မကြာသေးမီက တက္ကသိုလ် တစ်ခုမှာ ကျောင်းသား တစ်ဦးနဲ့ ကျောင်းသူ တစ်ဦး
မဖွယ်မရာလုပ်နေတဲ့ ဗီဒီယို မှတ်တမ်းကိစ္စ ဂျာနယ်တွေမှာ ပြဿနာ ရှင်းနေကြတာကို
ဖတ်လိုက်ရပါတယ်။ ပြုသူတွေကပြု၊ ပြသူတွေ က ပြ၊ ဖော်သူတွေ ဖော်၊ လှော်သူတွေ
လှော်၊ အော်သူတွေ အော်ပြီးမှ ဟိုလိုလို သည်လိုလို လုံးထွေးပြီး သူ့ဘက်၊
ကိုယ့်ဘက် ကာလိုက်တာတွေကို စိတ်ညစ်ဖွယ် ကြားနေရပါတယ်။
ဂျပန်မှာ ဝန်ကြီး တစ်ဦးက တံတားပြိုတော့ သူ့မှာ တာဝန်ရှိပါတယ်ဆိုပြီး
ဝန်ကြီးဘဝက နုတ်ထွက် သတဲ့။ ကျောင်းတွေမှာ ဒီလို ကျောင်းသားတွေ မဖွယ်မရာ
လုပ်နေတာ ကျွန်တော်တို့ ကျွန်မတို့မှာ တာဝန်ရှိပါ တယ် လို့
မြန်မာပြည်မှာတော့ ဝန်ကြီး မပြောနဲ့ ကျောင်းအုပ်တွေတောင် နုတ်ထွက် ကြမယ်
မထင်ပါဘူး။ အဲဒီအစား ရာထူးနဲ့ နေရာ ပြုတ်မှာကြောက်လို့ အသေအလဲ ခုခံ
ကာကွယ်ကြမှာ သေချာပါတယ်။
တက္ကသိုလ်တွေ၊ ကောလိပ်တွေ ပျက်စီးတယ်လို့ အော်သံတွေ ကြားနေရ တာ နှစ်ပေါင်း
မနည်းတော့ပါဘူး။ ပထမဦးဆုံး ကျောင်းနဲ့ တူတဲ့ ကျောင်းတွေ ဖြစ်ရဲ့လား
ပြန်စစ်ဆေးကြည့်စေချင်တယ်။ ကျောင်းသားတွေ ကို မြို့ထဲစုပြီး
မဟုတ်တရုတ်လုပ်မှာ စိုးရိမ်လို့ မြို့ပြင်တွေထုတ်၊ ဇနပုဒ် ကို
နှင်လိုက်တော့ လူမမြင် သူမမြင်ရတဲ့ နေရာတွေမှာ အခြေအနေ ပိုးဆိုးသွားစေတာ
စေတနာလို့ ခေါ်နိုင်သလား။
တက္ကသိုလ် ကောလိပ်ဆိုတာ ပညာဆည်းပူးရာ၊ ရှာမှီးရာ၊ ဖလှယ်ရာ၊ မျှဝေရာ
လွတ်လပ်သော နေရာ တစ်နေရာလို့ လက်ခံကြတယ်။ တက္ကသိုလ် မှာ ပညာရှင်တွေ ရှိရတယ်။
ဟောပြော ပို့ချတာတွေ လုပ်ရ တယ်။ စာအုပ် စာတမ်းတွေ အပြည့်အစုံ ထားပေးရတယ်။
ခေတ်သစ်မှာ ဆိုရင် ကွန်ပျူတာ အင်တာ နက်တွေ အလျှံအပယ် ရယူနိုင်အောင်
လုပ်ပေးထားရတယ်။ ပညာရပ်တွေကို ဖော်ထုတ်ခွင့်၊ စာတမ်း ဖတ်ခွင့်၊ ဆွေးနွေး
ဖလှယ်ခွင့်တွေ ပေးရတယ်။ ရရှိလာတဲ့ ရလဒ်တွေကို စီးပွားရေးသမားတွေ၊ လုပ်ငန်း
ရှင်တွေက လာပြီး လေ့လာကြရတယ်။ ပညာရှင်တွေကို သူတို့က တော်ကောက်ပြီး
မြှောက်စားရတယ်၊ နေရာ ပေးရတယ်။ ပညာ ရှာမှီးနေသူတွေကလည်း ငါတို့ကို
