ချိုးယောင်ဆောင်သော ကျီး

ချိုးယောင်ဆောင်သော ကျီး

ယနေ့အချိန်အခါသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို အဘက်ဘက်မှ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ် ၀င့်ထည်နိုင်ရေးအတွက် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သောအစိုးရအဖွဲ့က အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေချိန်၊ ထိုသို့ကြိုးပမ်းဆောင်ရွက် ရာတွင် မိမိနိုင်ငံ၏သမိုင်းကြောင်း၊ ရေမြေတောတောင်သဘာဝနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများအရ အခက်အခဲပြဿနာအနည်းဆုံးဖြင့် လျှောက်လှမ်းနိုင်ရန် လွှတ်တော် ၃ ရပ်ဖြင့် အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်နေချိန်၊ ဖြစ်ပေါ်လာသောပြဿနာရပ်များကိုလည်း အမှန်ကန်ဆုံးနှင့် နည်းလမ်းတကျဖြစ်စေရန် စုံစမ်းစစ်ဆေးရေးကော်မရှင်များဖွဲ့စည်း၍ ဆောင်ရွက်နေချိန်ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလိုအပ်ဆုံးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အစွမ်းကုန်ဆောင်ရွက်နေချိန်ဖြစ်ပါသည်။ 
ကျွန်တော်တို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် တစ်ချိန်က အာရှကျားတစ်ကောင်ဟု ဆိုရလောက်အောင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံမှ ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံစာရင်းဝင်သွားခဲ့ရခြင်းမှာ ခေတ်အဆက်ဆက်အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်ဟု ယေဘုယျဆိုနိုင်သော်လည်း အဓိကအချက် မှာ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူ (အစိုးရနှင့် အမြင်မတူ၍ လက်နက်ကိုင်ပုန်ကန်သူများ အပါ အ၀င်)များကြောင့် နိုင်ငံ၏ဒေသအနှံ့အပြားတွင် မငြိမ်မချမ်းဖြစ်ခဲ့ရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်း၊ ၎င်းပုန်ကန်သောင်းကျန်းသူများအား နှိမ်နင်းရန် ဆောင်ရွက်နေရသဖြင့် လူ့စွမ်းအား အရင်းအမြစ်အပါအ၀င် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြင့် အဘက်ဘက်မှ နောက်ကျကျန်ခဲ့ခြင်းများ ဖြစ်ခဲ့ရသည်။ အထူးသဖြင့် “ကြွက်မနိုင် ကျီမီးနှင့်ရှို့” ဆိုသလို အစိုးရကို တော်လှန်ပုန်ကန်၍ အဆင်မပြေ တိုင်း အစိုးရ၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သောင်းကျန်းသူအဖွဲ့များမှ နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီးခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ပင် သမ္မတကြီးဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ေ ဆာင်ရေးဦးစီးကော်မတီနှင့် ဒုတိယသမ္မတ ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော် မတီကို ဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးအား ငြိမ်းချမ်းရေးဖိတ်ခေါ် ဆောင် ရွက်ခဲ့ရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘော တူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ 
အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့သည့်အဖွဲ့များတွင် တစ်ချိန်က ဘိန်းဘုရင်ယွက်ဆစ် ဟုကျော် ကြားသော ယခုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် ဆိုသူ၏ RCSS/SSA အဖွဲ့သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ လက် မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ထို့နောက် အစိုးရ၏ ထာဝရငြိမ်းချမ်းရေးရရှိရန် စီစဉ်ဆောင်ရွက်မှုအရ ယွက် ဆစ်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၃ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်လက်ခံတွေ့ဆုံခဲ့ပြီး နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချပြဆွေးနွေးခဲ့ပါသည်။ ယွက်ဆစ်အနေနဲ့လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန်ဖိတ်ခေါ်ခဲ့ပြီး ရင်းနှီးစွာ ကြိုဆိုခဲ့သည့်အတွက် သမ္မတကြီးကို ကျေးဇူးတင်ရှိပါကြောင်း၊ သမ္မတကြီး၏ငြိမ်းချမ်းရေးဖော်ဆောင်မှုများ အောင်မြင်စေရန်အတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်လိုပါကြောင်း၊ သမ္မတကြီး ၏ ပြောကြားချက်များကြောင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များရှင်သန်လာပါကြောင်း၊ မိမိတို့ အနေဖြင့် လက်နက်ကိုင်တိုက်ပွဲများဆင်နွှဲနေရခြင်းသည် ပြည်ထောင်စုကြီးမှ ခွဲထွက်ရန် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်များ ရရှိရန်၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရန်နှင့် ပြည်သူအားလုံး လက်တွဲပါဝင်ဆောင် ရွက်ရန်ကိုသာ မျှော်လင့်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ဤပုံစံအတိုင်းဆိုလျှင် ရှမ်းပြည်နယ်ကြီး တစ်ခုလုံး အေးချမ်းဖွံ့ဖြိုးတစ်ဟုန်ထိုးတိုးတက်လာတော့မည့် အရိပ်လက္ခဏာအဖြစ် မြင်ယောင်ဝမ်း သာနေမိပါသည်။ 
သို့သော် ကြားသိလာရသည့်သတင်း၊ တွေ့ရှိလာရသော အထောက်အထားများအရ ယွက်ဆစ်၏ ငြိမ်းချမ်းရေးလက်ခံဆောင်ရွက်မှုများသည် အစစ်အမှန်မဟုတ်ဘဲ ဖက်ဒရယ်မူအား တစ်လွဲယူဆကာ (၎င်း တို့လိုချင်သောပုံစံဆွဲယူကာ) “တစ်ဗိုလ်တစ်မင်း” “တစ်တောတစ်ကြက်ဖ” လုပ်ချင်သည့်စိတ်ကို ဖော်ပြနေ ပေသည်။ ယွက်ဆစ်၏သမိုင်းကြောင်းမှာလည်း နိုင်ငံရေးခံယူချက်ကြောင့် အစိုးရနှင့် သဘောထား မတိုက်ဆိုင်သဖြင့် လက်နက်စွဲကိုင်တော်လှန်ပုန်ကန်ခဲ့သူမဟုတ်ဘဲ စီးပွားရေးအရ ဘိန်းကုန်ကူး၍ စီးပွား ရှာ ရန်၊ ဒေသခံပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးနိုင်ရန် လက်နက်ကိုင်ရာမှ စီးပွားရေးနှင့် အင်အား တောင့်တင်းလာသောအဖွဲ့ဖြစ်ပါသည်။ အင်အားထောင်ဂဏန်းမျှသာရှိသောအဖွဲ့ဟု သိရှိရပါ သည်။ ယခင် အစိုးရအဆက်ဆက် အတတ်နိုင်ဆုံး တိုးတက်ဆောင်ရွက်မှုများနှင့် လက်ရှိပြည် သူများက ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရတို့၏ မှန်ကန်သော ဦးစီးဆောင်ရွက်မှုများရှိနေပါလျက် ၎င်းတို့ကို ၎င်းတို့ ရှမ်းပြည် နယ်ပြန်လည် ထူထောင်ရေးကောင်စီဟု ကင်ပွန်းတပ်ကာ ငြိမ်းချမ်းရေး အတုအယောင်အရေခြုံ၍ အဓမ္မ ဆက်ကြေး ကောက်၊ လူသစ်စုဆောင်းနေကြောင်း တွေ့ရှိရပါသည်။ ဆက်ကြေးကောက်သည်ကိုပင် ၎င်းတို့ အဖွဲ့အား တရားဝင်အဖွဲ့အစည်း အသွင်ဆောင်ကာ စာရွက်စာတမ်းများဖြင့် ကောက်ခံဆောင် ရွက်နေကြောင်း တွေ့ရှိရ ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် သားဆိုးတစ်ယောက်အပေါ် မိဘက ခွင့်လွှတ်စိတ်ထား၍ ထိန်းကျောင်း ပြုပြင်နေသကဲ့သို့ လမ်းမှန်ပေါ်ရောက်အောင် သည်းခံခွင့်လွှတ် ဆွဲခေါ်နေခြင်းဖြစ် ပါသည်။ 
ဤကဲ့သို့ နိုင်ငံတော်အစိုးရက သည်းခံခွင့်လွှတ်နေသည်ကို အခွင့်ကောင်းယူ၍ လူသစ်စုဆောင်း ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ရက် စွဲဖြင့် မူဆယ်ရိုးမဘဏ် မန်နေဂျာထံသို့ ဆက်ကြေးငွေကျပ်သိန်းတစ်ရာ (၁၀,၀၀၀,၀၀၀)ပေးဆောင် ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတောင်ပိုင်း သျှမ်းပြည်တပ်မတော်စစ်ဒေသ၊ ၇၀၁ မှ ဒုမှူးကြီး အဆင့်ရှိ စွမ်မိဏ်း အမည်တပ်ကာ အဖွဲ့အစည်းတံဆိပ်ပါ စာရွက်ဖြင့် တရားဝင်သဘောမျိုးတောင်းခံခဲ့ပါ သည်။ ထိုမျှမကသေး SSA