အပြင်မှာပါ တပ်ကသိမ်းထားတဲ့ မြေ ဆိုသော အကြောင်းရာ နဲ့ ပက်သက်ပြီး
မြေယာပိုင်ဆိုင်သူ ပြည်သူ တွေ နဲ့ တပ်မတော်သားတွေ ဖြစ်ကြတဲ့ ပြဿနာတွေကို
ကြားနေရပါတယ် ။ အဲဒီ အကြောင်းရာ အနေနဲ့ ကိုယ့်ဘာသာတစ်ယောက်တည်း
စဉ်းစားနေမိတယ် ။
ပြည်သူတစ်ယောက်လိုစဉ်းစားခြင်း
ကျွန်တော်တို့ ဟာ ပြည်သူ တွေ ကနေ မွေးဖွား လာသော ၊ ပြည်သူထဲက ပြည်သူများ
ဖြစ်သောကြောင့် ပြည်သူတွေ ရဲ့ခံစားချက်ကိုနားလည်နိုင်သလို ၊ လယ်ယာမြေ
ပြဿနာများနှင့် ပက်သက်လို့ ကိုယ်တွေ့ တွေလည်း ကြုံတွေ့ ခံစားရဖူးပါတယ် ။
ဒီမြေ ဒီယာတွေ ဟာ ၊ ဘိုးဘွားလက်ထက် ကပိုင်ဆိုင်ခဲ့တယ် ၊ ဘိုးဘွား တွေ
သေဆုံးတဲ့ခါ အဖေ အမေတွေကို အမွေပေးခဲ့တယ် ။ဒီလယ်မြေ ယာမြေတွေကိုတစ်နှစ်
ထက် တစ်နှစ် ကောင်းမွန်အောင် မြေပြုပြင်တာတွေ ၊ ရေ ကြာကြာနေအောင်ကသန်း
တင်ရတာတွေ မျိုးတွေမှာ မိသားစုလိုက် ၆ နှစ်သား ၊ ၇ နှစ်သား ကလေးတွေ ပါမကျန်
တစ်မိသားစုလုံး လုပ်ကိုင်ကြရတာမျိုးပါ ။ စီးပွားရေး အဆင်မပြေလို့
မိဘလက်ငုပ်လက်ရင်းလေးတွေကို ရောင်းချသုံးစွဲရတာ မျိုးရှိသလို ၊ ပေါင်နှံ
သုံးစွဲရတာမျိုးလည်းရှိတယ် ။ ရောင်းမယ် ပေါင်မယ် ပဲ ထားပါတော့ ... မောင်ဖြူ
ဆီမှာရောင်းရင် ၁ သိန်းပဲရမယ် ၊ မောင်မဲ ဆီမှာရောင်းရင်တော့ ၅
သိန်းလောက်ရမယ် ဆိုရင် ... ကျွန်တော့် အနေနဲ့ မောင်မဲ ဆီရောင်းချင်တာ
သဘာဝကျမယ်ထင်ပါတယ် ။ တခါတခါ စီးပွားရေး အဆင်ပြေတဲ့ချိန် တခြားတပါးသူဆီကနေ
ဝယ်ယူပြီး ကိုယ့်ရဲ့ စိုက်ပျိုးမြေတိုးချဲ့ ရတာတွေလည်းရှိတယ် ။
ရွာနားတစ်ဝိုက် ၊ မြို့နားတစ်ဝိုက် ပိုင်ဆိုင်သူတွေသာ ပြောင်းသွားကြတယ် ။
ဒီမြေကတော့ ဒီမြေပဲ ။ အဲဒီ လယ်ယာမြေ နဲ့ ပဲ စားသောက်ဖို့ ၊ သားသမီးတွေ
ကျောင်းထားဖို့ ၊ ကျန်းမာရေးစားရိတ်သုံးစွဲ ဖို့ ၊ အလှုအတန်းပြု ကြဖို့ ၊
ကုသိုလ်ရေးလုပ်ကြဖို့ ရှာဖွေ ကြရတယ် ။ ဒီလယ်မြေတွေ ၊ ယာမြေတွေ မှ မရှိရင်
ဘယ်လိုရပ်တည်မလဲ ။ လမ်းတွေဖောက်တယ် ၊ စက်ရုံတွေ ဆောက်တယ် ၊