ထင်ပေါ်ရင် စင်တော်က ကောက်မှာပဲ ဆိုတဲ့ အသိတွေနဲ့ ကြိုးစား အားထုတ်ပြရတယ်။
တက္ကသိုလ်ဆိုတာ စာပေ လေ့လာနိုင်တဲ့ စာသင်ခန်း ကောင်းကောင်း၊ တကယ်တော် တကယ်
တတ်ပြီး တကယ် ဦးဆောင် လမ်းညွှန် သင်ပြနိုင်တဲ့ ဆရာကောင်းတွေ ရှိရတယ်။ ပညာ
လေ့လာ ရှာမှီးစရာ ရည်ညွှန်း စာကြည့်တိုက်တွေ၊ သုတေသန ဌာနတွေ ရှိရတယ်။
ပညာရှင်ကြီးတွေ လာရောက် ဟောပြော ပို့ချတာကို တလေးတစား လာရောက် ဆည်းပူး
နာယူတတ်သူတွေ ရှိရတယ်။ သုတေသနပြုဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေ က
အရင်းအနှီးစိုက်ထုတ်ပြီး တက္ကသိုလ် ကောလိပ်တွေက ကျောင်းသား စိုက်ကာ လေ့လာ
သုတေသန ပြုနေတဲ့ လုပ်ငန်းတွေ ရှိရတယ်။ ကျောင်း ကို ရောက်လာတဲ့
ကျောင်းသားတွေ ငြိမ်းချမ်းစွာ ပညာ လေ့လာ ရှာမှီးနိုင် ဖို့ နေထိုင်စရာ
အဆောင်တွေ၊ စားသောက်ဖို့ အစီအစဉ်တွေ၊ သွား လာဖို့ အစီအစဉ်တွေ
ဖန်တီးပေးထားရတယ်။ အခြားကိစ္စတွေ အများကြီး ရှိပေမယ့် မြန်မာနိုင်ငံ
တက္ကသိုလ် ကောလိပ်တွေမှာ ကျောင်းသားတွေကို အဆောင်တောင် မထားနိုင်ပဲ၊
ခွေးတိုးဝက်ဝင် နေချင် သလိုနေ၊ စားချင်သလို စား ဆိုပြီး ပစ်ထားတာ
နှစ်ပေါင်း ဘယ်လောက် ကြာနေပြီလဲ။ ကျောင်းနဲ့ မတူတဲ့ ကျောင်းတွေကို
ဖန်တီးပေးပြီးတော့ ကျောင်းလို့ သဘောမထားတာ ဟာ ဘယ်သူ့မှာ တာဝန် ရှိပါသလဲ။
တက္ကသိုလ်က ဆရာတွေဆိုတာ ကိုယ်ကျင့်တရားနဲ့ သိက္ခာမှာ စံပြ ဖြစ်နေ ရမယ်။
ဘာကြောင့်လဲဆိုတော့ အနာဂတ်ရဲ့ လူကြီးလူကောင်းတွေ ကို လေ့ကျင့်
ပျိုးထောင်ပေးနေတဲ့ အခြေခံကျသောနေရာ ဖြစ်နေလို့ပဲ။ ဆရာတွေကအစ ကိုယ့်
ကျောင်းသားကို ကျူရှင်ခေါ်သင်၊ ကျူရှင်တက်ရင် တစ်မျိုး၊ မတက်ရင် တစ်မျိုး
အမှတ်နဲ့ အောင်ချက်ကို အမျိုးမျိုး ပြုပြင် ပြောင်း လဲပေးတယ် ဆိုတာတွေ၊
ကျောင်းမတက်ဘဲ အောင်တယ် ဆိုတာတွေ၊ စာတမ်းတွေ၊ ကျမ်းတွေကအစ ပြင်ပမှာ
သွားအပ်ပြီး ရေးခိုင်းတာတွေ၊ ပိုက်ဆံပေးရင် ဘာမဆို ဖြစ်နိုင်ပါတယ်ဆိုတဲ့
အတွေးမျိုး၊ အကျင့်စရိုက် မျိုးတွေကို ကျောင်းသားတွေရဲ့ ဦးနှောက်ထဲ၊ ရင်ထဲ