ယွက်ဆစ်အဖွဲ့သည် မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ ဆိုက်ခေါင်၊ ဘန်းယဉ် ခွင် အတွင်းရှိ မိုက်ညုစံ၊ ဟိုလှိုင်၊ ဟိုပုံး၊ ဟန်နား၊ နားလော့၊ ကုန်းလေမုတ်ကျေးရွာများမှ ကျေးရွာအုပ်စု ကော်မတီဝင်များ၊ ကျောင်းဆရာများ၏ ကိုယ်ရေးအချက်အလက်များနှင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း ယောက်ျားများအား လက်ရှိနေထိုင်မှု၊ ထိုင်းနိုင်ငံသွားရောက်မှု စသည်တို့အား သန်းခေါင်စာရင်းပုံစံဖြင့် တောင်းခံလျက်ရှိပါသည်။ ဆက်ကြေးကောက်ခံမှုတွင် ၂၀၁၃ခုနှစ် အခွန်ငွေဟု သုံးနှုန်းထားပြီး လူဦးရေနှင့် ကိုယ်ရေးအချက်အလက်များအား သန်းခေါင်စာရင်းပုံစံဖြင့် ကောက်ယူနေခြင်းမှာ ရှမ်းပြည်နယ်တွင် ၎င်းတို့ အဖွဲ့သည် တရားဝင်အာဏာပိုင်အဖွဲ့အဖြစ် ပြည်သူများအမြင်မှားစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။ 
ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအစိုးရ ရှိသကဲ့သို့ ခွဲဝေပေး ထားသော အခွင့်အာဏာအတွင်းမှ စီမံကွပ်ကဲအုပ်ချုပ်ရသည့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရ အဖွဲ့များ ဖွဲ့စည်းထားရှိရာ ရှမ်းပြည်နယ်တွင် တရားဝင်အာဏာရအဖွဲ့အစည်းမှာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဖြစ်ပြီး အခွန်ကောက်ခံခြင်း၊ သန်းခေါင်စာရင်းကောက်ခံခြင်းတို့မှာ အစိုးရအဖွဲ့၏လုပ်ငန်းတာဝန်သာ ဖြစ်သည်။ ရှမ်းပြည်နယ်တစ်ခုလုံး နိုင်ငံ၏အခြားဒေသများနှင့်တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စု အစိုးရမှလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရမှလည်းကောင်း အစွမ်းကုန်ကြိုးစားဆောင်ရွက် လျက်ရှိရာ SSA ယွက်ဆစ်အဖွဲ့မှ ဆောင်ရွက်စရာ အကြောင်း(လုံးဝ)မရှိပေ။ ဤသို့ ဆောင်ရွက်နေခြင်းမှာ ၎င်းတို့၏ဘ၀ ရှင်သန်စေရေး၊ ၎င်းတို့အဖွဲ့အစည်း ဆက်လက်ရပ်တည်နိုင်ရန် ပြုမူနေကျအပြုအမူ၊ ဆောင်ရွက်နေကျ လမ်းစဉ်ကို မစွန့်လွှတ်ဘဲ ပြည်သူကို ဗိုလ်ကျစိုးမိုးပြီး အနိုင်ကျင့်ကုပ်သွေးစုပ်နိုင်ရေး အတွက် အစိုးရကို ခုတုံး လုပ် ပြည်သူကို တစ်ပတ်ရိုက်နေခြင်းဖြစ်သည်။ 
SSA ယွက်ဆစ်အဖွဲ့မှာ လက်ရှိအစိုးရမှ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးဆုံး ဆောင် ရွက်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရန် ဆောင်ရွက်နေမှုများထဲမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မျှသာဖြစ်သည်။ ရှမ်းပြည်သူလူထုအား လှည့်စားရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီအဖြစ် ကင်ပွန်းတပ်ပြီး တစ်ဖက်တွင် အယောင်ဆောင်ငြိမ်းချမ်းရေးဆောင်ရွက်လျက် အခွင့် အရေး ယူကာ အခြားတစ်ဖက်၌ ဆက်ကြေးကောက်၊ လူသစ်စုခြင်းကို တရားဝင်သဘောမျိုးဖန် တီးနေခြင်း ပင် ဖြစ်ပေသည်။ သို့သော် ရှမ်းပြည်သူလူထုသာမက တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကပါ SURA ဘိန်းဓားပြ ယွက်ဆစ်အဖွဲ့၊ ရှမ်းပြည်သူလူထုအား ခေါင်းပုံဖြတ်ဆက်ကြေးကောက် ဒုက္ခပေးနေသည့်အဖွဲ့ဟု သိရှိထား ရာမှ သဘောထားကြီးမားလှသော သမ္မတကြီး၏ ငြိမ်းချမ်းရေးလမ်းစဉ်ကြောင့် နေရာရလာမှုကို အလွဲ သုံးစားပြုလုပ်နေခြင်းသာဖြစ်ကြောင်း သဘောပေါက်နေကြပြီဖြစ်သည်။ 
SSA ယွက်ဆစ်အနေဖြင့် မည်သည့်အဖွဲ့အစည်းနာမည်အား အသုံးပြု၍ ငြိမ်းချမ်းရေးအကြောင်းပြ ဆောင်ရွက်နေစေကာမူ ပြည်သူလူထု၏ စိတ်ဝယ် “ချိုးယောင်ဆောင်သောကျီး” အဖြစ်သာ ရှုမြင်လျက်ရှိပါ ကြောင်း-----။
မောင်ခင်မင်(လယ်တောသား)

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)