အစိုးရစီမံကိန်းတွေ အကောင်ထည်ဖော်တယ် ၊ တပ်တွေတည်တယ် ... ကိုယ်
ပိုင်ဆိုင်တဲ့ လယ်မြေ ၊ ယာမြေတွေမှာ စီမံကိန်းမြေ ဆိုပြီး ဆိုင်းဘုတ်လေး
လာထောင်လိုက်တာနဲ့ လုပ်ကိုင်လို့ မရတော့ဘူး ။ တခါတလေ သီးနှံ လေး တွေ
စိုက်ထားတယ် .. ကိုယ်က ဂရုစိုက်ဖို့ မလိုသေးလို့ တခြား လယ်မြေ ၊
ယာမြေတွေမှာ သွားလုပ်ကိုင်နေတယ် ... ကိုယ်သီးနှံလေးတွေ
ကိုယ်လည်းသွားကြည့်ရော အလယ်တည်တည် ကနေ ဘူဒိုဇာ နဲ့ ထိုးသွားတယ် ။ တားချိန်
ဆီးချိန်လည်းမရလိုက်ဘူး ။ ယူတာကတော့လမ်းတစ်နေရာစာ ပဲ ဒါပေမဲ့ ...
လမ်းဟိုဘက်လည်း ထွန်တတုံးးစာ ၊ လမ်းဒီဘက်လည်း ထွန်တတုံးစာ ပဲ ကျန်တော့
တဲ့ခါ ဆက်လုပ်လို့ မရတော့ တာ မျိုး ကိုယ်တွေ့ ကြုံရဖူးတယ် ။
တပ်မတော်သား တစ်ယောက်လိုစဉ်းစားခြင်း
ပြည်သူအတော်များများမြင်ကြတာ က သူတို့ ပိုင်ဆိုင်ခဲ့သော မြေ ၊ ယာတွေ ကို
တပ်မတော် က ဝင်ရောက်နေထိုင် နေတာ ၊ ဝင်ရောက် စိုက်ပျိုးနေတာ ဖြစ်တဲ့ အတွက်
... တပ်မတော်က မြေသိမ်းတယ် (သို့) တပ်သိမ်းမြေလို့ မြင်ကြတာပါ ။ သို့ ပေမဲ့
တပ်မတော် က မြေသိမ်းခွင့် မရှိသလို ၊ မြေသိမ်းလို့လည်းမရပါဘူး ။
နိုင်ငံတော်အစိုးရ ကသာ နိုင်ငံအကျိုး အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းတွေ နဲ့
မြေယာသိမ်းဆည်းခွင့်ရှိပါတယ် ။ နေရာတစ်နေရာ မှာ တပ်တည်ဆောက်တော့မယ်ဆိုရင်
နိုင်ငံတော်အစိုးရ ရဲ့ ခွင့်ပြုမိန့် နှင့် အတူ မြေအတိုင်းတာ ပမာဏ ကို
သက်ဆိုင်ရာမြေတိုင်းဌာနက တဆင့် တိုင်းတာပေးရတာပါ ။ ပြီးတဲ့ ခါ
အဲဒီနေရာကိုတပ်နယ် ၊ တပ်ဧရိယာ အဖြစ်သတ်မှတ်ပါတယ် ။ အဲဒီ အခါ ကျမှ သာ
တပ်မတော် က ခြံစည်းရိုးခတ်တာ ၊ တပ်တည်ဆောက်တာ လုပ်ရပါတယ် ။
တပ်တည်ဆောက်တယ်ဆိုရာမှာ တခုပြောလိုတာ က ... တပ်ရဲ့ အလည်ဗဟို (သို့)
စစ်ရေးအချက်ချာ နေရာမှာ တပ်ရဲ့ အဓိက ဗဟိုကင်း တပ်ဆောက်ပါတယ် ၊ လက်နက် ၊
အရေးကြီးစာရွက်စာတမ်း ၊ ခဲယမ်း စသဖြင့် ထားပြီး
