လူငယ်နှင့် လမ်းမှား

လူငယ်နှင့် လမ်းမှား

ကျောင်းဝင်းထဲတွင် ရှိနေရမည့် ဆယ်ကျော်သက်အရွယ် ကျောင်းသား ကျောင်းသူ ကလေးများ Day Club များ Day Party များတွင် မူးယစ်သောက်စားပြီး ကခုန်ပျော်ပါး နေသည်မှာ သူတို့လေးများ၏ အနာဂတ် အတွက်ရော မြန်မာနိုင်ငံ၏ အနာဂတ် အတွက်ရော မည်သို့မျှ ကောင်းမွန်နိုင်မည့် လက္ခဏာတစ်ရပ် မဟုတ်ပါ။ Club နှင့် မူးယစ်သောက်စား မှုများသည် အတွေ့အကြုံ နုနယ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း နည်းပါးသော လူငယ်များ မဆိုထားနှင့် လူကြီးများပင် မှောက်မှားနိုင်သော နေရာများဖြစ်သည်။ ပြောင်းလဲ လာသော ခေတ်စနစ်အရ Club များ၊ ဖျော်ဖြေရေး ပုံစံသစ်များ အနေဖြင့် ရှိသင့်သည့် ပုံသဏ္ဌာန်မျိုး မဟုတ်ပါက အရာရာကို စမ်းသပ်ကြည့်ချင်နေသော ဆယ်ကျော်သက် များအတွက် ပိုလို့သာ ဆိုးနိုင်ပါလိမ့် မည်။ ဆယ်ကျော်သက်တို့၏ စူးစမ်းလေ့လာချင်သော သဘောသဘာဝကို အခွင့်ကောင်းယူကာ သားသမီး ချင်း ကိုယ်ချင်း မစာနာတတ်သည့် လောဘသားများက အသုံးချနေကြပြီး တရားဥပဒေ စိုးမိုးရေး လျော့နည်းပါက လူငယ်များ လမ်းမှားရောက်အောင် တွန်းပို့နေသကဲ့သို့ ဖြစ်သွားလိမ့်မည်။
ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်စွမ်း မရှိသေးသော ဆယ်ကျော်သက် လူငယ်များကို လမ်းမှားမရောက် အောင် ထိန်းသိမ်းရန်အတွက် နိုင်ငံတိုင်း လိုလိုတွင်ပင် ဥပဒေများဖြင့် ကြပ်မတ်ထားလေ့ ရှိသည်။ မြန်မာနိုင်ငံတွင်လည်း တည်ဆဲဥပဒေကို လိုက်နာကျင့်သုံးမှုရှိ မရှိအပေါ် စစ်ဆေးအရေးယူမှု နည်းပါးသည့် အခါ လောဘသားတို့ လက်ရဲဇက်ရဲ ဖြစ်လာပြီး လူငယ်တွေပိုလို့ ပျက်စီးစေပါသည်။ အသက် ၁၈ နှစ်အောက် ဆေးလိပ်အရက် ရောင်းဝယ်ဖောက်ကားခြင်း မပြုရသည့် ဥပဒေ တည်ရှိနေသည့် မြန်မာနိုင်ငံ တွင် လူငယ်များ၏ လက်ထဲသို့ ထိုအရာများ မည်သို့မည်ပုံ ရောက်ရှိနေပါသနည်း။ မည်သည့် အတွက် ကြောင့် ဆယ်ကျော်သက်များ ရှိမနေသင့်သေးသည့် နေရာများတွင် ရောက်ရှိနေကြ ရပါသနည်း။ အရင်း စစ်ကြည့် သည့်အခါ တရားဥပဒေ စိုးမိုးမှု လျော့ရဲနေမှုနှင့် အကျင့်ပျက် ခြစားမှုများသည် အဓိက ပြဿနာ ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့၏ မျိုးဆက်သစ်လေးများ အချိန်မတိုင်မီ လမ်းမှားပြီး ပျက်စီးရာလမ်းသို့ မရောက်သွား ရလေအောင် မိဘများအနေဖြင့် စနစ်တကျ ထိန်းကျောင်းပေးရန် လိုအပ်ပါသည်။ ဘယ်သူသေသေ ငတေ မာ စိတ်ဓာတ်ရှိသော စီးပွားရေး သမားများ အနေဖြင့်လည်း သားသမီးချင်း ကိုယ်ချင်းစာစိတ် ထားပေးရန် တိုက်တွန်းလိုပါသည်။ ထို့ပြင် တာဝန်ရှိသူများ အနေဖြင့်လည်း ယခုကဲ့သို့ ဖြစ်စဉ်များတွင် ဥပဒေစိုးမိုးမှု လျော့နည်း နေမှုများနှင့် အကျင့်ပျက် ခြစားနေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်း သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
 
Eleven Media Group
အယ်ဒီတာ့အာဘော်

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)