အသည်းထဲ စွဲသွားအောင် လုပ်နေတာဟာ ပညာရေးကို စနစ်တကျ ဖျက်ဆီးတယ်လို့
မပြောရင် ဘယ်လို ပြောရမလဲ။ အကျင့်စရိုက်ကောင်းတဲ့ ဆရာ ဆရာမတွေ
ရှိနိုင်ပေမယ့် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေ လုံး ပုပ်နေရတဲ့ တက္ကသိုလ်
ပညာရေး စနစ်ကို ပြုပြင် ပြောင်းလဲဖို့ ဘယ်သူ့မှာ တာဝန်ရှိပါ သလဲ။
ကျောင်းတွေ၊ ဆရာတွေအပြင် ကျောင်းသားတွေမှာလည်း ကျောင်းသားနဲ့ တူအောင်
ဆင်ခြင်နေဖို့ လိုပါ တယ်။ အနေအထိုင် မတတ်တော့ နဂိုကတည်း ကမှ အထင်ကြီး
လေးစားမှု မရနိုင်တဲ့အထဲ ပိုပြီးတော့ လက်ညှိုးထိုး စရာ ဖြစ်တော့တာပေါ့။
တက္ကသိုလ်၊ ကောလိပ်ကျောင်းသား ဆိုတာ တစ်ချိန် က တန်ဖိုး ထားပြီး အလွန်
လေးစားကြတယ်။ ပညာတတ်ကလည်း ရှားတာ ကိုး။ ခုတော့ ဘွဲ့ရဆိုတာ အဝေးသင်နဲ့
တစ်မျိုး၊ စာပေးစာယူ ဆိုတာနဲ့ တစ်ဖုံ၊ ဒေသကောလိပ် ဆိုတာနဲ့ တစ်နည်း
စက်တွေနဲ့ လှိမ့်ထုတ်သလို ထုတ်ထားခြင်း ခံရတာကြောင့် ပညာတတ်ဆိုတာ
ဆိုက္ကားနင်းစားတဲ့ သူတောင် ဘွဲ့ရလို့ လက်မထောင်နိုင် တဲ့ခေတ် ဖြစ်နေပါပြီ။
ပညာတတ်တွေ တိုင်းပြည်မှာ များလာတာ၊ ပညာ မသင်ရ၊ ပညာ မတတ်တာ ထက်တော့
ကောင်းပါတယ်။ ဒါပေမဲ့ အရေအတွက်သာ များပြီး အရည်အချင်း မရှိတဲ့ ဘွဲ့ရ
ပညာတတ်တွေ မွေးထုတ်ပေးနေတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
တက္ကသိုလ် ကောလိပ်ဆိုတာ အနာဂတ်ကို ဦးဆောင်မယ့်သူတွေကို မွေး ထုတ်ပေးရာ
နေရာလို့ ကမ္ဘာ့ ထိပ်သီး တက္ကသိုလ်ကြီးတွေကတော့ ဂုဏ်ယူ ဝင့်ကြွားကြတယ်။
ဆိုက္ကားဆရာ၊ လမ်းဘေး ဈေးရောင်း၊ ကုန်ထမ်း ဘွဲ့ရတွေကို
မွေးထုတ်ပေးနိုင်တာကိုတော့ ဘယ်တက္ကသိုလ်ကမှ ဂုဏ်ယူမယ် မထင်ပါဘူး။
အရည်အချင်း ပြည့်ဝသူတွေကို အမှန်တကယ် မွေးထုတ်နိုင်တဲ့ ကျောင်း ဆိုရင်၊
အရည်အချင်း အမှန် တကယ်ရှိတဲ့ ဆရာတွေက လေ့ကျင့် ပျိုးထောင်ပေးတဲ့
နေရာဖြစ်ရင်၊ အရည်အချင်း ပြည့်ဝလာ တဲ့ ကျောင်းသားတွေကို တိုင်းပြည်ကလည်း
သူ့နေရာနဲ့သူ တော်တည့် မှန်ကန်စွာ နေရာ ပေးနိုင်မယ်ဆိုရင် ပြဿနာ
မရှိနိုင်ပါဘူး။