နေ့ညမပြတ်စောင့်ကြပ်ကြရတဲ့နေရာပါ ။ အဲဒီနေရာ ဟာ တပ်ရဲ့ ခြံစည်ရိုး တွေနဲ့
အနည်းဆုံး လက်နက် တစ်ကမ်းအကွာ မှာရှိမှ ရပါတယ် ။ လက်နက်
တစ်ကမ်းမှီပြီဆိုရင် အပြင်ကနေ လာပစ်ခတ်မယ်ဆိုရင် ဗဟိုကင်း ကျဆုံးပါလိမ့်မယ်
။ ဗဟိုကင်းကျဆုံး ရင် တပ်ကျဆုံးတာပါပဲ ။ အဲဒီတော့ ဗဟိုကင်းကို မူတည်ပြီး
ပတ်လည် မြေနေရာတွေ ယူထားတယ်ဆိုပါတော့ ... တချို့ နေရာတွေကို
စစ်သည်တွေနေဖို့ ဘားတိုက်တွေ ၊ ရိပ်သာတွေ ၊ ရုံးအဆောက်ဦးတွေ လိုင်းခန်းတွေ
တည်ဆောက်လိုက်တယ် ။ ပိုနေ ၊ လွတ်နေတဲ့ နေရာတွေရှိတယ် ။ အဲဒီနေရာတွေကို တပ်
သက်သာချောင်ချိရေးအတွက် သီးနှံတွေ စိုက်ကြတယ် ။ မူလ မြေပိုင်ဆိုင်သူ
ပြည်သူတွေ အမြင်မှာကျတော့ ... တပ်မတော် က သူတို့ မြေသိမ်းပြီး
...သူတို့ယူစိုက်တယ်လို့မြင်ကြတယ် ။ တခု သိရမှာ က ကျွန်တော်တို့ စစ်သားတွေ
စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာ စပါးစိုက်ချင်လို့ ဝင်လာတာ မဟုတ်ဘူး ။
ယောကျာင်္း ကစစ်တိုက် ၊ မိန်းမက ကောက်စိုက် ၊ သားကြီးတော့ ကောက်လှိုင်းပုတ် ၊
သမီးကြီးတော့ စပါးပြာ ... လုပ်ချင်လို့ လုပ်နေကြတာမဟုတ်ဘူး ။ မိသားစုတွေ
ရှိတယ် ၊ အနာဂါတ်တွေရှိတယ် ၊ ရည်မှန်းချက်တွေရှိတယ် ။ ဒါပေမဲ့ တစ်ရက်အတွက်
ရိက္ခာ မြန်မာငွေ ၅၀၀ ကျပ်ကျော်နဲ့ မိသားစုဘယ်လို ထမင်းစားမလဲ ။
နိုင်ငံအနေနဲ့ ကြည့်ပြန်တော့လည်း နိုင်ငံသားဝင်ငွေ တစ်လ ၄၁ ဒေါ်လာ ပျမ်းမျှ
ရှိတဲ့ နိုင်ငံ မှာ ဒီထက်ပိုပြီး ထင်စားစရာ ဘာတွေရှိမှာလဲ ။ အဲဒီတော့
တပ်ရဲ့ ဦးဆောင်သူ တွေဟာ စပါးမစိုက်ချင်လည်းစိုက် ၊ နွားမမွေးချင်လည်းမွေး ၊
ဝက်မကျွေးချင်လည်းကျွေး ဆိုတာတွေ စစ်သည်တွေ မလုပ် လုပ်ချင်အောင် ...
ချော့လိုက် ၊ ချော့လိုက် နဲ့ ခိုင်းကြရတယ် ။ တခါတလေ တပ်တွေရှိတယ် ...တပ်
ရဲ့ ဖွဲ့စည်းပုံမပြည့်ဘူး ... ကောင်းတဲ့ လူတစ်ရာလောက်က တစ်နှစ်မှာ ၈
လစစ်ဆင်ရေးထွက် ၊ တပ်မှာကျန်ခဲ့တာ က ခြေပြတ် ၊ လက်ပြတ် ၊ အကန်း ...
