့ Blessed thistle တွေဖြစ်တယ်။ Red
clover နဲ့ Black cohosh တွေလဲပါသတဲ့၊ မများစေနဲ့လို့ ပြောတယ်။ မြန်မာလို့
နာမယ်တွေ မသေခြာပါ။ တခုချင်း ရှာနေတာထက် ဆေးဆိုင်တွေမှာ ဖေါ်ပြီး-စပ်ပြီး
ရောင်းနေတာမို့ သိဘို့ မလိုလောက်ပါ။ Breast Enhancement Pills ဆေးလုံးဆိုတာ
တွေမှာလဲ Herbal တွေသာ ပါတာပါ။ အချိန်တော့ ၂ လ လောက် ယူရတယ်လို့ ပြောတယ်။
Breast Enhancement Creams and Lotions လိမ်းဆေးတွေလဲ လုပ်ရောင်းပါတယ်။
Breast massage ရင်သားကို နှိပ်ပေးနည်းမှာ သူများဆီမှာတော့ Olive oil
သုံးတယ်။ ကိုယ့်လူမျိုးတွေ အတွက် Sesame Seeds နှမ်းစေ့၊ နှမ်းဆီကို
လိမ်းရင်လဲ ရင်သားကြီးစေမယ်၊ တင်းနေစေမယ်တဲ့။ ဘယ်ကနေဘယ်လို နှိပ်ပါ
ဆိုတာတွေကို ကြော်ညာသလို မရေးတော့ပါ။ Massage ဗီဒီယို ကြော်ညာ တွေကို
ကျန်းမာရေးအတွက် ဟုတ်တယ် မထင်ပါ။ နေရာအနှံ့နဲ့ အချိန်မှန်ဘို့သာ လိုပါမယ်။
ညောင်းလို့ နှိပ်တာမျိုးလို ကြွက်သား အနေအထားသိနေဘို့ မလိုပါ။
နောက်ဆုံး လှချင်သူများ Silicon ထည့်ကြရတယ်။ ၂ဝဝ၆ American Society of
Aesthetic Plastic Surgery အရ အမျိုးသမီး ကြီး-ငယ် ၃ဝ၃၃၃၆ ယောက် breast
augmentation surgery လုပ်ခဲ့ကြပါ သတဲ့။ ၁၉၉၇ ကနေ တွက်ရင် ၄၄၆%
တိုးလာတာတဲ့။ Complication မရှိသူများ ဒစ်စကိုသွားဘို့၊
ရုပ်ရှင်ရိုက်ဘို့တော့ ကောင်းတာပေါ။
• Herbal ဆေးဘက်ဝင် ပစ္စည်းများ၊ Breast Enhancement Pills စားဆေး၊
• Breast massage နှိပ်နယ်နည်း၊
• Exercise လေ့ကျင့်ခန်း၊
• Breast pumps ကရိယာနဲ့ စုပ်ပေးတာ၊
• Surgery ခွဲစိတ်ပြုပြင်နည်းတွေ ဖြစ်တယ်။
Breast Enhancement Exercises လေ့ကျင့်ခန်းဆိုတာ push-up လုပ်တာပါ။
1. ကြမ်းပြင်မာမာမှာ မှောက်အိပ်ပါ။
2. ဒူးကွေးပါ။ ခြေခြင်းဝတ်နှစ်ဖက် ကန့်လန့် ချိတ်ပါ။
3. လက်ဝါးနှစ်ဖက်ကို ပခုံးအတိုင်း တတန်းထဲထားပြီး၊ တဒေါင်ဆစ်ကို ကွေးပါ။
4. တဒေါင်နဲ့ လက်ဝါးကိုထိန်းညှိပြီး ကိုယ်ကို အထက်မပေးပါ။ ခြေခြင်းဝတ်ချိတ်တာ မဖြေပါနဲ့။
5. နောက် ကိုယ်ကို ဖြေးဖြေးချင်း အောက်ချပါ။
6. ၁ဝ ကြိမ်ဆက်လုပ်ပါ။ နောက်ရက်တွေမှာ တိုးလုပ်ပါ။ တပါတ်မှာ ၂-၃ ကြိမ်လုပ်ပါ။
7. အားကစားဝတ်စုံနဲ့ဆို ပိုကောင်းတယ်။
လှချင်သူများ လှနိုင်ကြလို၊ ကလေးငယ်များလည်း မိခင် နို့ချိုဝကြပါစေ။
Breast Massage ရင်သား နှိပ်နယ်ခြင်းပါ ဆက်လက်ဖတ်စေချင်သည်။
Dr. တင့်ဆွေ Today Myanmar
Comments
Post a Comment