တက္ကသိုလ်မှာ အဆောင်နေတယ်ဆိုတာ ဆရာနဲ့ ကျောင်းသား နီးစပ်မှု ရှိအောင်၊
အချိန်မရွေး ပညာတွေ လေ့လာ ဆွေးနွေးနိုင်အောင်၊ တိုင်ပင်ပြီး အကူအညီ
ရယူနိုင်အောင်လို့ ဆိုပါတယ်။ ခုတော့ ကျောင်းလာတဲ့ သူတွေကို အဆောင်လည်း
မပေးနိုင်ဘဲ နေချင်တဲ့ နေရာမှာနေ၊ လာချင်မှလာ၊ မလာရင် အပြစ်၊ လာရင်လည်း
စိတ်ညစ်နေရတဲ့ ကျောင်းသားတွေ ကို ကျောင်းနေပျော်ပြီး စာတော်အောင်
လုပ်နိုင်ပါ့မလား စဉ်းစားစရာပါ။
ကျောင်းကို လာတယ်ဆိုတာ ပညာကို ဦးတည်လာမယ်။ ပညာနဲ့ ပတ်သက် တာကို လာယူတာပဲ
ဖြစ်ရ မယ်။ ပညာဆိုတာ ကျောင်းစာ သက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ တက္ကသိုလ်မှာ
ပညာဆိုတာ လူမှု ပေါင်းသင်း ဆက်ဆံရေး၊ အသင်းအဖွဲ့နှင့် နေထိုင် လုပ်ကိုင်
ဆောင်ရွက်တတ်ရေး၊ အချင်းချင်း အပြန်အလှန် လေးစားတတ်ရေး၊ လူကြီးလူကောင်း
ပီသစွာ နေထိုင် စားသောက်တတ်ရေး ဆိုတာတွေ ကိုလည်း ကိုလိုနီခေတ် ကတည်းက
လေ့ကျင့် ပြုစုပေးခဲ့ကြတယ်။
ခေတ်သစ်မှာ ဆရာက ကျူရှင်ပြလို့ တပည့်က မလေးစား၊ ကျောင်းသား အချင်းချင်း
ပေါင်းသင်း စုစည်း လှုပ်ရှားနိုင်စရာ အသင်းအဖွဲ့ကလည်း မထွန်းကား၊ ကျောင်းထဲ
ရောက်လာကတည်းက မျက်လုံးဒေါက်ေ ထာက် ပြီး စောင့်ကြည့် ခံနေရတဲ့
ကျောင်းသားတွေ ဘဝဟာ လွတ်လပ်မှု ကင်းပြီး ဒီမိုကရေစီ ပညာရေးနဲ့ အလှမ်းဝေးမယ်
ထင်ပါတယ်။
ဒီမိုကရေစီ ပညာရေးဆိုတာ ပရမ်းပတာ လုပ်ခွင့်ကို ပြောတာ မဟုတ်ပါ ဘူး။ ပညာကို
လေးစား၊ အပြန် အလှန် တန်ဖိုးထား၊ အထိန်းအချုပ် ကင်းပြီး လွတ်လပ်စွာ
ပညာရှာခွင့်ရဖို့ ပြောတာပါ။ သတ်မှတ်ထား တာပဲ ဖတ်၊ ပြော ထားတာ ပြန်ရေး၊
စာထဲကအတိုင်းပါမှ အမှတ်ပေး စနစ်နဲ့ တစ်လမ်းသွား ပညာရေးစနစ် ကို ဒီမိုကရေစီ
ပညာရေးလို့ မသတ်မှတ်ပါဘူး။ အားလုံး ကောင်းချင်ရင် တစ်နေရာတည်း ပြုပြင်လို့
မရပါဘူး။ ကျောင်း၊ ဆရာ၊ ကျောင်းသားအပြင် စနစ်ကို မပြင်သမျှ မြန်မာ့
ပညာရေးလောက တိုးတက်ပြီလို့ ပြောစရာ မမြင်ကြောင်းပါ ခင်ဗျာ။
မိဘတစ်ဦး
The Voice Weekly
Comments
Post a Comment