အဲဒီတော့ တပ်မှာကင်းစောင့်နိုင် ၊ နွားကျောင်းနိုင်တာ လောက်ပဲလုပ်နိုင်တယ် ။
အဲဒီတော့ တပ်ရဲ့ လယ်မြေတွေကို အပြင် က လူတွေကို သီးစားပြန်ချတယ် ။ အဲဒီ ခါ
ပြည်သူတွေ အနေနဲ့ မြင်ကြတာ က တပ် က လယ်တွေသိမ်းပြီး ကိုယ့်လယ်ကို အငှား
နဲ့ သီးစားပြန်လုပ်ရတယ်လို့ မြင်တယ် ။ တကယ်တမ်း က ဒီလယ်ယာမြေတွေကိုတပ်
မြေအနေနဲ့ အစိုးရ က စီမံခန့်ခွဲခွင့်ပေးထားတဲ့ အတွက် သာ ကိုယ်တာဝန်ယူရတဲ့
ချိန်မှာ တာဝန်ရှိသလို စီမံခန့်ခွဲတာပါ ။ ဒီတပ်မှာ ကျွန်တော် ၃
နှစ်တာဝန်ကျတယ်ဆိုရင် .. ဒီမြေတွေ ကိုကျွန်တော် ၃ နှစ် လုပ်ကိုင်ပေးရတယ် ။
နောက် တခြားတပ်ကို ပြောင်းရွှေ့ သွားရင်ကျွန်တော်နဲ့ မဆိုင်တော့ဘူး ။
တပ်မတော်သား တွေ ဟာမြေသိမ်းလို့ မရပါဘူး ။
အစိုးရအနေနဲ့ စဉ်းစားခြင်း
အစိုးရတရပ်ဟာ ပြည်သူတွေ ကိုယ်စားပြုဖို့ ၊ အများကိုယ်စား ..ပြည်သူများရဲ့
အကျိုးစီးပွားကို ဆောင်ကြဉ်းဖို့ တာဝန်ပေးခြင်းခံရသူတွေ ပါ ။
တာဝန်ထမ်းဆောင်စဉ် ကာလမှာ အစိုးရ အဖွဲ့ရဲ့ အကြီးဆုံး သမ္မတ ဟာနိုင်ငံတော်ကို
ကိုယ်စားပြုပါတယ် ။ နိုင်ငံတော်နဲ့ ပက်သက်တဲ့ အရေးအရာတွေ စီမံရာမှာလည်း
ဥပဒေပြုအဖွဲ့ က စီရင်ပြုစုထားတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေ များအရသာ
စီမံခန့်ခွဲရတယ် ။ မြန်မာနိုင်ငံမှာ ၁၉၅၃ ခုနှစ် သမ္မတဦးဘဦး လက်ထပ်တည်း က
လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ အရ ...နိုင်ငံတော် မှာရှိတဲ့ လယ် ၊
ယာ မြေများကို နိုင်ငံတော်က သာပိုင်ဆိုင်ပါတယ် ။ ၂၀၁၂ ခုနှစ်
ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ လယ်ယာမြေဥပဒေ အခန်း (၁) ပုဒ်မ ၁ ရဲ့
အပိုဒ်ခွဲ (ဃ) မှာလည်း လယ်ယာမြေအားလုံးရဲ့ မူလပိုင်ရှင်ဟာနိုင်ငံတော်
ဖြစ်ပြီး ...ပြည်သူများ တောင်သူများကို စိုက်ပျိုးထုတ်လုပ်အသုံးချခွင့်
ပြုထားခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ နောက် အခန်း (၁၀) ရဲ့ ပုဒ်မ ၂၉ မှာလည်း (
နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ
စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့်
အသုံးပြုရန်သက်ဆိုင်ရာစီမံကိန်း အကောင်အထည်ဖော်မည့် ဝန်ကြီးဌာနသည်
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောထားမှတ်ချက်ရယူပြီး
ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ) ဟု
ဆိုထားတာ ဖြစ်တဲ့ အတွက် ... နိုင်ငံတော် နဲ့ ပက်သက်သော စီမံကိန်းတွေ ၊
စက်ရုံတွေ ၊ လမ်းတွေ ၊ တံတားတွေ ၊ ဆည်မြောင်းတွေ ၊ တပ်တွေ တည်ဆောက်ရမှာ
ယခင်လယ်ယာမြေလုပ်ပိုင်ခွင့် ၊ ပေါင်နှံရောင်းချခွင့် ပေးထားသော
ပြည်သူများထံမှ ပြန်လည်သိမ်းယူခွင့်ရှိ နေတာဖြစ်ပါတယ် ။သို့ပေမဲ့
ပြန်လည်သိမ်းယူရာမှာတော့ လယ်ယာမြေဥပဒေ အခန်း ၉ ပုဒ်မ (၂၆) မှာ
(တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်မည်သို့ပင်ပါရှိစေကာမူ
နိုင်ငံတော်အကျိုးငှာဖြစ်စေ၊အများပြည်သူအကျိုးငှာ ဖြစ်စေ
သိမ်းယူသည့်လယ်ယာမြေနှင့်ယင်းလယ်ယာမြေပေါ်၌ အဆောက်အအုံဖြင့်တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်းအပါအဝင်မူလလယ်ယာမြေ
လုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက်ထားသည့်ကိစ္စရပ်များအတွက်နစ်နာမှု
လုံးဝမရှိစေရန် လျော်ကြေးပေးခြင်းနှင့်အခြားနည်းလမ်းဖြင့်စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေး နိုင်ရေးနှင့်စပ်လျဉ်း၍
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်။ )
ဆိုပြီးသိမ်းယူခံရသော ပြည်သူများနစ်နာမှုမရှိစေရန်
အကာကွယ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် ။
ဒီ လုပ်ထုံး လုပ်နည်း ဥပဒေ တွေကို လိုက်နာဆောင်ရွက်တယ်ဆိုလျှင်
အစိုးရတစ်ရပ် အနေနဲ့ Rule of the law ကို လိုက်နာတယ်လို့ ဆိုရမှာဖြစ်ပါတယ်
။
ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့ စဉ်းစားခြင်း
လယ်ယာမြေဥပဒေ ၂၀၁၂ ပြဌာန်းခါ စ ...ထွက်လာတဲ့ အသံတွေကို မှတ်မိနေပါတယ် ။
လယ်လုပ်သူ လယ်မပိုင်ရလို့ justice မဖြစ်ဘူးလို့ ဆိုကြသူတွေလည်းရှိပါတယ် ။
ပြည်သူ့ကိုယ်စားလှယ် ၊ လွှတ်တော်ကိုယ်စားလှယ် တွေဟာ တစ်ဦးတစ်ယောက်ချင်းစီ
ကို ကိုယ်စားပြု ကြတာမဟုတ်ပါဘူး ။ ပြည်သူအားလုံးကိုကိုယ်စားပြု
ကြတာဖြစ်လို့ စဉ်းစားကြတဲ့ ခါ ပြည်သူအားလုံးအတွက် စဉ်းစားကြရတာဖြစ်ပါတယ် ။
ဥပမာ ကျွန်တော်ဟာ လယ်သမား သားသမီးတစ်ယောက်မို့ ကိုယ့်လုပ်တဲ့လည် ၊
ကိုယ့်မိဘဘိုးဘွားပေးထားခဲ့ တဲ့လယ်ကို ကိုယ့်ဘာကို ဘာပဲ စိုက်စိုက်၊
ဘယ်သူ့ကိုပဲရောင်းရောင်း ကျွန်တော့် စိတ်ကြိုက် စီရင်ချင်တာ ဟာ ကျွန်တော့်
အတွက်သဘာဝကျပါတယ် ။ သို့သော် လူအများကိုကိုယ်စားပြု သူတွေ အနေနဲ့ ကျတော့
ကျွန်တော့်စိတ်ကြိုက်ဟာ တခြားတပါးသူတွေကို
ဂယက်မရိုက်ဖို့လည်းထည့်စဉ်းစားကြရဦးမယ် ။ ကျွန်တော်ဟာ နယ်စပ်တစ်နေရာမှာ
မြေပိုင်ဆိုင်တယ်ဆိုပါတော့ တခြား နိုင်ငံကို ကျွန်တော်ပိုင်ဆိုင်သောမြေ
ကျွန်တော်ရောင်းလိုက်မယ်ဆိုရင် ..အဲဒီမြေဟာ မြန်မာ့မြေပုံထဲက ပါ
ပဲ့ပါသွားမှာဖြစ်ပါတယ် ။ အဲဒီတော့ ပြည်သူတွေအားလုံးကို လယ်ယာမြေ
လုပ်ကိုင်ခွင့် ၊ ပေါင်နှံခွင့် ၊ ရောင်းချခွင့်ကို
သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်း များနဲ့အညီ ခွင့်ပြုထားမယ် ..သို့ပေမဲ့
မြေယာအားလုံးရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်တယ် ဆိုတာကိုတော့
အားလုံးတစ်ပြေးညီပြဌာန်းပေးရတာမျိုးဖြစ်လာပါတယ် ။
နိဂုံး
ဒီ အကြောင်းရာတွေဟာ ကျွန်တော့် ဦးနှောက်နဲ့ ဥာဏ်မှီသလောက် ၊
ကျွန်တော်လေ့လာမိသလောက် ၊ ကျွန်တော့် ကိုယ်တွေ့ တွေ ပါ ပေါင်းစပ်ပြီး
သုံးသပ်ထားတာပါ ။ ကျွန်တော်မမြင် နိုင်တဲ့ အကြောင်းရာများလည်း
ရှိကောင်းရှိနေ နိုင်ပါသေးတယ် ။ ဒီအကြောင်းရာတွေမှာ ၊ ခုဖြစ်ပျက် နေတဲ့
ပြဿနာတွေ မှာ ဘယ်သူတွေ မှားသလဲ လို့ မေးလာရင် ... ကျွန်တော့်အမြင်တော့
ဘယ်သူမှ မမှားပါဘူးလို့ပဲ ရိုးရိုးသားသားဖြေရပါလိမ့်မယ် ။ ခု ဒီကိစ္စ တွေ
ဖြစ်နေသလို ၊ နောက်ထပ် လည်း ထပ်ဖြစ်လာဖို့ ရှိနေ လိမ့်ဦးမယ်လို့
ကျွန်တော်ထင်ပါတယ် ။ အားလုံး မမှားဘူးဆိုပေမဲ့ ပြဿနာ ကတော့ ဖြစ်နေပါတယ် ။
အဲဒီ အချက်တွေထဲ က နေ ၊ ဒီ အကြောင်းရာတွေ ထဲ ကနေ အကောင်းဆုံး ဆိုတဲ့
အဖြေကို ရှာ နိုင်မှသာအဆင်ပြေမှာပါ ။ လယ်ယာမြေပိုင်ဆိုင်သူတွေ က
လယ်ယာမြေပိုင်ဆိုင်သူလိုတွေး ၊ လယ်ယာပိုင်ဆိုင်သူတွေ အတွက်ပဲမြင် ၊
တပ်မတော်သားတွေကလည်း တပ်မတော်သားတွေလို တွေး ၊ တပ်မတော်သားတွေ အတွက်ပဲ
ကွက်မြင် ၊ အစိုးရကလည်း အစိုး၇လိုတွေး အစိုးရလိုမြင် ၊
လွှတ်တော်ကိုယ်စားလှည်များကလည်း လွှတ်တော်ကိုယ်စားလှယ်လိုတွေး ၊
လွှတ်တော်ကိုယ်စားလှယ်လိုပဲ မြင် ......အချင်းချင်း တွေ အပြစ်တင်နေလို့
မပြီးပါဘူး ၊ ဒါဟာ တစ်ဦးကိုတစ်ဦး နစ်နာစေမဲ့ စကားတွေ နဲ့
တိုက်ခိုက်လိုက်လို့ လည်းပြီးမသွားဘူး ။ အဖြေရှာကြရမှာဖြစ်ပါတယ် ။
ကျွန်တော်တွေးမိတဲ့ အတွေး စတွေ ကနေ တဆင့် စာဖတ်သူ ကိုယ်တိုင်တွေးပြီး ...
ပြဿနာရဲ့ အဖြေ ကို ကိုယ်တိုင်ထုတ်နိုင်ဖို့ ကျွန်တော် ချန်လှပ်ထားခဲ့ပါတယ်
။
(ရုပ်ဆိုး)
Comments
Post a Comment